(လောအယ်စိုး)
မေလ ၂၁၊ ၂၀၁၄။
ဩဂုတ်လ ဆိုတာကတော့ အမေရိကန်၊ ဘတ်ဖလိုးမြို့ရဲ့ နွေနှောင်းပိုင်းရာသီတခုပါ။ ဒါပေမယ့် သာယာတဲ့ နွေရက်တစ်ရက် တည်းဆိုတာကိုတော့ ဘယ်လိုမှ ငြင်းလို့ မရပါဘူး။ နံနက် (၇)နာရီကတည်းက ဇနီးသည်နဲ့အတူ ကျနော်ဆေးရုံကို ရောက်နှင့် နေတာပါ။ သတ်မှတ်ထားသော မွေးဖွားရမယ့်ရက်ထက် တစ်ရက်ကျော်လွန်နေပါပြီ။ ဒါပေမယ့် အကောင်းဆုံးသောအချိန်မှာ ကျနော်တို့နှစ်ဦးရဲ့ ရင်သွေးလေး ဤကမ္ဘာကို ရောက်လာလိမ့်မယ်ဆိုတာကို ကျနော်တို့နှစ်ယောက် အပြည့်အဝ ယုံကြည်နေပါ တယ်။
နံနက်ပိုင်းကနေ မွန်းလွဲပိုင်းကို ရောက်သွားသလို ကျနော့်ဇနီးသည်ရဲ့ နာကျင်မှုဟာ တစ်စတစ်စ ပို၍ ပြင်းထန်လာပါတယ်။ ဘေးနားမှာထိုင်ပြီး နှစ်သိမ့်အားပေးမှုပြုခြင်း၊ ဆုတောင်းပေးမှုကလွဲရင် ကျန်တာ ကျနော်ဘာမှ မစွမ်းဆောင်နိုင်ပါဘူး။ ကမ္ဘာဦး ခေတ်ကတည်းက မိခင်များ မလွဲမသွေ ကျော်ဖြတ်ခဲ့ရသော ခက်ခဲကြမ်းတမ်းလှတဲ့ မုန်တိုင်းကာလတစ်ခုပါ။ ရင်သွေးငယ်အ တွက် မိခင်တွေ ပေးဆပ်တိုက်ပွဲဝင်ရသော အချိန်အခါ မဟုတ်ပါလား။ နောက်ဆုံး ကြည်လင်ချိုမြတဲ့ ကလေးရဲ့ဟစ်ကြွေးခြင်း၊ ဒါမှမဟုတ် ငိုသံကို ကြားလိုက်ရတဲ့အခါ အသီးသီးသော မိခင်တွေဟာ ပြင်းထန်နာကျင်လှသော ဝေဒနာများကို မေ့လျော့သွား ပြီး သမီး သို့မဟုတ် သားငယ်ရဲ့ ရွှန်းလဲ့တဲ့မျက်နှာကို တွေ့မြင်လိုစိတ်သာ ပြင်းပြတတ်ကြပါတယ်။
သို့ပေမယ့် တခါတရံမှာတော့ ဒီမုန်တိုင်းကာလအတွင်း မိခင် သို့မဟုတ် ရင်သွေးငယ် တစ်စုံတစ်ဦး ဖိတ်စင်မှုတွေနဲ့ ကြုံတွေ့ရ ခြင်းဟာလည်း ဒုနဲ့ဒေးပါပဲ။ နှစ်ဦးစလုံး ဆုံးရှုံးသွားခဲ့မှုတွေ ရှိတဲ့အခါ ဖြေမဆည်နိုင်အောင် အသီးသီးသော မိသားစု၊ မောင်နှမ တွေ ကြုံတွေ့ခံစားရပါတယ်။ ဝမ်းနည်းမှုတွေနဲ့ပဲကြုံကြုံ၊ ကြည်နူးမှုတွေနဲ့ပဲ ထွေးပွေ့ထားစေကာမူ ဤသားဖွားခြင်းဝေဒနာ တိုက်ပွဲကို ကျနော်တို့ မိခင်တွေ၊ ဇနီးတွေ မလွဲမသွေ ဖြတ်သန်းခဲ့၊ ဖြတ်သန်းရဆဲပင် မဟုတ်ပါလား။
ဒီရင်သွေးလေး ကမ္ဘာမြေပေါ်ကို မရောက်ခင်ကတည်းက မိဘတွေဟာ ရည်မှန်းချက်အသစ်တွေ၊ အရင်ကနဲ့ မတူတော့တဲ့ လော ကကြီးနဲ့ မိမိရဲ့ပတ်ဝန်းကျင်အပေါ် ထားရှိသော စိတ်နေစိတ်ထား ပြောင်းသွားတတ်တာမျိုးတွေ ရှိပါတယ်။ အထူးသဖြင့် မိခင် တွေဟာ မိမိအရေးထက် လူမမယ် ရင်သွေးလေးတွေရဲ့ အရေးအရာတွေကို အမြဲတမ်း နံပါတ်တစ်နေရာမှာ အမြဲတမ်း ဦးစားပေး လျက်ရှိလာပါတယ်။ မွေးကာစ နီတာရဲ သားငယ်လေးကို ကြာကြာထွေးပွေ့ခွင့်တောင် မရသေးဘဲ ဆရာကြီးမြသန်းတင့်ဟာ အကျဉ်းစံဘဝနဲ့ ကိုကိုးကျွန်းပေါ်မှာ နှစ်ပေါင်း ကြာရှည်စွာ မိမိရဲ့ ယုံကြည်မှုအတွက် စတေးခဲ့ရပါတယ်။
ဆရာကြီးဟာ မိမိရဲ့ မိသားစုနဲ့ မွေးကင်းစ ရင်သွေးလေးအပေါ် ပြင်းထန်လှတဲ့ လောကမုန်တိုင်း ရိုက်ခတ်မှု၊ နွမ်းလျနာကျင်စရာ ကဗျာတွေကို မရေးစပ်ခဲ့ဘဲနဲ့ အလွန်မှ တန်ဖိုးကြီးလှသော စာကောင်းပေမွန်တွေကို အကျဉ်းစံဘဝမှာ ပြုစုပြန်ဆို ရေးသားခဲ့ပါ တယ်။ ဒီစစ်နဲ့ ငြိမ်းချမ်းရေး ဘာသာပြန်ဝတ္ထုကြီးဟာ ဆရာတစ်ယောက် ကိုကိုးကျွန်းပေါ်မှာ အကျဉ်းကျစဉ်အတွင်း ဘာသာပြန် ခဲ့ခြင်းလို့ သိရပါတယ်။ အဲ့ဒီအချိန်တုန်းက ဆရာဟာ မိမိရဲ့ လူမမယ် ရင်သွေးလေးကို မြန်မာနိုင်ငံ အနာဂတ် မျိုးဆက်သစ်တွေ အတွက် တန်ဖိုးကြီးလှသော မွန်မြတ်လှတဲ့အရာတစ်ခုကို လုပ်နိုင်ခဲ့ပါတယ်။ ပုဂ္ဂလိက နာကျင်ခံစားချက်များကို စွမ်းအားအဖြစ် ပြောင်းလဲနိုင်ခဲ့တဲ့ မြန်မာနိုင်ငံက စံပြပုဂ္ဂိုလ်တစ်ဦးပါ။
“၁၉၇၀ကျော် ကာလတုန်းကပေါ့။ ငါက အသက်ကလည်းငယ်ငယ်၊ အားတွေမာန်တွေနဲ့ အပြည့်ပေါ့ကွာ။ စစ်တိုက်ထွက်မယ် ဆိုတော့ တကယ့်ကို တက်တက်ကြွကြွနဲ့ပေါ့” မီးပုံဘေးမှာထိုင်ရင်း ကရင်အမျိုးသား စစ်ပြန်ကြီးတစ်ဦးနဲ့အတူ တစ်ခုသော ကာလမှာ ကျနော်တို့နှစ်ယောက် စကားလက်ဆုံကျခဲ့ကြပါသည်။ အခုတော့ အဖိုးအိုသည် ခုနှစ်ဆယ်ကျော်သော ဇရာလွန်ပိုင်း သို့ ရောက်နေပြီးဖြစ်ပါတယ်။ ၂၀၀၁ခုနှစ်အတွင်း မိတ်ဆွေတစ်ဦးနှင့်အတူ ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းတစ်ခုမှာ အဖိုးအိုနှင့် ကျနော် သိကျွမ်းရင်းနှီးခဲ့ရပါတယ်။
တွေ့ကြုံဖြတ်သန်းမှုကလည်း များသလို စကားအပြောအဆို ကောင်းလှသော အဖိုးကြောင့် ကျနော်လည်း အဖိုးပြောသမျှကို ဝတ္ထုတစ်ပုဒ် ဖတ်ရသလို ရုပ်ရှင်ပိတ်ကားကြီးပေါ်က ဇာတ်ကားကောင်းကောင်းကြီးတကားကို ကြည့်နေရသလိုမျိုး ခံစားခဲ့ရပါ တယ်။
“တို့တတွေ ကော့ကရိတ်မြို့ထဲမှာ သုံးလေးနာရီလောက် ကြာတာကွ။ စစ်ဆင်ရေးအရ လုပ်သင့်လုပ်ထိုက်တာတွေ ဖျက်ဆီး ထိုက်တာတွေ ဖျက်ဆီးပေါ့ကွာ။ လူအင်အားက ၂၀ဝနီးပါးလောက် ရှိတယ်။ ပြီးတာနဲ့ ပြန်ဆုတ်ဖို့ ကျွဲချိုမှုတ်သံလည်း ကြားပြီး မီးကျည်ဖောက်တာတွေကို မြင်နေရပြီဆိုတော့ ငါတို့လည်း သတ်မှတ်ထားတဲ့နေရာကို အချိန်မှီ မြို့ထဲကနေ ပြန်ဆုတ်တာပေါ့။ ဘာမှအထိအခိုက်မရှိဘူး။ မြို့အထွက်မှာ ကျည်အကပ်လိုက်နဲ့ လှမ်းပစ်လိုက်တဲ့ ရန်သူတွေရဲ့ လက်နက်အသံကို ငါကြားလိုက် တယ်။ “ဟာ” ပြီးတော့မှ ထိသွားပြီး။ အဲဒီတုန်းက ဘယ်သူမှန်း မသိသေးဘူး။ ဆုံရပ်ကိုရောက်မှ ငါအရမ်းကို စိတ်မကောင်းဖြစ် သွားတယ်။ ဒီစစ်ဆင်ရေးကို ဦးဆောင်တဲ့ ငါတို့ရဲ့ဗိုလ်ကြီး ဖြစ်နေတယ်ကွာ။ သူ့ကိုယ်ခန္ဓာတစ်ခုလုံးမှာ ကျည်ဆံဒဏ်ရာတွေ ဗရပွနဲ့ပေါ့။ သူက ခေါင်းဆောင်ကောင်းပီပီ အနောက်ကနေ ပြန်ပြီးအဆုတ် ကွပ်ကဲနေတုန်း ရန်သူက ရမ်းပြီး ပစ်လိုက်တဲ့ ကျည်ဆံနဲ့ ထိသွားတာ” ငြိမ်လို့ ကျနော်နားထောင်နေမိပါတယ်။
စစ်ပြန်အဖိုးအိုကြီး ထိုအကြောင်းကို ပြောပြနေရင်း ဝမ်းနည်းမှု၊ ခံစားမှု အရိပ်အရောင်များ သူ့ရဲ့ မျက်ဝန်းထဲမှာ ထင်ဟပ်လာ သည်ကို ကျနော် မြင်တွေ့ ခံစားလိုက်ရသည်။ “ဆေးမှူးက သူ့ရဲ့ခန္ဓာကိုယ်က သွေးတွေကို သုတ်ပေးတယ်။ သက်သာရအောင် ကိုယ်ခနဓာအနေအထားကို အဆင်ပြေအောင် ထားပေးတယ်။ ငါတို့နဲ့အတူ ရဲဘော်တွေက ဝိုင်းပြီး သူ့ကို စိတ်မကောင်းခြင်း ကြီးစွာနဲ့ ကြည့်နေရုံကလွဲပြီး ဘာမှမတတ်နိုင်ကြဘူး”
“ဆေးမှူး ကျနော့်ကို ဂလူးကို့စ်တစ်ခွက်လောက် ဖျော်ပြီး တိုက်ပါ။ နံနက်ခင်းရဲ့ နေရောင်ခြည်အောက်မှာ ငါတို့တတွေ အဲဒီမနက် မရွှင်လန်းနိုင်ခဲ့ကြဘူး”။
“ဗိုလ်ကြီး ဒီဒဏ်ရာနဲ့ ရေသောက်လို့ မရဘူးလေ” ဆေးမှူးက စိတ်မကောင်းစွာနဲ့ သူ့ကို ပြန်ဖြေတော့ သူက “ဆေးမှူး ကျနော့်အ ခြေအနေ ကျနော်သိတာပေါ့။ ကျေးဇူးပြုပြီး ဂလူးကို့စ်လေး ကျနော့်ကို တိုက်ပါ။ ရှိသမျှ ခွန်အားလေးနဲ့ ညှစ်ထုတ်ပြီး ပြောရှာ တယ်။ ငါတို့တတွေရဲ့ မျက်လုံးတွေကို ဆေးမှူးကကြည့်ပြီး သူ့ခမျာ ပလပ်စတစ်နဲ့ ထုတ်ထားတဲ့ ဂလူးကို့စ်လေးကို ရေဘူးထဲက ရေနဲ့ မတ်ခွက်ထဲမှာ ဖျော်ပြီး ဗိုလ်ကြီးကို တိုက်တယ်။ ရှိသမျှအားလေးနဲ့ သူ့ခမျာ အတော့်ကို ရေဆာတယ်ထင်တယ်။ ဂလူး ကို့စ်လေးကို ငါတို့ရဲ့ ဗိုလ်ကြီး အငမ်းမရ သောက်ရှာတယ်။ မကြာခင် မိနစ်ပို်င်းအတွင်းမှာပဲ သူ အသက်ထွက်သွားတယ်။ ငါအ ရမ်းကို စိတ်ထိခိုက်သွားတယ်။ မာကျောခက်ထန်တဲ့ စစ်သားရဲ့ နှလုံးသားဆိုပေမယ့် ငါရှိုက်ကြီးတငင် မငိုမိအောင် မနည်းထိန်း ထားရတယ်။ ငါ့ရင်ထဲမှာ ပြင်းပြင်းထန်ထန် ကြေကွဲခြင်းများစွာနဲ့ ငါငိုကြွေးခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ ငါတို့ ရှေ့တန်းမ ထွက်ခင် ဗိုလ်ကြီးရဲ့ဇနီးသည်ဟာ မွေးကင်းစ သားငယ်လေးကို ချီပြီး သူ့ခမျာ ရှေ့တန်းထွက်မယ့် ခင်ပွန်းသည်ကိုလာပြီး နှုတ် ဆက်တာကို ငါမြင်ခဲ့တယ်”
စစ်ပြန်အဖိုးအိုဟာ ကျနော်တို့နှစ်ဦးသားလုံနေသော မီးပုံကို ဝါးတုတ်လေးနဲ့ ဆွနေပြီး သူဖြတ်သန်းခဲ့ရတဲ့ ဘဝအစိတ်အပိုင်းထဲ က အဖြစ်အပျက်တစ်ခုကို ကျနော့်အား စိတ်မကောင်းစွာဖြင့် ပြောပြနေခြင်း ဖြစ်ပါတယ်။
ရင်သွေးရတနာများဟာ မိဘအသီးသီးရဲ့ သားသမီးများ၊ ဘဝတွေပါပဲ။ တန်ဖိုးကြီးသော ပေးဆပ်မှုတွေကို ပေးရမည်ဆိုရင် မိဘတို့က ပေးဆပ်ဖို့အသင့်ရှိကြတယ်။ အချို့ထောင်တွေမှာ အကျဉ်းကျနေတဲ့ သားတွေ၊ မရောက်သင့်၊ မသွားအပ်တဲ့ နေရာ တွေမှာ ရောက်ရှိနေပြီး မိမိတို့၏ ဘဝတစ်ခုလုံးကို ရေစုန်မျှောပစ်လိုက်တဲ့ သမီးတွေအတွက် ငိုကြွေးကြေကွဲနေကြတဲ့ မိဘတို့ရဲ့ ခံစားမှုတွေကို မိဘတို့အချင်းချင်းသာ ပို၍ စာနာနားလည်နိုင်ကြပါလိမ့်မယ်။
ယုံကြည်မှုကြောင့်ဖြစ်စေ၊ ဘဝရပ်တည်မှုကြောင့်ဖြစ်စေ၊ စစ်မြေပြင်မှာ ကြွေလွင့်သွားကြတဲ့ သားသမီးတို့ရဲ့ မိခင်ဖခင်များရဲ့ ကြေကွဲမှုတွေကို တိုင်းတာနိုင်ပါတယ်။ ဆယ်စုနှစ်ခြောက်စုကျော် တောက်လောင်ခဲ့တဲ့ ကျနော်တို့နိုင်ငံရဲ့ ပြည်တွင်းစစ်မီးမှာ အသီးသီးသော မိခင်ဖခင်တို့ရဲ့ အသဲညှာရင်သွေးများ ကြွေလွှင့်ဆုံးရှုံးခဲ့ကြရတယ်။ ရပ်တည်တဲ့ ခံယူချက်တွေအတွက် ပေးဆပ် ခဲ့တဲ့ လူတွေရဲ့အသက်၊ အသုံးချခံခဲ့ရတဲ့ သားသမီး၊ ရတနာအသီးသီးတို့ရဲ့ အသက်သွေးတို့ဟာ လွတ်လပ်ရေးရပြီးခါစ ကျနော် တို့တိုင်းပြည်ရဲ့ ပြန်လည်ထူထောင်ရေးများထက် အချင်းချင်းဖြစ်သော ပဋိပက္ခများအတွင်း ပေးဆပ်စတေးခဲ့ရပါတယ်။
ဒါ့အပြင် ဆယ်စုနှစ် သုံးစု သို့မဟုတ် နှစ်စုကျော်ကျော်ကာလအတွင်း အကျဉ်းစံတွေအဖြစ် နေထိုင်ခဲ့ကြတဲ့ နိုင်ငံရေးအညွန့်အဖူး တို့ရဲ့ ခါးသီးတဲ့ အတွေ့အကြုံတွေကို အနာဂတ်မျိုးဆက်သစ်တွေ ဆက်၍ မကြုံတွေ့စေချင်တော့ပါ။ မြန်မာပြည်တစ်ဝှမ်း တောင် တန်းဒေသ၊ နယ်စပ်၊ ပြည်မ၊ ကမ်းရိုးတန်းက အသီးသီးသော မိသားစုဝင်တွေဟာ ပြည်တွင်းစစ်မီး ပြင်းထန်တောက်လောင်တဲ့ ကာလမှာ မတူညီသော အသွင်သဏ္ဍာန်အမျိုးမျိုးနဲ့ ပဋိပက္ခတွေရဲ့ သားကောင်တွေ ဖြစ်ခဲ့ကြပါတယ်။ ထိုအနိဋ္ဌာရုံ ပဋိပက္ခတွေ ဘယ်အချိန်မှာ ရပ်ဆိုင်းသွားမှာလဲ။
အကျဉ်းတန်တဲ့ သမိုင်းအဖြစ်အပျက်တွေ၊ မြန်မာ့သမိုင်း စာမျက်နှာအသစ်တွင် ဆက်၍ မမြင်ချင်တော့ပါ။ မတင်လိုတော့ပါ။ ဆက်၍ ရှိနေခြင်းလည်း မသင့်တော့ပါ။ အသီးသီးသော မြန်မာပြည်တွင်းရှိ ခေါင်းဆောင်များမှ သာမန်ပြည်သူများအထိ တာဝန် ကိုယ်စီရှိတယ်လို့ ကျနော် ခံယူပါတယ်။ ပြန်လည်သင့်မြတ်ရေးကာလအတွင်း ရိုးသားဖြောင့်မတ်သော၊ စစ်မှန်သော မေတ္တာအ ရင်းခံနဲ့ အဖြေရှာခြင်းဖြင့် တောက်လောင်နေတဲ့ အမုန်းမီးလျံတွေကို ကျနော်တို့ တနည်းနည်းနဲ့ ငြိမ်းသတ်ကြရပါမယ်။
ပါးပြင်ပေါ်မှာ မခြောက်သေးတဲ့ အသီးသီးသော မိဘတို့ရဲ့ နာကျင်တဲ့မျက်ရည်တွေကို ကိုယ်ချင်းစာတဲ့ နှလုံးသားတွေနဲ့ နားလည် တတ်ဖို့ ကျနော်တို့ရဲ့ နှလုံးသားတံခါးတွေကို ဖွင့်ပေးကြဖို့ အချိန်တန်ပြီမို့ အနာဂတ်ရဲ့ ပျိုးပင်လေးတွေကို အနှောင်အဖွဲ့ကင်းကာ လွတ်လပ်စွာဖြင့် ရှင်သန်ခွင့် ပေးလိုက်စေချင်ပါတော့တယ်။