(လောအယ်စိုး)
စက္ကန့်မှ မိနစ်၊ မိနစ်မှ နာရီသို့ပြောင်းကာ အချိန်ဟူသော ယန္တရားကြီးဟာ လူသားတွေရဲ့ သမိုင်းစဉ်နဲ့အတူ တစ်ထပ်တည်း တိုင်ပင်မှန်မှန်လေး ရွေ့လျား၍နေလေပါတယ်။
“ဟေး ….. ငါတောင် အသက်လေးဆယ်ကျော် သွားပြီကွ” ဆိုပြီး မိမိကိုယ်ကိုလည်း အံ့ဩနေမိတယ်။ မည်သို့မည်ပုံ အကျော်၊ အကွေ့၊ အတက်၊ အဆင်း မျိုးစုံနေတဲ့ ဘဝခရီးစဉ်အတွင်း ဒီလေးဆယ့်သုံးနှစ်တာ ကာလကြီးကို ဘယ်လိုဖြတ်သန်းလာခဲ့သလဲ လို့ ကိုယ့်ကိုယ်ကို ပြန်မေးကြည့်မိတယ်။
အချိန်နဲ့ဇရာဆိုတာ တစ်ဦးစီသော လူသားတို့ထံ အသံမပေးဘဲ တိတ်တဆိတ်လေး ဝင်ရောက်ချဉ်းနင်းလာတတ်ပါတယ်။ အနိစ္စ သဘောအရ အဘယ်သူတစ်ဦးကိုမျှ ရာခိုင်နှုန်းတော်တော်များများ အသံပေးခြင်းမရှိဘဲ အလည်အပတ်ရောက်လာပြီး သူ့ရဲ့ ခရီး သွားအဖော်အဖြစ် လူသားတွေကို ရုတ်တရက် ခေါ်ဆောင်သွားတတ်ပါတယ်။
ခြောက်နှစ်ကျော်ကျော် ကျနော်ကြုံတွေ့ခဲ့ရတဲ့ မမေ့နိုင်သော အဖြစ်အပျက်လေးတစ်ခု ကျနော့်အတွေးအာရုံထဲ တစ်ခါတစ်ရံ ရောက်လာနေပါတယ်။ လူသားတို့ရဲ့ မှတ်ဉာဏ်အသိဟာ လွန်စွာမှ ထူးခြားဆန်းကျယ် နက်နဲပါ၏။ မိမိ မတွေးချင်သော၊ မစဉ်း စားချင်သော အကြောင်းအရာတို့ဟာ တစ်ခါတစ်ရံ အတွေးစိတ်ကူးလေးထဲမှာ တရစ်ရစ်ဝဲ၍ ပေါ်လာတတ်ပါတယ်။ ကိုယ်စဉ်း စားလိုတဲ့၊ ကြည်နူးလက်ခံလိုတဲ့ အတိတ်အဖြစ်အပျက်တွေဟာလည်း အရသာရှိစွာ စိတ်ကူးပန်းချီလေးဆွဲနေစဉ်မှာပဲ အပ်ဖျား ထိသွားတဲ့ လေတင်းနေသော ပူစီဖောင်းကြီးလို “ဖောင်း”လို့တောင် အသံမမြည်နိုင်ဘဲ ပျောက်သွားတတ်ပါတယ်။
၂၀၀၈ခုနှစ်ရဲ့ ကြည်နူးစရာကောင်းလှသော ဇွန်လ၏ နွေရာသီနံနက်ခင်းပါ။ ဒီနေ့ ကျနော် စကားပြန် လုပ်ပေးရမယ့်နေရာက တော့ Buffalo မြို့ရဲ့ မိခင်နဲ့ကလေးဆေးရုံပါပဲ။ လူနာနံမည်ကတော့ “ရှားကူးလူ”ပါ။ ကျနော်ကိုယ်၌က ကရင်မျိုးဆက်သွေး ငါးဆယ်ရာခိုင်နှုန်းကျော် ပါဝင်နေပေမယ့် “ရှားကူလူ” ဆိုတဲ့ပုဂ္ဂိုလ်ဟာ အမျိုးသားလား၊ အမျိုးသမီးလား၊ ကလေးလား ကျနော် ရေရေရာရာ မသိ။ အတော်လေးကို နက်နဲတဲ့ ကရင်လူမျိုးအမည်နာမတစ်ခုလို့သာ တွေးမိပါတယ်။
အမေရိကန်နိုင်ငံ ဒီ Buffalo မြို့လေးဟာ ကဗျာဆရာ ကိုအောင်ဝေးစကားအရဆို ကျွဲဆည်ကန်လေးပေါ့။ ဗမာ၊ ချင်း၊ ရှမ်း၊ကရင် အားလုံးပေါင်းလိုက်ရင် လူဦးရေ နှစ်ထောင်ကျော်နေပါပြီ။ မြို့ထဲမှာ စက်ဘီးတွေ စီးနေတယ်။ ကရင်၊ ဗမာတွေကလည်း ၂၀၀၈ ဇွန်လကုန်ခါနီးကဆို အတော့်ကို များများလာပါတယ်။ ထိုင်းနိုင်ငံမှာရှိတဲ့ မယ်လ၊ အုန်းဖျန်၊ ထမ်းဟင်ဒုက္ခသည်စခန်းတွေက ကရင်ဒုက္ခသည်တွေဟာလည်း Buffalo မြို့လေးဆီ အပတ်တိုင်း တဖွဲဖွဲရောက်ရှိလာနေပါတယ်။ မလေးရှားကနေ ရောက်လာ တဲ့ ချင်းတိုင်းရင်းသားတွေဟာ အဲဒီကာလတုန်းက ဒီမှာ လူဦးရေတစ်ရာနီးပါးလောက် ရှိမယ်ထင်ပါတယ်။
ကဲ… စောစောက ဆေးရုံကိစ္စဆီ ပြန်ပြောရမယ်ဆိုရင်
လူနာနဲ့ စကားပြန်လုပ်ရမဲ့ ကျနော် ဆေးရုံရောက်ရမယ့်အချိန်က နံနက် ၁ဝနာရီပါ။ ကလေးဆေးရုံကြီးရဲ့ ပထမထပ်။ သူတို့ရဲ့ အခေါ်အဝေါ်ကတော့ Feeding Room ။ ကျနော်ကတော့ အစားအသောက်ကျွေးတဲ့ ဌာနလို့ပဲ အမည်တပ်ပါရစေ။ နံနက် ၁ဝနာ ရီခွဲအထိ လူနာက ပေါ်မလာသေးပါဘူး။ ဒါနဲ့ပဲ ကျနော်က ကျွေးမွေးခန်းရဲ့တာဝန်ရှိသူ အမျိုးသမီးကြီးကို နောက်ထပ် ကျနော် ဆယ့်ငါးမိနစ်အထိ ကျနော်ဆက်စောင့်မယ်။ လူနာမလာတော့ဘူးဆိုရင် ကျနော်ပြန်တော့မယ်လို့ သွားပြောလိုက်ပါတယ်။ သူက “OK”ပါ။ ကျနော် ဒီကို အချိန်မှီရောက်တဲ့အကြောင်း လက်မှတ်ထိုးပေးမယ်လို့ ဆိုပါတယ်။
အဲဒီအချိန်မှာ ဆေးရုံက အမျိုးသမီးကြီးတစ်ဦးရောက်လာပြီး လူနာဆေးရုံကို လာနေပါပြီ၊ နောက်ထပ် ဆယ့်ငါးမိနစ်အတွင်း ရောက်ပါတော့မယ်။ ကျေးဇူးပြုပြီး စောင့်ပေးပါလို့ပြောပါတယ်။ ဒါနဲ့ ကျနော် စောင့်လိုက်ပါတယ်။ မကြာပါဘူး။ အမေရိကန် အမျိုးသမီးကြီးတစ်ဦးနဲ့ ကလေးငယ်ကိုချီထားတဲ့ ကရင်အမျိုးသမီးကြီးတစ်ဦးတို့ အခန်းထဲ ကမန်းကတန်း ဝင်လာပါတယ်။
အမျိုးသမီးကြီး မနိုင့်တနိုင် ချီထားတဲ့ကလေးငယ်ကို ကြည့်လိုက်မိမှ ကျနော် စိတ်မကောင်းဖြစ်မိပါတယ်။
မွေးကတည်းက ကိုယ်အဂင်္ါချို့တဲ့ခဲ့တဲ့ ကလေးငယ်လေးပါ။ မိဘနဲ့ တစ်စုံတစ်ဦး အကူအညီမပါရင် သူ့ခမျာ ဘာတစ်ခုမှ လုပ် ဆောင်နိုင်စွမ်း မရှိပါဘူး။ ဒီကလေးငယ်ကတော့ အသက် ၈နှစ်အရွယ် “ရှားကူးလူ” ဆိုသူပါပဲ။ စကားမပြောတတ်၊ မွေးကတည်း က နားမကြားတဲ့အပြင် လမ်းလျှောက်နိုင်စွမ်းလည်း မရှိပါဘူး။ သူနာပြုဆရာမနဲ့ ကလေးအထူးကုဆရာဝန်ကြီးက နွေးနွေးထွေး ထွေး စိတ်ရှည်ရှည်နဲ့ ရှားကူးလူရဲ့မိခင်ကို မွေးကတည်းကနေ အသက်ရှစ်နှစ်အထိ ဘယ်လိုစားသောက်နေထိုင်သလဲဆိုတာမေး တော့ ကျနော် စကားပြန်လုပ်ပေးရပါတယ်။
ရှားကူးလူမှာ မွေးချင်းခြောက်ယောက်ရှိပါတယ်။ သူက နံပါတ် (၄)ပါ။ မယ်လဒုက္ခသည်ဆေးရုံမှာ သူ့ကိုမွေးပါတယ်။ ထူးဆန်း တာက သူ့ရဲ့မိခင်ဟာ သူမမွေးခင် တစ်ပတ်လောက်အလိုမှာ လမ်းလျှောက်လို့မရတော့ပါဘူး။ ရှားကူးလူကို မွေးပြီးမှ သူမ ခမျာ လမ်းပြန်လျှောက်နိုင်ပါတယ်။ မွေးလာတဲ့ ဒီရှားကူးလူလေးကလည်း မွေးကတည်းက ယနေ့အထိ လမ်းမလျှောက်နိုင်ပါဘူး။
ရှားကူးလူရဲ့မိခင်ဟာ အသက် ၄၂နှစ်ရှိပါပြီ။ သူမဟာ ကရင်ပြည်နယ်၊ ကျုံဒိုးမြို့နယ်၊ ပိတခါ့ကျေးရွာသူပါ။ ကျေးရွာမငြိမ်းချမ်းမှု ကြောင့် ဒုက္ခသည်စခန်းရောက်ပြီး နေထိုင်ခဲ့တာ ဆယ်နှစ်ကျော်ပြီလို့ ပြောပြပါတယ်။ ကလေးအထူးကုဆရာဝန်ကြီးကမေး တော့ ရှားကူးလူဟာ ယနေ့အထိ အစာကိုကြေညက်အောင် ဝါးစားနိုင်ခြင်းမရှိသေးဘဲ ထမင်းနဲ့ အသားအနည်းငယ်သာ ဝါး၍ စားနိုင်ကြောင်း၊ ပြီးတော့ သူ့ခမျာ အစားအစာကို မြိုချဖို့လည်း အရမ်းခက်ခဲကြောင်းနဲ့ စားသောက်နေစဉ်မှာလည်း အခန့်မသင့် ရင် အန်တတ်ကြောင်းလည်း မိခင်က ပြောပြပါတယ်။
ရှားကူးလူရဲ့ မိခင်ပြောပြချက်ကို ကျနော့်ဘာသာပြန်မှုကတစ်ဆင့် ဆရာဝန်ကြီးက ဂရုတစိုက်နားထောင်ပြီး ကလေးငယ်ကို ဘယ်လိုအစားအသောက်တွေ ဂရုတစိုက် ကျွေးမွေးရမယ်ဆိုတာကို ကျနော်ကနေ တစ်ဆင့်ပြောပြပါတယ်။ အစာကိုမချေနိုင်တဲ့ ရှားကူးလူလို ကလေးအတွက် အာဟာရမှုန့်တစ်မျိုးကိုသာ ထမင်းနဲ့ရောကြိတ်ပြီး ကျွေးရမယ်။ ပြီးတော့ အစာကို အနည်းဆုံး တစ်ရက်သုံးကြိမ် ကျွေးရမယ်လို့ ဆရာဝန်ကြီးက ဆိုပါတယ်။ ပြီးတော့ ကလေးအတွက် အာဟာရမှုန့်ဗူးနဲ့ စွပ်ပြုတ်ထဲမှာ ရောပြီး ထည့်ရမယ့် အာဟာရအရည် ၅ဗူးကိုပေးပါတယ်။
ဆရာဝန်ကြီးက ရှားကူးလူရဲ့ မိခင်ကို ကလေးငယ်ဟာ လေယာဉ်ပျံစီးပြီး မိုင်ထောင်ပေါင်း များစွာကွာဝေးတဲ့ ခရီးနဲ့ အမေရိကန် ကို ကျန်းမာစွာရောက်လာလို့ ဝမ်းသာပါတယ်လို့ ဆိုပါတယ်။ ပြီးတော့ ရှားကူးလူ ပုံမှန်စားရမယ့် အာဟာရမှုန့်အမည်ကို ရေး ပေးပြီး နောက်ထပ် နှစ်လလောက်ကြာရင် ဆေးရုံကို ထပ်မံပြီး လာခဲ့ပါလို့ဆိုပါတယ်။
ရှားကူးလူရဲ့ မိခင်ကို ဆရာဝန်ကြီးက ကြင်နာစွာ ကြည့်ပြီးတော့ ဘာများမေးဖို့ရှိသေးလဲလို့ မေးပါတယ်။ အဂင်္လိပ်လို နားမလည် တဲ့ ရှားကူးလူရဲ့မိခင်က ဆရာဝန်ကြီးပေးထားသော အာဟာရမှုန့်ဗူးနဲ့ အာဟာရအရည် ၅ပုလင်းကို ထိတ်လန့်စွာ ကြည့်ရင်းနဲ့ ကျနော့်ကို ကရင်လိုပြောလိုက်တဲ့စကားဟာ ဆရာဝန်ကြီးကို ဘာသာမပြန်ပေးနိုင်သေးချိန် ကျနော့်ရင်ထဲကို နင့်ကနဲ ခံစားစေခဲ့ ပါတယ်။
သူမက..”ကျမမှာ ဆရာဝန်ကြီးရောင်းတဲ့ ဒီပစ္စည်းတွေကို ဝယ်ဖို့ ငွေမရှိပါဘူးတဲ့” ကြင်နာတတ်တဲ့ ဆရာဝန်ကြီးဟာ ရှားကူးလူရဲ့ မိခင်ကြီးကို ရွှန်းလဲ့တဲ့ မျက်ဝန်း၊ နူးညံ့တဲ့အသံလေးနဲ့ ငွေကြေးအတွက် ပူလောင်သောက စိုးရိမ်မှုတွေကို ကျေးဇူးပြုပြီး သင့်ရဲ့ နှလုံးသားထဲက ထုတ်လိုက်ပါ။ အခု ညီမငယ်ရောက်နေတာ အမေရိကန်ပြည်ထောင်စုပါ။ မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံက ဒုက္ခသည် စခန်းတွေမှာ ကြုံတွေ့ခဲ့ရတဲ့ အိပ်မက်ဆိုးတွေကို မေ့လိုက်ပါ။ ဒီမှာ ကျနော်တို့ မေတ္တာနဲ့ ကြိုဆိုပြီး ဘဝအသစ်ကို လက်တွဲပြီး ကူညီခွင့်ပေးပါလို့ သူ့ရဲ့ နှလုံးသားကထွက်ကျလာတဲ့ စကားလုံးတွေက တစ်လုံးချင်းစီ ပွင့်အန်ထွက်လာပါတယ်။
ရှားကူးလူရဲ့မိခင်ကြီးဟာ ကြည်နူးဝမ်းသာလွန်းလို့ အသံကိုမထွက်နိုင်အောင် ကြိုးစားထိန်းပြီး ငိုပါတယ်။ ကျနော်နဲ့ ဆရာဝန်ကြီး တို့ မသိနိုင်တဲ့ သူမဘဝရဲ့ အမှောင်ဆုံးသောကာလက နှလုံးသားဒဏ်ရာတွေကို မျက်ရည်တွေနဲ့ ဆေးကြောပြီး ဌာနေသစ်မှာ မေတ္တာ၊ ဂရုဏာဆေးတွေနဲ့ အပြီးတိုင် ကုသခံရင်း ကျန်ရှိတဲ့ ဘဝတစ်လျှောက်လုံးအတွက် ခံယူမှုတွေ လိုအပ်နေသေးကြောင်း သူမရဲ့မျက်ရည်တွေက သက်သေပြနေပါတယ်။
သားဖြစ်သူ ရှားကူးလူလေးကတော့ ဆေးရုံမျက်နှာကျက်ပေါ်က လင်းနေတဲ့ ဖန်သားလျှပ်စစ်မီးအိမ်ကြီးကိုကြည့်ပြီး “အစ်..အစ် ..အစ်”လို့ ညင်ညင်သာသာလေးသာ ညီးညူရှာနေတာက ကြည်နူးခြင်း၊ မုန်းတီးခြင်း၊ နာကျင်ခြင်း၊ ကြေကွဲခြင်း သူ့ဆီမှာ အလျဉ်းမရှိ။ ကျနော် အခိုင်အမာ ယုံကြည်ထားတာက ဘယ်တော့မှ ပြောင်းလဲမသွားဘဲ မိခင်ကြီးရဲ့ နှလုံးသားက ထင်ဟပ်လာ တဲ့ အပြုံး၊ နှိုင်းဆချေဖျက်၍ မရသော ခိုင်ခံ့နက်နဲပြီး အဆုံးမဲ့ ချစ်ခြင်းမေတ္တာတရားကြီးကို သူ ပိုင်ဆိုင်နေတယ်ဆိုတာကိုတော့ ရှားကူးလူလေး မြေကြီးလက်ခတ်မလွဲ သိနေလိမ့်မယ်လို့…။