ဩဂုတ် ၃ဝရက်၊ ၂၀၁၄ခုနှစ်။ စောညွှန့်သောင်း
ကရင်ပြည်နယ်တွင် ၂၀၁၂ခုနှစ်မှစတင်၍ ယခုအချိန်အထိ ပြည်နယ်လွှတ်တော်အတွင်းတွင် ဥပဒေ ၅ခု ရေးဆွဲထားကြောင်း ပြည်နယ်လွှတ်တော်အမတ်တစ်ဦးဖြစ်သူ စောမင်းအောင်လင်းက ကေအိုင်စီသို့ ယမန်နေ့က ပြောသည်။
“ပြည်သူတွေအကျိုးရှိဖို့ ဥပဒေတွေကို ကျနော်တို့ ပြည်နယ်လွှတ်တော်ကနေ ရေးဆွဲထားပါတယ်။ ဒါပေမယ့် ဌာနဆိုင်ရာမှာ ဆက်ရေးဆွဲဖို့ လိုအပ်တဲ့ နည်းဥပဒေတွေ ရေးဆွဲရမယ့် အပိုင်းမှာကတော့ ရှိသေးတယ်။ လောလောဆယ်တော့ ဌာနဆိုင်ရာ အသီးသီးတွေက နည်းပဒေတွေ မရေးဆွဲရသေးတော့ အခုထိ ဘယ်နည်းဥပဒေမှ မထွက်လာနိုင်သေးဘူး”ဟု စောမင်းအောင် လင်းက ပြောသည်။
ပြည်နယ်လွှတ်တော်အနေဖြင့် ကျေးရွာထင်းစိုက်ခင်း ဥပဒေ၊ စည်ပင်သာယာ ဥပဒေ၊ ပြည်နယ်ဂုဏ်ထူးဆောင်အပ်နှံခြင်းနှင့် ဆု ပစ္စည်းပေးအပ်ခြင်း ဥပဒေ၊ ယစ်မူးခွန်ဥပဒေနှင့် ကုန်တင်ကုန်ချဥပဒေ စသည်တို့ဖြစ်သည်ဟု စောမင်းအောင်လင်းက ဆိုသည်။
ထို့အပြင် ပြည်နယ်လွှတ်တော်တွင် အစိုးရမှ တင်သွင်းလာသည့် ပြည်နယ်ဘတ်ဂျက်ဥပဒေ၊ ဒေသန္တရ စီမံကိန်းဥပဒေ (၂)ခု ရှိပြီး ၎င်းဥပဒေတို့သည် တနှစ်လျှင် တစ်ကြိမ်ဖြင့် ပြည်နယ်လွှတ်တော်၌ အတည်ပြုပေးရသည်ဟု သိရသည်။
မြန်မာနိုင်ငံတွင် ၂၀၁ဝ ခုနှစ်မှ အစိုးရသစ်တက်လာပြီးနောက် ကရင်ပြည်နယ်လွှတ်တော်မှ လူထုများ အတွက် ရေးဆွဲသည့် ဥပ ဒေများသည် လူထုများ သိရှိမှုမရှိသလောက် တွေ့ရပြီး ဥပဒေအသက်ဝင်မှုလည်း မရှိဟု ကရင်ဒီမိုကရက်တစ်ပါတီ(KDP) ယာယီ ဥက္ကဌ စောရဲဝင်းနိုင်က ကေအိုင်စီသို့ ပြောသည်။
“ပြည်နယ်လွှတ်တော်မှာ ဥပဒေတွေ ရေးဆွဲတာ ရှိပေမယ့် အခုထိ နည်းဥပဒေတွေ မရေးဆွဲနိုင်တော့ ဘယ်မှာ အသက်ဝင်မလဲ။ တစ်ခုမှလည်း ပြဌာန်းဖို့ အတည်မရှိသေးဘူးလေ။ တစ်ခုတော့ရှိတာပေါ့။ ၂၀၁၅ ရွေးကောက်ပွဲပြီးရင်တော့ နောက်အစိုးရလက် ထဲမှ ဥပဒေတွေ အသက်ဝင်လာဖို့တော့ ရှိနို်င်ပါတယ်”ဟု စောရဲဝင်းနိုင်က ပြောသည်။
ဖားအံမြို့ခံတစ်ဦးဖြစ်သည့် စောမြင့်သူကလည်း “လွတ်တော်အမတ်တွေ ပြည်သူကြားကို မကြာခဏ သွားတွေ့ဖို့ လိုတယ်။ အဲဒါ မှပဲ ပြည်သူတွေ ဘာလိုအပ်သလဲဆိုတာ တင်ပြခွင့်ရမယ်။ အခုက ပြည်သူတွေနဲ့ မထိတွေတော့ လွှတ်တော်မှာ ဘယ်တွေဆွေး နွေးတင်ပြသလဲ။ ဘယ်ဥပဒေတွေ ရေးဆွဲနေသလဲဆိုတာ ပြည်သူတွေ ဘာမှမသိရဘူး”ဟု ပြောဆိုသည်။
၂၀၁ဝ ရွေးကောက်ပွဲပြီးနောက် ကရင်ပြည်နယ်တွင် ပြည်နယ်လွှတ်တော်အစည်းအဝေး ၁ဝကြိမ်ဝန်းကျင် ကျင်းပခဲ့ပြီး လက်ရှိ စုစုပေါင်း လွှတ်တော်အမတ် ၂၃ဦးရှိသည့်အနက် ၁၃ဦးသည် အစိုးရဝန်ကြီးဌာနများတွင် ဝင်ရောက်တာဝန်ထမ်းဆောင်ရသည့် အတွက် ပြည်နယ်လွှတ်တော်တွင် ဥက္ကဌနှင့် ဒုတိယ ဥက္ကဌ၊ တပ်မတော်သားအမတ် ၄ဦး အပါအဝင် ၁ဝဦးရှိသော်လည်း တစ်ဦး ကွယ်လွန်သွားသဖြင့် လက်ရှိ ၉ဦးသာ ရှိကြောင်း သိရသည်။