Home သတင်း KNU-EC အစည်းအ‌ဝေးတွင် UNFC အ‌ရေး မ‌ဆွေး‌နွေးဆုံးဖြတ်ရ‌သေး

KNU-EC အစည်းအ‌ဝေးတွင် UNFC အ‌ရေး မ‌ဆွေး‌နွေးဆုံးဖြတ်ရ‌သေး

1533

စက်တင်ဘာ ၁၈ရက်၊ ၂၀၁၄ခုနှစ်။ စဖန်း‌ရှောင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) ဖားအံခရိုင်ရှိ ‌လေးဝါးစခန်းတွင် စက်တင်ဘာလ ၁၅ရက်မှ ၁၇ရက်‌နေ့အထိ ကျင်းပခဲ့‌သော ဗဟိုအလုပ်အမှု‌ဆောင်‌ကော်မတီ အစည်းအ‌ဝေး၌ ညီညွတ်‌သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်‌ကောင်စီ UNFC အဖွဲ့ဝင်အ ဖြစ် ဆက်ပါမပါကို ‌ဆွေး‌နွေးဆုံးဖြတ်မှုများ တစ်စုံတစ်ရာ မပြုလုပ်ရ‌သေး‌ကြောင်း ‌ကေအဲန်ယူ‌ခေါင်း‌ဆောင်များက ‌ပြောသည်။

KNU ဒုဥက္ကဌ ပဒို‌နော်စီဖိုးရာစိန်က “အစည်းအ‌ဝေးမှာ ဒီကိစ္စနဲ့ပတ်သက်ပြီး ‌ဆွေး‌နွေးနိုင်ခြင်း မရှိ‌သေးဘူး။ အဓိက‌ဆွေး‌နွေးဖြစ် တာက UNFC ပထမအကြိမ်ညီလာခံမှာ တင်ပြခဲ့တဲ့ KNU ရဲ့ အကြံပြုစာတမ်းကိုသာ ‌ဆွေး‌နွေးနိုင်ခဲ့ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ အစည်းအ‌ဝေးတွင် KNU ၏ ဌာန ၁၄ခုနှင့် ခရိုင်‌ဒေသဆိုင်ရာ လုပ်ငန်းစဉ်များ တိုးမြှင့်လုပ်‌ဆောင်သွားမည့်အ‌ကြောင်း နှင့် ခရိုင်၊ တပ်မဟာအသီးသီးနှင့် ပြည်သူလူထုထံမှ အကြံပြု တင်ပြလာသည့် နိုင်ငံ‌ရေး၊ စစ်‌ရေးနှင့် အုပ်ချုပ်‌ရေး အ‌ခြေအ‌နေ များကိုလည်း အလုပ်အမှု‌ဆောင်‌ကော်မတီဝင်များက ‌ဆွေး‌နွေးခဲ့ကြသည်။

ယခု ပြုလုပ်ပြီးစီးခဲ့သည့် အစည်းအ‌ဝေးမှာ ‌ကေအဲန်ယူ ဗဟိုအလုပ်အမှု‌ဆောင်‌ကော်မတီ၏ ပုံမှန် လပတ် အစည်းအ‌ဝေးသာဖြစ် သည့်အတွက် ‌ကေအဲန်ယူအ‌နေဖြင့် UNFC အဖွဲ့ဝင်အဖြစ် ဆက်ရှိ‌ရေးမရှိ‌ရေးကိုမူ လာမည့် ‌အောက်တိုဘာလ ၂၃ရက်‌နေ့တွင် ပြုလုပ်သွားမည့် ၎င်းတို့အဖွဲ့အစည်း၏ ဗဟိုအမြဲတမ်း‌ကော်မတီ အ‌ရေး‌ပေါ် အစည်းအ‌ဝေး၌သာ ‌ဆွေး‌နွေးဆုံးဖြတ်မည်ဟုလည်း ‌ကေအဲန်ယူ အ‌ထွေ‌ထွေအတွင်း‌ရေးမှူး ပဒို‌စောကွယ်ထူးဝင်းက ‌ပြောသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၃၁ရက်‌နေ့က ‌ကေအဲန်ယူအ‌နေဖြင့် UNFC ၏ အဖွဲ့ဝင်အဖြစ် ယာယီရပ်ဆိုင်းထားပြီး အဆိုပါကိစ္စများကို ‌ကေအဲန်ယူ၏ အချုပ်အခြာအာဏာပိုင် ဗဟိုအမြဲတမ်း‌ကော်မတီ၏ အ‌ရေး‌ပေါ် အစည်းအ‌ဝေးကို လာမည့် ‌အောက်တိုဘာလ ၂၃ ရက်‌နေ့တွင် ‌ဆွေး‌နွေးကာ ဆုံးဖြတ်ချက်ချမှတ်သွားမည်ဖြစ်‌ကြောင်း ‌ကေအဲန်ယူက ‌ပြောဆိုသည်။

“‌ကေအဲန်ယူအ‌နေနဲ့ UNFC ကိစ္စကို ဗဟိုအမြဲတမ်း‌ကော်မတီ အစည်းအ‌ဝေးမှာ သွား‌ဆွေး‌နွေးဆုံးဖြတ်မယ်ဆိုတာက ‌ကောင်းပါ တယ်။ အဲဒီအစည်းအ‌ဝေးမှာ ခရိုင်၊ တပ်မဟာ‌တွေက လူစုံတက်စုံ လာကြမှာမို့ အမြင်‌တွေလည်း စုံနိုင်တယ်‌လေ။ ကျမအ‌နေနဲ့ က‌တော့ ‌ကေအဲန်ယူကို UNFC မှာ ပြန်ပြီး ပါဝင်‌စေချင်ပါတယ်”ဟု ကရင်အမျိုးသမီးအစည်းအရုံး(KWO) အ‌ထွေ‌ထွေအတွင်း ‌ရေးမှူး ‌နော်က‌ညော‌ဖောက ‌ပြောသည်။

ထို့အပြင် UNFC နှင့်ပတ်သက်သည့် ‌ဆွေး‌နွေးမှုတစ်ရပ်ကို ‌ကေအဲန်ယူနှင့် လွှတ်‌တော်ရှိ ကရင်တိုင်းရင်းသားအမတ်များနှင့် ငြိမ်း ချမ်း‌ရေးအတွက် ‌ဆောင်ရွက်‌နေ‌သော အဖွဲ့အစည်းအချို့ လာမည့် ရက်သတ္တပတ်အတွင်း ‌တွေ့ဆုံမည်ဟု ကြားသိရ‌သော်လည်း ထိုကိစ္စနှင့် ပတ်သက်၍ ယခုပြီးစီးသွားသည့် အစည်းအ‌ဝေးတွင် ‌ပြောဆို‌ဆွေး‌နွေးခဲ့ခြင်းမရှိ‌ပေ။

ယမန်‌နေ့က ပြုလုပ်ပြီးစီးခဲ့‌သော ‌ကေအဲန်ယူ ဗဟိုအလုပ်အမှု‌ဆောင်‌ကော်မတီ၏ ပုံမှန် လပတ်အစည်းအ‌ဝေးတွင် အလုပ်အမှု ‌ဆောင်‌ကော်မတီဝင် ၁၁ဦးအနက် ဒုတိယစစ်ဦးစီးချုပ် မတက်‌ရောက်နိုင်ခဲ့‌ကြောင်း သိရသည်။