မတ်လ ၂ရက်၊ ၂၀၁၂ခုနှစ်။ စောခါးစူးညား (ကေအိုင်စီ)
လာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ရိုးသားသန့်ရှင်းပြီး တရားမျှတမှုနှင့် လွတ်လပ်မှု ရှိသော ရွေးကောက်ပွဲမျိုး ဖြစ်မဖြစ် စောင့်ကြည့်သွားမည်ဟု တိုင်းရင်းသားလူမျိုးစု မျိုးဆက်သစ်လူငယ်များအဖွဲ့က ယနေ့ ကြေညာချက် တစ်စောင်ထုတ်ပြန်လိုက်သည်။
၁၉၉ဝပြည့်နှစ်၌ ရွေးကောက်ပွဲဝင်ခဲ့သည့် တိုင်းရင်းသားပါတီများနှင့် ၂၀၁ဝ၌ ရွေးကောက်ပွဲဝင်ခဲ့သည့် တိုင်းရင်းသားပါတီများဖြင့် စုပေါင်းထားသည့် ၎င်းအဖွဲ့သည် ယခင်လ ဖေဖော်ဝါရီ ၁၂ရက်နေ့က ကျရောက်သော ၆၄နှစ်မြောက် ပြည်ထောင်စုနေ့၌ ရန်ကုန်မြို့တွင် ဆွေးနွေးပွဲတခုပြုလုပ်ခဲ့ပြီးနောက် ယခုလို ထုတ်ပြန်လာခဲ့ခြင်းဖြစ်သည်။
“ပြီးခဲ့တဲ့ ပြည်ထောင်စုနေ့မှာ ကျနော်တို့တွေ ဆုံကြရင်းနဲ့ အချင်းချင်းအလွတ်တမ်း ဆွေးနွေးခဲ့ကြတယ်။ ဆွေးနွေးရင်း ညီနောင် ၆ပါတီ(၂၀၁ဝ ရွေးကောက်ပွဲဝင်ပါတီများ)က တချို့လူငယ်တွေလည်း ပါဝင်ဆွေးနွေးပြီး တော့ သဘောထားတူညီ တာလေးတွေ ရရှိခဲ့ပြီးတော့ ဒီထုတ်ပြန်ချက်ကို ထုတ်လိုက်တာပေါ့။”ဟု အဆိုပါ အဖွဲ့တွင် ပါဝင်သည့် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီအဖွဲ့ချုပ်မှ စိုင်းထွန်းအေးက ကေအိုင်စီ သို့ ပြောသည်။
ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်နေသည့် မဲဆန္ဒနယ်မြေ ၄၈ခုအနက် တိုင်းရင်းသားနယ်မြေအတွင်း ၎င်းတို့စောင့်ကြည့်ရမည့်နေရာများတွင် ဧရာဝတီတိုင်း ၆နေရာ၊ ကချင်ပြည်နယ် ၃နေရာ၊ သျှမ်းပြည်နယ် ၂နေရာ၊ မွန်ပြည်နယ် ၁နေရာ ပါဝင်သည်ဟု သူက ဆက်ပြောသည်။
ဆက်လက်၍ သူက “ကျနော်တို့ အဖွဲ့တွေကတော့ ဘယ်ပါတီကိုမှ ဘက်လိုက်မှာတော့ မဟုတ်ဘူး။ ရွေးကောက်ပွဲမှာ ဘယ်လောက် တရားမျှတမှု ရှိတယ်ဆိုတာ စောင့်ကြည့်ပြီးတော့ တတ်စွမ်းသမျှ ကြိုးပမ်းသွားပါပဲ။”ဟု ဆိုသည်။
ကြားဖြတ်ရွေးကောက်ပွဲ မဲပေးမှုတွင် လှုပ်ရှားပါဝင်မည့်သူ ကယန်းလူငယ်တစ်ဦးကလည်း အစိုးရအနေဖြင့် လာမည့်ရွေးကောက်ပွဲတွင် သိက္ခာရှိသည့် ရွေးကောက်ပွဲဖြစ်အောင် အပြောမဟုတ်ဘဲ လက်တွေ့ဖြင့် လုပ်ဆောင်သွားရန် ၎င်းတို့လူငယ်အဖွဲ့က တိုက်တွန်းလိုက်ခြင်းလည်းဖြစ်သည်ဟု ဆိုသည်။
ထို့အပြင် တိုင်းရင်းသားဒေသအတွင်း တိုက်ပွဲများ ချက်ချင်းရပ်စဲရေး၊ ပြည်တွင်းဒေသအသီးသီးမှ ဒုက္ခသည် များအတွက် သွားလာခွင့်နှင့် ထောက်ပံ့မှုများရရှိနိုင်ရေး၊ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းကျင့်သုံးရေး၊ စစ်မှန်သော ငြိမ်းချမ်းရေးရရှိရန် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် တိုင်းရင်းသားခေါင်းဆောင်များနှင့် နိုင်ငံတကာအဖွဲ့ အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ်များကို ထည့်သွင်းရေးနှင့် (၂၁)ရာစု ပင်လုံညီလာခံဖြင့် နိုင်ငံရေး အကောင်အထည်ဖော်ဆောင်ရွက်ပေးရေး စသည်တို့ကို ၎င်းတို့အဖွဲ့၏ ထုတ်ပြန်ချက်တွင် မြန်မာအစိုးအား တောင်းဆိုတိုက်တွန်းထားသည်။
တိုင်းရင်းသားလူမျိုးစု မျိုးဆက်သစ်လူငယ်များအဖွဲ့တွင် တိုင်းရင်းသားပါတီ အဖွဲ့မည်မျှ ပါရှိသည်ကို ကေအိုင်စီမှ မေးမြန်းခဲ့ရာ စိုင်းထွန်းအေးက ဖြေဆိုရန် ငြင်းဆိုခဲ့ပြီး ထုတ်ဖော်ပြောဆိုရန် မသင့်လျော်သေးကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
၎င်းတို့အဖွဲ့သည် ၉ဝပြည့်နှစ်က ရွေးကောက်ပွဲဝင်ခဲ့သည့် တိုင်းရင်းသားပါတီများနှင့် ၂၀၁ဝ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည့် ကရင်၊ ကယန်း၊ ချင်း၊ မွန်၊ ရခိုင်နှင့် သျှမ်း စသည့် တိုင်းရင်းသားပါတီများဖြင့် စုပေါင်းထားသည့် အဖွဲ့ဖြစ်သည်။