ထိုင်း-မြန်မာနယ်စပ်မှ ဒုက္ခသည်တစ်ဦး
ကျွန်တော်ထိုင်းမြန်မာဒုက္ခသည်စခန်းမှ ဒုက္ခသည်တစ်ဦး ဖြစ်ပါသည်။ ကျွန်တော်သည် ဒုက္ခသည်စခန်းသို့ (၂၀၀၈)ခုနှစ်တွင် ရောက်ရှိခဲ့ ပါသည်။ ဒုက္ခသည်စခန်းများတွင် နေထိုင်သူတို့သည် တတိယနိုင်ငံသို့ အခြေချခွင့်ရရှိကြသဖြင့် ဒုက္ခသည်စခန်းများသို့ ဝင်ရောက်လာကြ သည်မှာ မနည်းလှသည်ကို ထိုင်းအာဏာပိုင်များနှင့် UNHCRတို့လည်း သိထားကြပါသည်။
ထိုင်းမြန်မာ နယ်စပ်တစ်လျှောက် ဒုက္ခသည် စခန်းများမှ ဒုက္ခသည်များကို နှစ်စဉ်သောင်းနှင့်ချီ၍ တတိယနိုင်ငံသို့ ပို့ဆောင်ပေးနေသည်မှာ ဒုက္ခသည်ဘက်မှကြည့်လျှင် အလွန် ကျေးဇူးတင်စရာ ကောင်းလှပါသည်။ ထိုအခြေချခွင့် ရရှိထားသောသူများသည် ထိုင်းနှင့် UNHCR အာဏာပိုင်များက (၂၀၀၅)ခုနှစ်အထိ ရောက်ရှိခဲ့သောသူများကို မှတ်ပုံတင်ပေးထားကြသောသူများ ဖြစ်ကြပါသည်။
(၂၀၀၆ခုနှစ်တွင် နို့ဖိုးစခန်းမှ လူအနည်းငယ်ကို မှတ်ပုံတင်ပေးသော သူများသည်လည်း အခြေချနေထိုင်ခွင့် ရရှိကြသည်။)
(၂၀၀၅)နောက်ပိုင်းတွင်လည်း အကြောင်းကြောင်းကြောင့် ဒုက္ခသည်စခန်းသို့ ရောက်ရှိနေကြသူများသည်လည်း အများအပြား ရှိကြပါ သည်။ ထိုသူတို့ကို ထိုင်းနှင့် UNHCR မှ မှတ်ပုံတင်ပေးမှု မရှိသဖြင့် ရိက္ခာမှ လွှဲ၍ အခြားဒုက္ခသည်အခွင့်အရေးများကို မရရှိကြပါ။ (၂၀၀၉)ခုနှစ်တွင် ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်း (၉)ခုရှိသည့်အနက်မှ (၄)ခုကို မှတ်ပုံတင်ပေးသည့် အစီအစဉ်ကို စတင်ခဲ့ပါ သည်။ ထို့ကြောင့် ထိုဒုက္ခသည်များမှာ PRE နံပါတ်များပါဝင်သည့် လက်မှတ်များကို ရရှိခဲ့ကြပါသည်။
ထိုလက်မှတ်ကို ထိုင်းအစိုးရက တရားဝင်အသိအမှတ်ပြုထားသော လက်မှတ်မဟုတ်သော်လည်း အချို့သူများမှာ အခွင့်အလမ်း အနည်း ငယ် ပွင့်ကြပါသည်။ ဥပမာ- ဇနီး သို့မဟုတ် မယား တစ်ယောက်ယောက်က ဒုက္ခသည်အနေဖြင့် တတိယနိုင်ငံသို့ ရောက်ရှိနေပါက ထိုနိုင်ငံသို့ လျှောက်ထားခွင့်ရရှိပါသည်။ ထို PRE လက်မှတ်များပေးသည့် (၂၀၀၉)ခုနှစ်မှ ထိုလျှောက်ထားခွင့် ရရှိသူများကို သက်ဆိုင်ရာ နိုင်ငံ (အမေရိကန်၊ ဩစတြေးလျ၊ နယူးဇီလန်စသည့် တတိယနိုင်ငံများ)မှ တာဝန်ရှိသူများ လာရောက်၍ အင်တာဗျူးများ ပြုလုပ်ပေးခဲ့ပါ သည်။ ထို့ကြောင့် အချို့သူများမှာ အင်တာဗျူးများကို ဖြေခဲ့ပြီးပြီမှာ (၃)နှစ်နီးပါးခန့် ရှိပါသည်။ အချို့မှာ (၂)နှစ်၊ အချို့မှာ (၁)နှစ်စသဖြင့် အသီးသီး ရှိနေကြပြီဖြစ်ပါသည်။
ထိုကဲ့သို့ အင်တာဗျူးပြီးကြသော်လည်း ယခုအချိန်ထိ ထိုနိုင်ငံများသို့ အခြေချခွင့် မရသေးကြပါ။ ဇနီးများ၊ ခင်ပွန်းသည်များနှင့် ဝေးကွာ ကြသဖြင့် အချို့သူများမှာ လူမှုရေးပြဿနာများကို တွေ့ကြုံခံစားရပြီး ကွာရှင်းသည့် ပြဿနာများ မရှိသင့်ဘဲ ရှိနေကြသည်။ ထိုသို့သော ပြဿနာများနှင့်အတူ အခြားလူသစ်ဒုက္ခသည်များလည်း မျှော်လင့်ချက် မရှိဟူသော ဒုက္ခတွေ၊ စိတ်ဆင်းရဲသူများနှင့် ရင်ဆိုင်နေကြပါ သည်။
ယခုအချိန်ထိ ဒုက္ခသည်များ၏ ပြဿနာကို ဖြေရှင်းရာမှာ ထိုင်းနှင့် UNHCR တွင် ရွေးချယ်စရာ (၃)ခုရှိနေပါသည်။ ၎င်းတို့မှာ (၁)တတိ ယနိုင်ငံသို့ အခြေချရေး (၂)ထိုင်းနိုင်ငံသားအဖြစ်လက်ခံရေး (၃)နေရပ်ပြန်ပို့ရေးတို့ ဖြစ်ကြပါသည်။ ထိုအထဲတွင် အချက်(၁)မှာ ပြုလုပ် နေသော်လည်း အကန့်အသတ်နှင့်သာ ရှိနေပါသည်။ အချက်(၂)နှင့် အချက်(၃)ကတော့ မဖြစ်နိုင်သေးဟု ထင်ပါသည်။ သို့သော် ထိုရွေး ချယ်စရာသုံးခုစလုံးတွင် မှတ်ပုံမတင်ရသေးသော လူသစ်များအတွက် အခွင့်အလမ်းမရှိပါ။
ထို PRE ရရှိထားသော ဒုက္ခသည်များမှာ ပို၍ ဟိုမရောက်ဒီမရောက်ဖြစ်နေကြရသည်။ ထိုသူတို့သည် တစ်ဝက်တစ်ပျက် ဒုက္ခသည်စာရင်း ဝင်နေသဖြင့် တတိယနိုင်ငံသို့ သွားရောက်ရေး မျှော်လင့်ချက်များ ရှိနေကြပါသည်။ PRE မရှိသေးသော ဒုက္ခသည်များသည်လည်း သူ့ဒုက္ခနှင့် သူရှိနေကြပါသည်။ အဆိုးဆုံးကား UNHCR နှင့် ထိုင်းအစိုးရမှ အနာဂတ်တွင် မှတ်ပုံတင်ပေးမှုရှိမရှိဆိုသည်ကို တိကျသော အဖြေကို မပေးခြင်းဖြစ်သည်။
အကယ်၍ ဒုက္ခသည်မှတ်ပုံတင်မပေးနိုင်ဟု ပြောဆိုလိုက်လျှင် ထိုသူတို့သည် စခန်းများမှ ထွက်ခွာကာ အလုပ်ခွင်သို့ ဝင်နိုင်ပြီး ဘဝသစ်ကို အနှေးနှင့် အမြန်စတင်ပေးရန် အခြေအနေမျိုးကို ဖန်တီးပေးနိုင်ပါသည်။ ဒုက္ခသည်မှတ်ပုံတင် ပြုလုပ် ပေးမည်ဟု ပြောဆိုလိုက်လျှင်လည်း အကျိုးရှိစွာနှင့် စိတ်ရှည်ရှည်စောင့်ဆိုင်းနိုင်ပေမည်။ ယခုဖြစ်ပျက်နေသည်ကား တစ်စုံတစ်ရာ အဖြေ တိတိကျကျ မရှိရှိသောကြောင့် ဒုက္ခ သည်ဘဝများ နစ်နာလှပါသည်။
ထိုကဲ့သို့ အဖြေမပေးခြင်းနှင့် ပတ်သက်၍လည်း သံသယများစွာကို ပွားများစေပါသည်။ မဲဆောက်ရှိ NGO တော်တော်များများသည် ဒုက္ခ သည်များကို အခြေပြု၍ တည်ထောင်နေကြခြင်းဖြစ်သည်။ ထိုဝန်ထမ်းများသည် ဒုက္ခသည်လူဦးရေနည်းပါးပါက ဝင်ငွေလျော့နည်းမည် ဖြစ်သဖြင့် ဒုက္ခသည်များကို ဆက်လက်ရှိစေလိုသည့် သဘောများဖြစ်နေသလားဟု ထင်စရာ ဖြစ်နေပါသည်။ (ရိုင်းရိုင်းဆိုရလျှင် မျောက်ပြပြီး ဆန်တောင်းသလိုဖြစ်နေပါသည်။) သို့သော် ဒုက္ခသည်များသည် မျောက်မဟုတ်ပါ။ လူဖြစ်ပါသည်။ လူဖြစ်သည့်အလျောက် လူ့အခွင့်အရေးရှိသင့်ပါသည်။
လူ့အခွင့်အရေးမဆိုထားနှင့် လူသားမျှော်လင့်ချက်တော့ ရှိသင့်ပါသည်။ ယခုကား မျှော်လင့်ချက်လည်းမရှိ၊ အနာဂတ်ကလည်း မရေမရာ ဖြစ်နေပါသည်။ (၂၀၀၅)ခုနှစ် ကိန်းဂဏန်းအရ ဒုက္ခသည်ဦးရေမှာ စုစုပေါင်း တစ်သိန်းခွဲနီးပါးရှိနေပါသည်။ ထိုနောက်ပိုင်း တနှစ် တစ်သောင်းကျော်နှုန်းခန့် တတိယနိုင်ငံသို့ အခြေချနေထိုင်လျက်ရှိနေရာ (၁)သိန်းနီးပါးခန့် တတိယနိုင်ငံသို့ ရောက်ရှိသွားပြီ ဖြစ်ပါသည်။ သို့သော် ယခု ဒုက္ခသည်လူဦးရေမှာ တစ်သိန်းခွဲပင် ရှိနေရာ UNHCR နှင့် ထိုင်းအစိုးရတို့မှ ပေါင်း၍ လုပ်စားနေသည်ဟုပင် ထင်စရာ ရှိနေပါသည်။
ယခုအခါ မြန်မာ့နိုင်ငံရေးသည်လည်း ပြောင်းလဲနေပါသည်။ တိုင်းရင်းသားတော်တော်များများနှင့်လည်း ငြိမ်းချမ်းရေးကို လုပ်ကိုင်လျက်ရှိ နေပါသည်။ အချို့ဒုက္ခသည်များမှာ စစ်ပြေးဒုက္ခသည်များမဟုတ်ကြသဖြင့် UNHCR နှင့် ထိုင်းတို့မှ အဖြေတစ်ခုခုပေးလျှင် (ဒုက္ခသည် မှတ်ပုံတင်ပေး၊ မတင်ပေး) ထိုသူများသည် ကိုယ့်ဆန္ဒအလျောက် ပြန်နိုင်သည့် အခြေအနေများ ရှိနေပါသည်။ ထို့ကြောင့် မိမိတို့ အဖွဲ့အ စည်း၊ မိမိတို့အကျိုးအတွက် ဒုက္ခသည်များကို အသုံးချရန် မသင့်တော်တော့ပါ။ အဖြေတစ်ခုခုပေးရန် ကောင်းနေပြီဖြစ်ကြောင်း ဒုက္ခသည် တစ်ဦးအနေဖြင့် မေတ္တာရပ်ခံလိုက်ပါသည်။