ဇွန်လ ၂၈ရက်၊ ၂၀၁၂ခုနှစ်။ စောခါးစူးညား (ကေအိုင်စီ)
အပစ်အခတ်ရပ်စဲရေးကာလဖြစ်သော်လည်းကရင်ပြည်နယ် သံတောင်မြို့နယ်တွင် မြန်မာအစိုးရစစ်တပ်၏ ပစ်ခတ်ခံရသူများ ရှိနေသည်ဟုဒေသခံ လူထုများက ပြောသည်။
ထိုဒေသရှိမြန်မာအစိုးရတပ်မ(၆၆)လက်အောက်ခံခြေလျင်တပ်ရင်း(ခလရ-၁)သည် ဇွန်လ ၂၃ရက်နေ့က ဆန်သွားဝယ်၍ ပြန်လာသောဟီဒေါ်ခေါ် နှင့် သေခိုဒဲရွာသား၄ဦးကို ပစ်ခတ်သကဲ့သို့ တောင်ယာခင်းတွင် စုပေါင်းမြက်ခုတ်ထွင်ရှင်းလင်းနေသောဟီဒေါ်ခေါ်ရွာနှင့် ဝါးစိုးရွာသား ၁ဝဦးကျော်အားပစ်ခတ်ခဲ့ကြောင်းဟီဒေါ်ခေါ်ရွာမှ စောထူးဝေါ်က ကေအိုင်စီသို့ ပြောသည်။
“၂၃ရက်နေ့ မနက် ၁ဝနာရီမှာ ကော်သေးဒဲရွာမှာဆန်သွားဝယ်ပြီးအပြန်လမ်း ဝါ့ဘောဒေးမှာအဲဒီလူတွေကိုအစိုးရတပ်ကပစ်တာပါ။ ညနေ၃နာရီမှာ တောင်ယာမှာရှိတဲ့ သူတွေကိုထပ်ပစ်တယ်။ ထိတာတော့ မရှိဘူး။ ဆန်ထမ်းလာတဲ့သူတွေ အပစ်ခံရရာမှာအထုတ်အပိုးတွေ တောထဲမှာပဲကျန်ခဲ့လို့နောက်နေ့သွားပြန်ရှာကြည့်တော့ မိုးရေစိုလို့စားမရတော့ဘူး။”ဟုသူကပြောသည်။
ဒေသခံလူထုများသည် စစ်မှန်သည့်နယ်မြေအေးချမ်းမှုကိုလိုချင်ကြသော်လည်းအပစ်အခတ်မရပ်စဲမီကာလကဲ့သို့ပင် အလုပ်အကိုင်၊ အသွားအလာလွတ်လွတ်လပ်လပ် မရှိဘဲအစိုးရတပ်များကိုကြောက်လှန့်နေရဆဲဖြစ်ကြောင်းစောထူးဝေါ်က ဖြည့်စွက်ပြောဆိုသည်။
သံတောင်မြို့နယ်သည် ကရင်အမျိုးသားအစည်းအရုံး-KNUတောင်ငူခရိုင်၏ ထိန်းချုပ်နယ်မြေအတွင်းတွင် ရှိသောကြောင့် ယင်းကိစ္စနှင့် ပတ်သက်၍ တောင်ငူခရိုင်မှ အမည်မဖော်လိုသူ KNU တာဝန်ရှိပုဂ္ဂိုလ်တဦးကယခုလိုပြောဆိုသည်။
“ဒါကတော့ လုံးဝ မဖြစ်သင့်ဘူး။ အပစ်ရပ်တဲ့အချိန်မှာရွာသားတွေရှိတဲ့နေရာကို ဝင်လာပစ်တယ်ဆိုတော့ စိတ်ကုန်တယ်လို့ပဲမှတ်ချက်ပေးချင်တယ်။”ဟု၎င်းက ပြောသည်။
ထို့အပြင် ဒေသခံလူထုများပစ်ခတ်ခံရပြီးနောက် ဇွန်လ ၂၄ရက်နေ့တွင် ကယား(ကရင်နီ)ပြည်နယ်နှင့် KNU တောင်ငူခရိုင်နယ်စပ်ရှိ မြန်မာအစိုးရ၏ အောင်မြင်တပ်စခန်းဟောင်းတွင်ဟယ်လီကော်ပတာ လေယာဉ် တစ်စီးသည် ခေါက်တုန့်ခေါက်ပြန်ဝဲပျံနေသည်ဟုလည်း သူကဆက်ပြောသည်။
နောက်ဆုံးသတင်းအရယနေ့ ဇွန်လ ၂၈ရက်နေ့တွင် သံတောင်မြို့နယ်အတွင်းရှိဝါးစိုးရွာ၏ အနီးတဝိုက်တွင် တပ်မ(၆၆) လက်အောက်ခံတပ်များဆက်လက်တပ်စွဲထားသကဲ့သို့ ရေသိုးကြီးရွာဘက်မှာလည်းအင်အား ၁၀ဝ ခန့် ထပ်တိုးလာသည်ဟု KNU တောင်ငူခရိုင်ကပြောသည်။
ဗိုလ်မှူးချုပ် ဝင်းဘိုရှိန် ဦးဆောင်သည့် တပ်မ(၆၆)သည် လက်အောက်ခံတပ်ရင်း ၁ဝ ရင်းရှိပြီးလက်ရှိKNU တောင်ငူခရိုင်တွင် ၇ရင်း လှုပ်ရှားနေသည်ဟုသိရသည်။