ဩဂုတ်လ ၂၃ရက်၊ ၂၀၁၂ခုနှစ်။ နန်းသူးလေ (ကေအိုင်စီ)
မြန်မာနိုင်ငံ၏ ပြည်တွင်း အစိုးရမဟုတ်သော အဖွဲ့အစည်း-NGOs မှတ်ပုံတင်ခြင်း ဥပဒေအသစ် ပြန်လည်ရေးဆွဲရေးကိစ္စကို NGOs ကွန်ယက်အဖွဲ့များနှင့် အစိုးရဌာန ဥပဒေရေးရာတာဝန်ရှိသူများ ယမန်နေ့က တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးပွဲကို နေပြည်တော်ရှိ သဂင်္ဟဟိုတယ်တွင် ညနေ ၆နာရီမှ ၈နာရီခွဲအထိ ပြုလုပ်ခဲ့ရာ ၎င်းတွေ့ဆုံပွဲ၌ ၁၉၈၈ခုနှစ်က အတည်ပြု ထားခဲ့သည့် NGOs မှတ်ပုံတင်ခြင်း ဥပဒေကို NGOs ကွန်ယက်အဖွဲ့များက လက်မခံနိုင်သဖြင့် ထိုသို့ ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း မြန်မာ အမျိုးသမီးများကွန်ယက်အဖွဲ့ ဥက္ကဌ နော်စူစဲနာလှလှစိုးက ကေအိုင်စီသို့ ပြောသည်။
“နဂိုရှိပြီးသား NGOs ဥပဒေက အခုခေတ်နဲ့ မသင့်တော်ဘူး။ အဲ့ဒါ ၈၈(အရေးတော်ပုံ)တုန်းကနေပြီးတော့ အသင်းအဖွဲ့တွေကို နှိပ်ကွပ်ဖို့ ထုတ်ပြန်ထားတဲ့ အမိန့်ဥပဒေဖြစ်လို့ လက်မခံနိုင်ဘူး”ဟု ပြောသည်။
ပြီးခဲ့သည့်အပတ်က ပြည်သူ့လွှတ်တော်ထဲတွင် သကင်္န်းကျွန်းမဲဆန္ဒနယ်မှ အမျိုးသားဒီမိုကရက်တစ်တပ်ဦး-NDF ပြည်သူ့လွှတ်တော် ဦးသိန်းညွန့်က ခေတ်နှင့်လျှော်ညီသည့် NGOs မှတ်ပုံတင်ခြင်း ဥပဒေတစ်ရပ်ကို ပြဌာန်းနိုင်ရေးကို အဆိုတင်သွင်းခဲ့ရာ လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက ဥပဒေရှိပြီးသားဖြစ်၍ အသစ်ပြန်လည်ရေးဆွဲရန် မလိုအပ်ကြောင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။
တွေ့ဆုံပွဲတွင် အစိုးရဘက်မှ လူမှုဖွံ့ဖြိုးရေးကော်မတီဥက္ကဌ ဦးမောင်မောင်ရွှေ၊ ဥပဒေကြမ်းရေးဆွဲရေးကော်မတီ၊ ဥပဒေရေးရာနှင့် အထူး ကိစ္စများ လေ့လာသုံးသပ်ရေးကော်မရှင်ဥက္ကဌတို့ပါဝင်ပြီး NGOs ကွန်ယက်အဖွဲ့များဘက်မှ မြန်မာအမျိုးသမီးများကွန်ယက်၊ မြန်မာNGO ကွန်ယက်မှ ဦးမြင့်ဆွေ၊ နာရေးကူညီမှုအသင်းမှ ဆရာမသန်းမြင့်အောင်၊ HIV positive ကွန်ယက်အဖွဲ့တို့အပြင် ၈၈မျိုးဆက်ကျောင်းသား အဖွဲ့ခေါင်းဆောင် ဦးကိုကိုကြီး၊ မျိုးဆက်သစ်လူငယ်များအစည်းအရုံး(GW)စသည်ဖြင့် စုစုပေါင်း လူ ၈ဝဦးခန့် တက်ရောက်ခဲ့ကြသည်။
အစီအစဉ်အရ တွေ့ဆုံဆွေးနွေးပွဲသို့ လွှတ်တော်ဥက္ကဌ ဦးသူရရွှေမန်း တက်ရောက်မည်ဖြစ်သော်လည်း နောက်ပိုင်းတွင် အရေးပေါ် အစည်းအဝေးကြောင့် မတက်ရောက်နိုင်တော့ကြောင်းလည်း သိရသည်။
ထို့အပြင် ပြည်တွင်း NGOs ကွန်ယက်အဖွဲ့များမှ တင်ပြဆွေးနွေးချက်များကို ဥပဒေပြုရေး လွှတ်တွေကိုယ်စားလှယ်များနှင့် သက်ဆိုင်ရာ ကော်မရှင်များဘက်မှ နားထောင်ပေးခဲ့ပြီး နောက်ဆုံးအနေဖြင့် NGOs ဘက်မှ တောင်ဆိုထားသည့်အတိုင်း ဖြစ်ရပါစေမည်ဟုလည်း မှတ် ချက်ပေးခဲ့ကြောင်း သိရသည်။
နော်စူစဲနာလှလှစိုးက “လွှတ်တော်ဥက္ကဌက NGOs Law ရှိပြီးသားပဲ။ ဆက်ပြီးတော့ ပြဌာန်းစရာ မလိုဘူး။ နည်းဥပဒေတွေပဲ လိုတယ်ဆို ပြီး ပြောတယ်။ အဲ့ဒါကိုပဲ ကျမတို့က စိုးရိမ်ပါတယ်။ အခုက NGOs Law နဲ့ပတ်သတ်ပြီးတော့ သူတို့ကဆွဲမယ်။ ပြင်မယ်ဆိုတော့ ဒီ NGOs တွေရဲ့အသံကိုလည်းကြားဖို့ လူထုနဲ့ဖလှယ်မှုလုပ်တာပါပဲ”ဟု ပြောသည်။
ယခု လက်ရှိဥပဒေထဲတွင် NGOs မှတ်ပုံတင်သည့်အခါ အစိုးရထံ မြန်မာငွေကျပ်ငါးသိန်း ပေးရမည့်အချက် ပါဝင်နေသဖြင့် ကိုယ်ထူကိုယ် ထ ရပ်တည်နေသည့် NGOs အဖွဲ့လေးများအနေဖြင့် မပေးဆောင်နိုင်သည်များကို ထည့်သွင်းဆွေးနွေးနိုင်ခဲ့သဖြင့် ယင်းတွေ့ဆုံဆွေးနွေး ပွဲအပေါ် NGOs ကွန်ယက်များဘက်မှ အားရကျေနပ်မှုရှိကြောင်း သိရသည်။