Home သတင်း တတိယအကြိမ် အပစ်ခတ်ရပ် ဆိုင်း‌ရေး ‌ဆွေး‌နွေးမည့်ရက် ပြန်လည် သတ်မှတ်ဟု KNUသတင်းထုတ်ပြန်

တတိယအကြိမ် အပစ်ခတ်ရပ် ဆိုင်း‌ရေး ‌ဆွေး‌နွေးမည့်ရက် ပြန်လည် သတ်မှတ်ဟု KNUသတင်းထုတ်ပြန်

1468
ဩဂုတ်လ ၂၈ရက်၊ ၂၀၁၂ခုနှစ်။ နန်း‌ဖော့‌ဂေ (‌ကေအိုင်စီ)


ကရင်အမျိုးသားအစည်းအရုံး(KNU)နှင့် မြန်မာ အစိုးရတို့ နှစ်ဦးနှစ်ဘက် ပြန်လည်ညှိနှိုင်းပြီး တတိယအကြိမ်‌မြောက် ‌တွေ့ဆုံ‌ဆွေး‌နွေး မည့်ရက်ကို ပြန်လည်သတ်မှတ် အတည်ပြုလိုက်ပြီဖြစ်‌ကြောင်း KNU က ယ‌နေ့ သတင်းထုတ်ပြန်လိုက်သည်။

၎င်းသတင်းထုတ်ပြန်ချက်ထဲတွင် ‌ဆွေး‌နွေးပွဲကို ကရင်ပြည်နယ်၊ ဖားအံမြို့တွင် စက်တင်ဘာလ ၃ရက်မှ ၄ရက်‌နေ့အထိ ကျင်းပပြုလုပ် သွားမည်ဖြစ်ပြီး လူထုအတွက် အာမခံချက်ရှိ‌သော လုံခြုံမှုရရှိ‌ရေးနှင့် အဆင့်တိုင်းတွင် ယုံကြည်မှု တည်‌ဆောက်‌ရေးကို ဦးတည်သည့် အချက်နှစ်ချက်ကို အဓိကထား ‌ဆွေး‌နွေးညှိနှိုင်းသွားမည်ဟု ‌ဖော်ပြထားသည်။

ထိုအချက်နှစ်ချက်မှာ ပြည်သူလူထု ဘဝလုံခြုံမှုကို အာမခံ‌ပေးနိုင်‌ရေးအတွက် တပ်များ ပြန်လည် ‌နေရာချထားရန်နှင့် နှစ်ဦးနှစ်ဘက် လိုက်နာရမည့် အပစ်အခတ် ရပ်ဆိုင်း‌ရေးဆိုင်ရာ ကျင့်ဝတ်စည်းကမ်းများ (Code of Conduct) မူကြမ်း စသည်တို့ဖြစ်သည်။

“အချက်နှစ်ချက်ပဲဆို‌ပေမယ့် ခိုင်မာတဲ့ အပစ်အခတ်ရပ်ဆိုင်း‌ရေး ရယူနိုင်ဖို့ အ‌ရေးအကြီးဆုံး အချက်နှစ်ချက်ဖြစ်‌နေတာရယ်၊ အပြန်ပြန် အလှန်လှန် အ‌ကျေအလည် ‌ဆွေး‌နွေးရမှာမို့ အချိန်‌သေ‌သေချာချာ ‌ပေးနိုင်ဖို့ပဲ ဖြစ်ပါတယ်”ဟု ‌နော်‌မေဦးမူ‌တြော်က ‌ပြောသည်။

ယခုသွား‌ရောက်‌ဆွေး‌နွေးမည့် KNU ငြိမ်းချမ်း‌ရေး ကိုယ်စားလှယ်အဖွဲ့ကို ‌နော်စီဖိုးရာစိန်မှ အဖွဲ့‌ခေါင်း‌ဆောင်အဖြစ် ဦး‌ဆောင်သွားမည် ဖြစ်ပြီး ဒုအဖွဲ့‌ခေါင်း‌ဆောင်အဖြစ် ဒုတိယ စစ်‌ရေးချုပ် ဗိုလ်မှူးချုပ်စ’ရှာထု‌ဝေါ်နှင့်အတူ စုစု‌ပေါင်း ကိုယ်စားလှယ်အဖွဲ့ဝင် ၁ဝဦး ပါဝင်မည် ဟုလည်း ‌နော်‌မေဦးမူ‌တြော်က ‌ကေအိုင်စီသို့ ‌ပြောဆိုသည်။

KNU ၏ သတင်းထုတ်ပြန်ချက်တွင် စစ်‌ရေးပဋိပက္ခများကို ‌ဖြေရှင်းနိုင်ရန်နှင့် ငြိမ်းချမ်း‌ရေးရရှိရန် ကြိုးပမ်း‌ဆောင်ရွက်သည့် ဖြစ်စဉ်တွင် ‌နောင်ဖြစ်‌ပေါ်လာမည့် နိုင်ငံ‌ရေး‌ပြောင်းလဲမှု၏ ဆိုးကျိုး၊ ‌ကောင်းကျိုး သက်‌ရောက်မှုများကို တိုက်ရိုက်ဖြစ်‌စေ၊ သွယ်ဝိုက်၍ဖြစ်‌စေ ခံစားရ မည့်သူအားလုံး၏ ဝိုင်းဝန်းကြိုးပမ်းမှုအားဖြင့် ‌ရေရှည်တည်တံ့ခိုင်မြဲ‌သော ငြိမ်းချမ်း‌ရေးကို ‌ဖော်‌ဆောင်နိုင်မည်ဟု ယုံကြည်‌ကြောင်း ပါရှိ သည်။

မြန်မာအစိုးရနှင့် KNU တို့၏ တတိယအကြိမ်‌မြောက် ‌တွေ့ဆုံ‌ဆွေး‌နွေးပွဲတွင် ပြည်တွင်းနှင့် နိုင်ငံတကာမှ ‌လေ့လာသူများလည်း ပါဝင် တက်‌ရောက်မည်ဖြစ်‌ကြောင်း သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၂၅ရက်က KNU မှ ထုတ်ပြန်ခဲ့သည့် သ‌ဘောထား‌ကြေညာချက်ထဲတွင် တတိယအကြိမ်‌မြောက် ‌တွေ့ဆုံ‌ဆွေး‌နွေးပွဲ အတွက် ယခင် သတ်မှတ်ထားသည့် ဩဂုတ်လ ၂၇-၂၉‌နေ့ရက်ကို မြန်မာအစိုးရမှ ရက်‌ရွှေ့ဆိုင်းလိုက်‌ကြောင်း ‌ဖော်ပြခဲ့ပြီး‌နောက် ယခု ထပ်မံ၍ ရက်သတ်မှတ် အတည်ပြုသည့်သတင်းကို ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။