အပိုင်း (၁)
လက်ပံတောင်းတောင် အရေးသည် အမှိုက်ကစ ပြသာဒ် မီးလောင်ခြင်း မဟုတ်ပါ။ ပြသာဒ်ကြီး တခုလုံးကို လောင်နေ သော မီးကျီးခဲသည် အမှိုက်ကလေး တစကို ထပ်မံရှို့မိပြီး ထတောက်လာခြင်းသာ ဖြစ်သည်။ ပြသာဒ်ကြီး တခုလုံးကို လောင်နေသော မီးကျီးခဲကို စနစ်တကျငြိမ်းသတ်နိုင်မှသာ လက်ပံတောင်းကဲ့သို့ မီးတောက်ကလေးများ တပြည်လုံး တွင် အလိုလို ငြိမ်းသွားပါ မည်။ ဤသည်ကို ရှင်းပါမည်။
ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရသစ်လက်ထက်တွင် ဖြစ်ပွားလာသော ပြသနာကြီးများကို စုံစမ်းရေးကော်မရှင် ဖွဲ့ပြီး ဖြေရှင်းရန် ကြိုးပမ်းသည့်လုပ်ဟန်မှာ ခေတ်စားလာခဲ့သည်။ သို့ရာတွင် ယခုအချိန်အထိတော့ ဘာတခုမှ မယ်မယ်ရရ ဖြေရှင်းနိုင်ခြင်း မရှိသေးပါ။ ပြသနာ၏ ရင်းမြစ်ကို ဖေါ်ထုတ်ဖြေရှင်းရန်ကြိုးပမ်းခြင်းထက် အပေါ်ယံ အကြောင်းရပ်များ အပေါ်တွင်သာ စုံစမ်းအဖြေရှာရန် ခိုင်းထားခံရသဖြင့် မထိမရောက် ဖြစ်နေခြင်းပင်။
ယခုလည်း လက်ပံတောင်း အရေးတွင် ဒေါ်အောင်ဆန်းစုကြည်အား စုံစမ်းရေးကော်မရှင်ဥက္ကဌ တာဝန်ပေးကာ ခေါင်းခံခိုင်းနေပြန်ပါပြီ။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်း ကြေကြေနပ်နပ်ပင် တာဝန်ယူကာ ကော်မရှင်က ပြုလုပ်သည့် သတင်းစာကွန်ဖရင့်တွင် “အမှန်တရားကို ဖေါ်ထုတ်မယ်၊ အဖြစ်ကို အဖြစ်အတိုင်းတင်ပြမယ်” ဟူ၍ ပြောဆိုလာသည်။
သို့ရာတွင် မရှင်းသည်မှာ ဘာနဲ့ပတ်သက်လို့ အမှန်တရားကို ဖေါ်ထုတ်မှာလဲ။ အဖြစ်ကို အဖြစ်အတိုင်း တင်ပြမှာလဲ ဟူသည်ပင်။ လက်ပံတောင်းတောင်အရေးကို ပေါ်ပေါက်စေသည့် အရင်းခံပြသနာမှာ မည်သည့်အရာဖြစ်၍ ယင်းကို မည်သို့ ဖော်ထုတ်သွားမည် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောမသွားခဲ့ပါ။
ပြသနာတိုင်းတွင် အကြောင်းနှင့် အကျိုးဟူ၍ ရှိပါသည်။ အကြောင်းကြောင့် အကျိုးဖြစ်ပါသည်။ မည်သည်က အကြောင်း၊ မည်သည်က အကျိုးဖြစ်သည်ကို လေ့လာဘို့ လိုပါမည်။ လက်ပံတောင်းတောင် အရေးနှင့် စပ်လျှဉ်း၍ မြေယာအပေါ် စီမံခန့်ခွဲခွင့် အငြင်းပွားသည့် ပြသနာမှာ အကြောင်းဖြစ်သည်။ ဤပြသနာမှာ ဗိုလ်ချုပ်ကြီး နေဝင်း ခေတ်မှ စတင်ကာ စစ်အစိုးရ အဆက်ဆက်တွင် ဖြစ်ပွားခဲ့သည်။ ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရသစ် တက်လာ သည့် ယခုအချိန်တွင် အဆိုးဆုံးဖြစ်လာသည်။ မြေယာနှင့် စပ်လျှဉ်းသော ပြသနာများမှာ လက်ပံတောင်းတောင်မှာ သာမက တပြည်လုံးနေရာ အနှံ့ ဖြစ်ပွားလျှက်ရှိသည်။ သို့ဖြစ်၍ ပြသာဒ်ကြီးတခုလုံးကို လောင်ကျွမ်းနေသော မီးကျီးခဲ အနေနှင့် အထက်တွင် ရည်ညွှန်း ခဲ့ခြင်းပင်။
(မြေယာအပေါ်စီမံခန့်ခွဲခြင်းကို မကြေနပ်သဖြင့်) လူထုနှင့် သံဃာတော်များ ဆန္ဒပြခြင်း နှင့် ယင်းဆန္ဒပြမှုကို အကြမ်း ဘက် နှိမ်နင်းခြင်းက အကျိုးဖြစ်သည်။ စုံစမ်းစစ်ဆေးရေး ကော်မရှင်တရပ်သည် အထက်ပါ အကြောင်းနှင့် အကျိုး နှစ်ရပ်လုံးကို စုံစမ်း ဖော်ထုတ်ဘို့လိုပါမည်။ ကော်မရှင်ကို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ခွင့်ရသောအခါ လူထု၏ မျှော်လင့်ချက်မှာ တစုံတရာ တက်လာခဲ့သည်။
တချိန်တည်း၌ ပြသနာ၏ အရင်းခံအကြောင်း နှင့် အကျိုးကို စုံစမ်းပါ့မလားဟူ၍လည်း စိုးရိမ်စရာ ဖြစ်လာသည်။ ဒေါ်အောင်ဆန်းစုကြည်ပင် ဦးဆောင်စေဦးတော့ ပြသနာ၏ အရင်းခံအကြောင်းနှင့် အကျိုးကို ခြေခြေမြစ်မြစ် စုံစမ်းကာ အမှန်တရားကို ဖော်ထုတ်ဖြေရှင်းခြင်း မပြုပါက လက်ပံတောင်းမီးတောက်ကလေးကို ငြိမ်းကောင်း ငြိမ်းနိုင် မည် ဖြစ်သော်လည်း ပြသာဒ်ကြီး တခုလုံးကို လောင်ကျွမ်းလျှက်ရှိသော မီးကျီးခဲများကို ငြိမ်းနိုင်မည် မဟုတ်ပါ။ အကျိုးဆက်အနေဖြင့် ဟိုနေရာ၊ သည်နေရာများတွင် လောင်ကျွမ်းနေဦးမည် ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်မှာ ဟို ကော်မရှင်၊ သည်ကော်မရှင်များတွင် ဆက်လက် ပါဝင်နေရရင်း မလိုအပ်ဘဲ အလုပ်ရှုုတ်နေမှာ ဖြစ်သည်။
သတင်းစာရှင်းလင်းပွဲတွင် ဒေါ်အောင်ဆန်းစုကြည် က “ကော်မရှင်အနေဖြင့် အားလုံးကို ကြေနပ်အောင် မလုပ်နိုင်” ဟူသည်ကို ထပ်ခါထပ်ခါ ပြောသွားခဲ့သည်။ မှန်ပါသည်။ အဖြေတခုကို ဖော်ထုတ်ရာတွင် ကြေနပ်သူလည်း ရှိမည်။ မကြေနပ်သူလည်း ရှိမည်။ ယင်းမှာ သဘာဝကျပါသည်။ သို့ရာတွင် “အားလုံး” ဆိုသည်မှာ အဘယ်နည်း။ အဓိက အားဖြင့် ဘက်နှစ်ဘက်သာ ရှိပါသည်။
တတိုင်းပြည်လုံးရှိ မြေယာအားလုံးအပေါ် ထင်သလို စီမံခန့်ခွဲလျှက်ရှိသော ဦးသိန်းစိန် ဦးဆောင်သည့် ပြည်ထောင်စု အစိုးရက တဘက်၊ မြေယာအပေါ် မှီခိုကာ အသက်ရှင်ရပ်တည်နေကြရသော ဒေသခံလူထုများက တဘက် တို့ ဖြစ်သည်။ ကော်မရှင်ကို မည်သူ ဦးဆောင်စေဦးတော့ ဘက်နှစ်ဘက်လုံး ကြေနပ်အောင် လုပ်ရန် မဖြစ်နိုင်ပါ။ ကော်မရှင်သည် အလယ်တွင်ရပ်ကာ နှစ်ဘက်လုံး၏ မေတ္တာကို ခံယူသွားနိုင်မည့် ဇာတ်လမ်းမျိုးလည်း ခင်း၍မရပါ။ ဤသည်ကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့် တည်ဆဲ အခြားသက်ဆိုင်သည့် ဥပဒေများအပေါ် သုံးသပ်၍ ဥပဒေ စိုးမိုးရေး အခြေခံများ ရှုဒေါင့်မှ ရှင်းပါမည်။
ဥပဒေစိုးမိုးရေးသည် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့်အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ပြီးခဲ့သည့် ကြားဖြတ် ရွေးကောက်ပွဲတွင် မဲဆွယ်ကတိပြုခဲ့ရာ၌ ထိပ်ဆုံးမှ ပါဝင်ခဲ့သည့်အပြင် ဦးသိန်းစိန် ဦးဆောင်သည့် စစ်အစိုးရက လည်း နှုတ်မှ တတွတ်တွတ် ရွတ်လျှက်ရှိနေဆဲ အကြောင်းအရာဖြစ်သည်။ ဤသည်ကို စုံစမ်းရေးကော်မရှင်အနေဖြင့် မည်ကဲ့သို့ နားလည် ဖော်ဆောင်ပါမည်နည်း။ လမ်းနှစ် သွယ်ရှိပါသည်။
(၁) အာဏာပိုင်များက ပြဌာန်းထားသည့် ဥပဒေများကိုသာ အခြေခံ၍ စိုးမိုးအုပ်ချုပ်ခြင်း Rule by law အရ ရပ်တည် လုပ်ဆောင်မည်လား။
(သို့မဟုတ်)
(၂) လူထု ရသင့်ရထိုက်သော အခွင့်အရေးများအား အာမခံသည့် တရားမျှတသော ဥပဒေများ ပေါ်ပေါက်တည်ရှိ စေပြီး စိုးမိုးအုပ်ချုပ်ခြင်း Rule of Law အရ ရပ်တည် လုပ်ဆောင်မည်လား။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော စုံစမ်းရေးကော်မရှင်သည် ဥပဒေစိုးမိုးရေးကို ရည်ညွှန်းပြောဆိုခဲ့သော်လည်း အထက်ပါ လမ်းကြောင်းနှစ်ခုအနက် မည်သည့် လမ်းကြောင်းမှ ရပ်တည်ဖော်ဆောင်သွားမည်ကို ရှင်းရှင်းလင်းလင်း မသိရပါ။
ပထမ လမ်းကြောင်းအရ ဖေါ်ဆောင်မည်ဆိုပါက ကော်မရှင်သည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျော်၍ မရ၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ဘောင်အတွင်းကသာ စုံစမ်းစစ်ဆေး အစီရင်ခံစာ တင်သွင်းရပါမည်။ ယင်းသို့်ဖြစ်ပါက လက်ပံတောင်းတောင်အရေးတွင် မြေယာ အပေါ်ရသင့်ရထိုက်သည့် အခွင့်အရေးများကို လက်လွတ် ဆုံးရှုံးနေသော ဒေသခံလူထုသည် စုံစမ်းစစ်ဆေးရေးကော်မရှင်ထံမှ မည်သည့်အရာမျှ ရနိုင်ဘွယ် မရှိ။ အဘယ် ကြောင့်ပါနည်း။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ (၃၇) တွင် အောက်ပါ အတိုင်းပြဌာန်းထားသောကြောင့် ဖြစ်သည်။
နိုင်ငံတော်သည်
(က) နိုင်ငံတော်ရှိ မြေအားလုံး၊ မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက်နှင့် လေထုအတွင်းရှိ
သယံဇာတ ပစ္စည်းအားလုံး၏ ပိုင်ရှင်ဖြစ်သည်။
ဤပြဌာန်းချက်အရဆိုလျှင် တပြည်လုံးရှိ မြေယာအားလုံး၏ ပိုင်ရှင်မှာ “နိုင်ငံတော်” ဖြစ်နေပါသည်။ ဤတွင် “နိုင်ငံတော် ” ဟူသည်မှာ မည်သည့်အရာဖြစ်သည်၊ “နိုင်ငံတော်” ကို မည်သူက ကိုယ်စားပြုသုံးစွဲခွင့် ရှိသည် စသည် တို့တွင် အငြင်းပွားဘွယ် ဖြစ်လာပါသည်။ “နိုင်ငံတော်” ဆိုသည်မှာ မည်သည့်အရာ ဖြစ်ကြောင်းကို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ တအုပ်လုံးတွင် မည်သည့်နေရာတွင်မျှ အဓိပ္ပါယ်ဖွင့်ဆို မထားပါ။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရဆိုလျှင် ဦးသိန်းစိန်သည် နိုင်ငံတော် သမတ ဖြစ်နေသည်။ သို့ဖြစ်၍ အထက်ပါ ပြဌာန်းချက်ကို ကိုးကားလျှက် “နိုင်ငံတော်” ကို ကိုယ်စားပြုကာ ဦးသိန်းစိန် ခေါင်းဆောင်သည့် ပြည်ထောင်စု အစိုးရက တတိုင်းပြည်လုံးရှိ မြေယာများအား စီမံခန့်ခွဲနေသမျှမှာ ဥပဒေအရ၊ ဥပဒေနှင့် အညီကဲ့သို့ ဖြစ်နေသည်။
ဤတွင်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ပါမည် ဟူ၍ ကတိသစ္စာပြုကာ လွှတ်တော်အတွင်း ဝင်ရောက်သွားခဲ့သော ဒေါ်အောင်ဆန်းစုကြည်သည် ဥပဒေစိုးမိုးရေးကော်မတီ၊ စုံစမ်းရေးကော်မရှင် စသည်များကို ဦးဆောင်လျှက် လက်ပံတောင်းတောင်အရေးသာမက တပြည်လုံး လူထုများ ရင်ဆိုင်နေရသည့် မြေယာပြသနာအား ဥပဒေစိုးမိုးရေးရှုဒေါင့်မှ မည်သို့ ချည်းကပ်မည်နည်း ဟူသည်မှာ အရေးကြီးလာသည်။
ကြေးနီတောင်တိုက်ပွဲက မွေးဖွားပေးလိုက်တဲ့ သံမဏိမိန်းမသား နှစ်ဦး ဟူ၍ နယူးရောက်တိုင်း သတင်းစာကြီးက ဂုဏ်ပြု မှတ်တမ်းတင်ခံရသော မအေးနက် နှင့် မသွဲ့သွဲ့ဝင်းတို့သည် လယ်ယာမြေပိုင်ဆိုင်ခွင့် ဆိုင်ရာများအတွက် ရှေ့နေများနှင့် တိုင်ပင်၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လေ့လာနေကြကြောင်း ကြားသိရသည်။ ဒေသခံ လယ်သမားများ၊ လူထုများ၏ အခွင့်အရေးအတွက် ဥပဒေရှုဒေါင့်မှ တိုက်ပွဲဝင်လိုသော ၎င်းတို့၏ ဆန္ဒကို တန်ဘိုး ထားရပါမည်။ သို့ရာတွင် ချစ်တီးခေါင်း၌ သန်းရှာပါက တွေ့ကောင်းတွေ့ပါမည်။ ၂၀၀၈ ဖွဲ့စည်းပုံ၌ လယ်သမားများ လယ်မြေပိုင်ဆိုင်ခွင့် အခွင့်အရေးကို ရှာပါက ကမာ္ဘဆုံးတိုင်သော်လည်း တွေ့နိုင်မည် မဟုတ်ပါ။
ထို့အပြင် ၂၀၀၈ ဖွဲ့စည်းပုံကို အခြေပြုလျှက်၂၀၁၂ ခုနှစ်၊ မတ်လ (၃၀) ရက်နေ့တွင် အတည်ပြု ထုတ်ပြန်သော လယ်ယာမြေဥပဒေအရ လယ်သမားများမှာ လယ်လုပ်ပိုင်ခွင့်၊ လက်ဝယ်ထားခွင့်သာ ရှိပြီး လယ်ပိုင်ခွင့်မရှိ။ ယင်း ဥပဒေ ပုဒ်မ (၃) (ဃ) အရ မြေပေါ်၊ မြေအောက်ရှိ ကျောက်မျက်၊ သတ္တု၊ ရေနံနှင့် ဓါတ်ငွေ့စသည့် သဘာဝ သယံ ဇာတများ ထုတ်ယူ အသုံးချခွင့်မှာ လူထုထံတွင် မရှိ။ နိုင်ငံတော်တွင်သာ ရှိသည်။ နိုင်ငံတော်ကို ကိုယ်စားပြု၍ ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရ၏ လုပ်ဆောင်မှုများမှာ တရားဝင်သည့်သဘော ဖန်တည်းခံထားရသည်။
တဖန် ၂၀၁၂ ခုနှစ်၊ မတ်လ (၃၀) ရက်နေ့တွင် အတည်ပြု ထုတ်ပြန်သော မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့် ခွဲရေး ဥပဒေ အရ စားကျက်မြေနှင့် အင်းအိုင်မြေများအပါအဝင် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများအပေါ် စီမံခန့်ခွဲခွင့် အသုံးချခွင့်မှာ ဒေသခံလူထုတွင် မရှိ။ နိုင်ငံတော်တွင်သာ ရှိသည်။ နိုင်ငံတော်ကို ကိုယ်စားပြု၍ ဦးသိန်းစိန် ဦးဆောင်သည့် ပြည်ထောင်စု အစိုးရက ဖွဲ့စည်းပေးလိုက်သည့် ဗဟိုကော်မတီက ယင်းအခွင့်အာဏာကို ကျင့်သုံးသွား မည်။
၂၀၀၈ ဖွဲ့စည်းပုံသာမက ယင်းကို အခြေခံပြဌာန်းထားသည့် မြေယာဆိုင်ရာ ဥပဒေများကို သုံးသပ်လျှင် နိုင်ငံတော်ဟူ သည်ကို အလွန်အမင်း လုပ်ပိုင်ခွင့်ပေးထားပြီး၊ အခြေခံလူထု၏ အခွင့်အရေးများအား ကြီးမားစွာ ကန့်သတ်ထား ကြောင်း တွေ့ရပါမည်။ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဦးဆောင်သည့် ဗဟိုအစိုးရက နိုင်ငံတော်ဟူသော ဝေါဟာရမှာ ၎င်းတို့နှင့်သာ သက်ဆိုင်သယောင် အကြွင်းမဲ့ အခွင့်အာဏာအနေနှင့် ကိုင်တွယ်သုံးစွဲသောအခါ မြေယာ နှင့်စပ်လျှဉ်း ၍ ရသင့်ရထိုက်သည့် အခွင့်အရေးများကို လက်လွတ်ဆုံးရှုံးနေသည့် လူထု၏ဘဝမှာ ကျားသနားမှ နွားချမ်းသာမည့် ကိန်း ဆိုက်နေပါသည်။
သို့ဖြစ်၍ ဥပဒေ စိုးမိုးရေးဟူသည်အား ပထမလမ်းကြောင်းဖြစ်သည့် (အာဏာပိုင်များက ပြဌာန်းထားသည့် ဥပဒေများ ကိုသာ အခြေခံ၍ စိုးမိုးအုပ်ချုပ်ခြင်း Rule by law) အရ လက်ခံဖော်ဆောင်မည်ဆိုပါက ဦးသိန်းစိန် အစိုးရအနေဖြင့် နိုင်ငံခြား ကုမ္ပဏီများ ကိုဖြစ်စေ၊ ပြည်တွင်း ကုမ္ပဏီများကိုဖြစ်စေ တိုင်းပြည်အတွင်းရှိ မြေယာများအပေါ် လုပ်ငန်း လိုင်စင်များ ချပေးခြင်း၊ လုပ်ပိုင်ခွင့်များ ချပေးခြင်းမှာ တရားဝင်ဖြစ်နေသည်။ ယင်းကို ဆန့်ကျင်၊ ရပ်တည်၊ ဆန္ဒပြကြ သည့် ရဟန်းတော်များ နှင့် လူထုများမှာ တရားမဝင်။ အကျိုးဆက်အနေဖြင့် အစိုးရက အမိန့် အာဏာသုံး၍ ဆန္ဒပြ ရဟန်းတော်များနှင့် လူထုများအပေါ် ဖိနှိပ်ဖြိုခွဲခြင်းမှာလည်း တရားဝင်သကဲ့သို့ ဖြစ်နေသည်။ ဤသည်မှာ ဦးသိန်းစိန် အစိုးရသစ်ဟူသည်က ကျင့်သုံးနေသော ဥပဒေစိုးမိုးရေး ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်သည့် ကော်မရှင်သည် လက်ပံတောင်းတောင်အရေးတွင် ဥပဒေစိုးမိုးရေးကို ဤ ပထမ လမ်းကြောင်းမှ ချည်းကပ်မည်လား။ သို့မဟုတ် ( လူထု ရသင့်ရထိုက်သော အခွင့်အရေးများအား အာမခံသည့် တရားမျှတသော ဥပဒေများ ပေါ်ပေါက်တည်ရှိစေပြီး စိုးမိုးအုပ်ချုပ်ခြင်း Rule of Law ) ဟူသည့် ဒုတိယ လမ်းကြောင်း အရ ရပ်တည် လုပ်ဆောင်မည်လား။
ပထမ လမ်းကြောင်းဖြစ်သည့် (အာဏာပိုင်များက ပြဌာန်းထားသည့် ဥပဒေများကိုသာ အခြေခံ၍ စိုးမိုးအုပ်ချုပ်ခြင်း) တွင် ပုံသဏ္ဍာန်ကို အဓိကထားသည်။ ဥပဒေကို အာဏာပိုင်များက ပြဌာန်းလိုက်ရုံမျှနှင့် လေးစားလိုက်နာဖော်ဆောင် ရန် ဖြစ်သည်။ ဤသည်ကို ကမာ္ဘတွင် Rule by Law ဟု နားလည်ကြသည်။ ယင်းမှာ Rule of Law ဟူသည့် ဥပဒေ စိုးမိုးရေး မဟုတ်ပါ။ ဥပဒေ စိုးမိုးရေးမှာ ဒုတိယ လမ်းကြောင်းဖြစ်သည်။ ယင်းလမ်းကြောင်းတွင် ဥပဒေ၏ အနှစ်သာရ ကို ပို၍ အဓိက ထားသည်။ လူထု၏ အခွင့်အရေးများကို မထိပါးစေဘဲ ဥပဒေများအား ပြဌာန်းရန်ဖြစ်သည်။ ယင်းသို့ဖြင့် လူထု၏ အခွင့်အရေးများအား ဥပဒေပါ အခွင့်အရေး (Legal Rights) အဖြစ်သို့ ပြောင်းလဲကျင့်သုံး သွားစေရန် ဖြစ်သည်။
နိုင်ငံတကာ ဥပဒေ အရ (State) နိုင်ငံတော် ဟူသည်တွင် အဂင်္ါရပ်လေးချက်ပါရှိသည်။ ၎င်းတို့မှာ
(၁) လူထု
(၂) နယ်မြေ
(၃) အစိုးရ နှင့်
(၄) အချုပ်အခြာအာဏာ တို့ဖြစ်သည်။
နိုင်ငံတော်ကို အကြောင်းရပ်လေးမျိုးနှင့် ဖွဲ့စည်းထားသည် မှန်သော်လည်း မည်သည့်အရာမှာ အဓိက အကျဆုံး ဖြစ်သည်ကို ဥပဒေစိုးမိုးရေး အခြေခံမှ လေ့လာရန် လိုပါမည်။ လူထုနှင့် နယ်မြေ၏ အရေးကြီးမှုမှာ အငြင်းပွားဘွယ် မရှိပါ။ ယင်းနှစ်ခုအနက် တခုမရှိလျှင် မည်သို့မျှ နိုင်ငံတော် ဖြစ်မလာနိုင်သောကြောင့်ပင်။ အစိုးရသည် အရေးကြီး သည် မှန်သော်လည်း လူတစုနှင့် ဖွဲ့စည်းထားသည့် အစိုးရရှိပါစေဦး၊ လူထုမရှိပါက မည်သည့်အခါတွင်မျှ နိုင်ငံ မဖြစ် နိုင်ပါ။ လူထုရှိလျှင်မူ အစိုးရပေါ်ပေါက်အောင် လုပ်ရန် မခဲယဉ်းပါ။ သို့ဖြစ်၍ လူထု နှင့် အစိုးရ နှိုင်းယှဉ်ပါက လူထုက ပို၍ အဓိကကျပါသည်။ နယ်မြေ၊ လူထုနှင့် အစိုးရတို့ လွတ်လပ် အားကောင်းစွာ တည်ရှိပြီး နိုင်ငံရေးအရ အခြားနိုင်ငံ များ၏ အသိအမှတ်ပြုမှုကို ခံရပါက နိုင်ငံတနိုင်ငံတွင် အချုုပ်အခြာအာဏာ ရှိလာပါမည်။ သို့ဖြစ်၍ နိုင်ငံ (သို့မဟုတ်) နိုင်ငံတော်ဟူသော ဝေါဟာရကို ကိုယ်စားပြု ရည်ညွှန်းသုံးစွဲရာတွင် လူထု၏ အခန်းကဏ္ဍမှာ ရှေ့ဆုံးတန်း၌ ရှိသင့်သည်။
မြန်မာနိုင်ငံ၌ (ဦးသိန်းစိန် ဦးဆောင်သော လက်ရှိအစိုးရအပါအဝင်) စစ်အစိုးရ အဆက်ဆက်သည် အစိုးရ၏ အဓိက ကျမှုကိုသာ ဇောင်းပေး၊ ဖော်ထုတ် ကျင့်သုံးလာခဲ့သည်။ ၂၀၀၈ ဖွဲ့စည်းပုံအရ နိုင်ငံတော်ဟူသည်ကို အစိုးရကသာ လက်ဝါးကြီးအုပ် ကိုင်စွဲကျင့်သုံးခဲ့၊ ကျင့်သုံးဆဲဖြစ်သည်။ အစိုးရအား လုပ်ပိုင်ခွင့် အလွန်အကျွန် အပ်နှင်းပြီး လူထု၏ အခွင့်အရေးများကို ကြီးမားစွာ ကန့်သတ်သည့် ဥပဒေများသာ တောက်လျှောက်ပြဌာန်းခဲ့၊ ပြဌာန်းဆဲ ဖြစ်သည်။ နိုင်ငံတော်ဟူသော ဝေါဟာရတွင် လူထု၏ အဓိကကျမှုကို ဘယ်တုံးကမျှ ထည့်သွင်းစဉ်းစားခဲ့ခြင်း မရှိ။ ဤသည်မှာ ဥပဒေစိုးမိုးရေး အခြေခံနှင့် ဆန့်ကျင်နေပါသည်။ လူထုကို အဓိကထားကာ လူထု၏ အခွင့်အရေးများကို အသိအမှတ်ပြုမှသာ ဥပဒေစိုးမိုးရေးကို တည်ဆောက်ရာ ရောက်ပါမည်။ မြေယာနှင့် စပ်လျှဉ်းသော ဥပဒေများ မှာလည်း လူထု၏ အခွင့်အရေးများကို အခြေခံအားဖြင့် ပြဌာန်း ဘို့ လိုပါသည်။
မြေယာနှင့် စပ်လျှဉ်း၍ လူထု၏ အခွင့်အရေး သုံးရပ်ကို အနည်းဆုံးအားဖြင့် အသိအမှတ်ပြုရပါမည်။
1. လယ်လုပ်သူ လယ်ပိုင်ခွင့် (Individual Right)
2. နှစ်ပေါင်းမြောက်များစွာ အခြေစိုက်နေထိုင်လာခဲ့ကြသည့် ဒေသခံလူထုများက မိမိတို့ကျေးရွာ
ဝန်းကျင်ရှိ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများအား စုပေါင်းအသုံးချခွင့် (Collective Rights of People)
3. ပြည်ထောင်စု ဖွဲ့စည်းရာတွင်ပါဝင်သည့် ယူနစ်များ၊ (တနည်းအားဖြင့် ပြည်နယ်များ) အနေဖြင့် မိမိတို့ သက်ဆိုင်ရာ ပြည်နယ်အတွင်းရှိ မြေယာများအပေါ် စီမံခန့်ခွဲခွင့် (The Rights to self-determination)
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွင် ကျေုးရွာ ၂၆ရွာမှ လယ်ဧက ၇၈၀ဝ ကျော်အား သိမ်းယူခဲ့ကြောင်းနှင့် တဧကလျှင် လျော်ကြေးငွေ ကျပ်ငါးသိန်းကျော် ပေးအပ်ခဲ့ကြောင်း သိရသည်။ လယ်သမားများက ပြောသည်မှာ ယင်းမှာ သုံးနှစ်စာ သီးနှံအတွက်သာ ဖြစ်သဖြင့် ၎င်းတို့ မကြေနပ်နိုင်ဟူ၍ ဖြစ်သည်။ ဤအငြင်းပွားမှုတွင် ကော်မရှင် သည် မည်သည်ကို စုံစမ်းပြီး အမှန်တရားကို ဖေါ်ထုတ်မည်နည်း။
၂၀၁၂ ခုနှစ၊် မတ်လ ၃ဝ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် လယ်ယာမြေ ဥပဒေ ပုဒ်မ ၃ (က) တွင် အောက်ပါအတိုင်း ပြဌာန်းထားသည်။ (လယ်ယာမြေလုပ်ပိုင်ခွင့်ဆိုသည်မှာ နိုင်ငံတော်သည် မြေယာအားလုံး၏ ပင်ရင်းပိုင်ရှင်ဖြစ်၍ လယ်ယာမြေကို စိုက်ပျိုး ထုတ်လုပ်မှု တိုးတက်မြင့်မားစေရန်အလို့ငှာ ဤဥပဒေ၊ ဤဥပဒေအရ ထုတ်ပြန်သည့် နည်း ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ လက်ဝယ်ထားရှိ၍ စိုက်ပျိုးလုပ်ကိုင် အသုံးချခွင့်ပြုခြင်း ကိုဆိုသည်။ သို့ရာတွင် မြေပေါ်မြေအောက်ရှိ ကျောက်မျက်၊ သတ္တု၊ ရေနံနှင့်ဓာတ်ငွေ့ စသည့် သဘာဝသယံဇာတများ ထုတ်ယူအ သုံးချခွင့် မပါဝင်။)
ဥပဒေစိုးမိုးရေးကို လက်ညိုးထိုးလျှက် လယ်သမားများ၏ အခွင့်အရေးကို မျက်ကွယ်ပြုထားသော ဤဥပဒေကို လက်ခံ ကျင့်သုံးမည်ဆိုပါက နွားနှင့်ဖက်၍ တကယ် လယ်လုပ်လျှက်ရှိသော လက်ပန်းတောင်းတောင် လယ်သမားများတွင် လယ်ပိုင်ခွင့်မရှိ။ လယ်လုပ်ပိုင်ခွင့်သာ ရှိသည်။ နိုင်ငံတော် ဟူသည့်ဝေါဟာရကို ကိုးကားကာ ဦးသိန်းစိန် အစိုးရက အကြောင်းတမျိုးမျိုးပြ၍ လယ်လုပ်ပိုင်ခွင့်ကို ပြန်လည်ရုပ်သိမ်း နိုင်သည်။ လယ်သမားတဦး လုပ်ကိုင်နေသော လယ်ယာမြေကို ပြန်လည်စီမံခန့်ခွဲနိုင်သည်။ လယ်ယာမြေဥပဒေ ပုဒ်မ ၃ဝ (က) အရ လယ်မြေကို အခြားနည်းဖြင့် အသုံးပြုနိုင်ရေး၊ မြေပေါ် မြေအောက်ရှိ ကျောက်မျက်၊ သတ္တု၊ ရေနံ နှင့်ဓာတ်ငွေ့ စသည့် သဘာဝသယံဇာတ များ ထုတ်ယူနိုင်ရေးအတွက် ဟုဆိုကာ လယ်သမားထံမှ ပြန်သိမ်းနိုင်သည်။
စုံစမ်းရေးကော်မရှင်သည် ဤဥပဒေကို လက်ခံကာ လက်ပန်းတောင်းတောင်အရေးတွင် အမှန်တရားအနေဖြင့် ဖော် ထုတ်မည်လား။ သို့မဟုတ် လယ်လုပ်သူ လယ်ပိုင်ခွင့်အား လယ်သမားများ ရသင့်သော အခွင့်အရေးအဖြစ် လက်ခံ၍ စစ်မှန်သည့် ဥပဒေ စိုးမိုးရေးအခြေခံမှ ချည်းကပ်ကိုင်တွယ်မည်လား။
အပိုင်း (၂) ကို ဆက်လက်ဖတ်ရှုပါရန်
အောင်ထူး (ရှေ့နေ)
ဒီဇဘင်္ာလ (၁၂) ရက် ၂၀၁၂ ခုနှစ်။