Home သတင်း ‌ကော့ကရိတ်မြို့နယ်ရှိ လူထုမှီခိုရာ အင်‌တောဧက ၃၀ဝ ခုတ်ထွင် ရှင်းလင်းခံ‌နေရ

‌ကော့ကရိတ်မြို့နယ်ရှိ လူထုမှီခိုရာ အင်‌တောဧက ၃၀ဝ ခုတ်ထွင် ရှင်းလင်းခံ‌နေရ

1778
‌ဖေ‌ဖော်ဝါရီလ ၅ရက်၊ ၂၀၁၃ခုနှစ်။ (‌ကေအိုင်စီ)

ဒီမိုက‌ရေစီအကျိုးပြု ကရင်တပ်မ‌တော်-DKBA မှ ဗိုလ်မှူးတစ်ဦးနှင့် စီးပွား‌ရေးလုပ်ငန်းရှင်နှစ်ဦးတို့က ပူး‌ပေါင်း၍ အလုပ်သမားများငှားရမ်းကာ ကရင်ပြည်နယ်၊ ‌ကော့ကရိတ်မြို့နယ်၌ ‌ခေါင်မိုးဖက် ထွက်ရှိသည့် တတန်ကူးရွာ နှင့် ဆင်ကုန်းရွာတို့ အကြားရှိ လူထုမှီခိုရာ အင်‌တော ၃၀ဝ ဧကကို ခုတ်ထွင်ရှင်းမှု ပြုလုပ်‌နေသည်ဟု ယင်‌ဒေသမှ လာသည့်သတင်းအရ သိရသည်။

အဆိုပါ အင်‌တောကို DKBA မှ ဗိုလ်မှူး‌စော‌ကျော်သက်နှင့် သူ၏ ‌ကျော‌ထောက်‌နောက်ခံယူထားသည့် ‌ကော့ ကရိတ်မြို့၊ အမှတ်(၅)ရပ်ကွက်တွင် ‌နေထိုင်သူ စီးပွား‌ရေးလုပ်ငန်းရှင် ‌ဒေါက်တာ ဝင်းမြင့်နှင့် ညီညီလွင်တို့က ရာဘာ(‌ကော်)ခြံစိုက်ပျိုးရန် အလုပ်သမားများကို ငှားရမ်း၍ ပြီးခဲ့သည့် ၂၀၁၂ခုနှစ်၊ ‌အောက်တိုဘာလက စတင်ခုတ်ထွင်ရှင်းလင်း‌စေခဲ့ခြင်း ဖြစ်သည်ဟု ‌ဒေသခံများက ‌ပြောဆို‌နေကြသည်။

အမည်မ‌ဖော်လိုသူ ‌ဒေသခံတစ်ဦးက “‌မြေဧကကို‌တော့ သူတို့ တစ်‌ယောက်ကို ဧက ၁၀ဝ စီယူမယ်လို့ ကြား တယ်။ အခု အင်‌တောကို ခုတ်တာ နာဂစ်မုန်းတိုင်း‌ဒေသက လူ‌တွေငှားတာများတယ်။ အလုပ်သမား‌တွေ တရက်ဆိုရင် အ‌ယောက် ၂၀၊ ၃ဝနဲ့ ၄ဝ အထိရှိတယ်။ ခုတ်ဖို့ DKBA က ဗိုလ်မှူး‌ကျော်သက်ရဲ့ အမိန့်လို့ သိရ တယ်။ သူကိုယ်တိုင်‌တော့ မလုပ်ဘူး။ သူ့လက်‌အောက်ခံ ဗိုလ်‌ကျော်မိုး ဦး‌ဆောင်တဲ့ တပ်ခွဲကို တာဝန်ယူလုပ် ခိုင်းတယ်။ အခုထိ လုပ်‌နေတုန်းပဲ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထိုသို့ အများသုံး အင်‌တော ခုတ်ထွင်ရှင်းလင်းခံရသည့်အ‌ပေါ် ကရင်အမျိုးသားအစည်းအရုံး-KNU မှ ‌ကော့ ကရိတ်မြို့နယ် သစ်‌တောတာဝန်ခံက အင်‌တော ရှင်းလင်း‌ပေးသည့် အလုပ်သမားများအား ထပ်မံမခုတ်ရန် သွား‌ရောက်‌ပြောကြားခဲ့မှုများရှိ‌သော်လည်း မ‌အောင်မမြင်ဘဲ ဖြစ်ခဲ့သည်ဟု သိရသည်။

 

တတန်ကူးရွာ နှင့် ဆင်ကုန်းရွာတို့ အကြားရှိ ခုတ်ထွင်ရှင်းလင်းခံရသည့် အင်‌တော၏ မြင်ကွင်း

 

ယင်းအမည်မ‌ဖော်လိုသူက “(KNU)သစ်‌တောတာဝန်ခံက အလုပ်သမား‌တွေကို မလုပ်‌တော့ဖို့ သွား‌ပြောတာ ရှိတယ်။ သူတို့က ဗိုလ်‌ကျော်မိုးကို ပြန်တိုင်‌တော့ ဗိုလ်‌ကျော်မိုးက ဘယ်သူ‌ပြောလဲဆိုပြီး ‌သေနတ်‌ဖောက်ပြီး ရွာသား‌တွေကို ခြိမ်း‌ခြောက်တယ်။ အခု ကျ‌နော်တို့ သုံးပြု‌နေရတဲ့ ဒီအင်‌တောက ထွက်တဲ့ အင်ဖက်၊ သစ်၊ ထင်း စတာ‌တွေ ခုတ်ထွင်ရှင်းလင်းလိုက်‌တော့ အ‌တော်ဒုက္ခ‌ရောက်ရတယ်”ဟု ဖြည့်စွက်‌ပြောသည်။

ထို့အပြင် ၎င်း‌ဒေသအနီးတဝိုက်ရှိ တနီမူး၊ နို့လား၊ ‌ကြောင်လျှာကုန်း၊ ‌တောင်ကြား၊ တတန်းကူး၊ ရှင်ကုန်း၊ ‌နောကတို စသည့်ရွာတို့မှ ရွာသူရွာသားများသည် ‌နေအိမ်အပါအဝင် အ‌ဆောက်အဦးအမျိုးမျိုးတို့၏ ‌ခေါင်မိုးများကို အုပ်မိုးရန် အဆိုပါ အင်‌တောမှ ထွက်ရှိသည့် အင်ဖက်များကို မှီခိုအားထားရခြင်း ဖြစ်သည်။

ယခု အင်‌တောခုတ်ထွင်ရှင်းလင်းခြင်းခံရသည့်ကိစ္စနှင့် ပတ်သက်၍ သီးခြားထပ်မံ အတည်ပြုနိုင်ရန် DKBA မှ ဗိုလ်မှူး ‌စော‌ကျော်သက်အား ‌ကေအိုင်စီမှ ဆက်သွယ်‌မေးမြန်း၍ မရရှိ‌သေး‌ပေ။