မတ်လ ၈ရက်၊ ၂၀၁၂ခုနှစ်။ နန်းသူးလေ (ကေအိုင်စီ)
ယနေ့ ကျရောက်သည့် ၁၀၂ကြိမ်မြောက် နိုင်ငံတကာအမျိုးသမီးများနေ့တွင် ထိုင်းနိုင်ငံ-မဲဆောက်မြို့ရှိ မြန်မာရွှေ့ပြောင်း အမျိုး သမီးအဖွဲ့အစည်းများမှ လူဦးရေ ၂၀ဝခန့် အမျိုးသမီးအခွင့်အရေးဆိုင်းဘုတ်များ ကိုင်ဆောင်ပြီး ချီတက်လမ်းလျှောက်ခဲ့ကြ သည်။
ထိုင်းနိုင်ငံ၊ မဲဆောက်မြို့အတွင်းရှိ ဝပ်အာလန်ဘုန်းကြီးကျောင်းရှေ့မှစတင်ပြီး မဲဆောက်မြို့မြူနီစပယ်ရုံးအနီး အားကစားကွင်း အထိ အဖြူ၊ အဝါ၊ ချယ်ရီ၊ အစိမ်းရောင် စသည့်တူညီအကျင်္ီများ ဝတ်ဆင်ကြကာ နံနက် ၈နာရီမှ ၉နာရီအထိ လမ်းလျှောက်၍ ချီတက်ခဲ့ကြခြင်းဖြစ်သည်။
လမ်းလျှောက်ချီတက်ပွဲတွင် ပါဝင်ခဲ့သည့် မြန်မာအမျိုးသမီးသမဂ္ဂ-BWU မှ မဇာဇာက “အမျိုးသမီးတန်းတူ အခွင့်အရေးမှာဆို ရင် လုပ်အားခတန်းတူရရှိရေး၊ ပညာသင်ကြားခွင့်ရရှိရေး၊ စီးပွားရေးနှင့် ဦးဆောင်မှုအခန်းကဏ္ဍတွေမှာ အမျိုးသားတွေနဲ့ တန်း တူရရှိရေး အဲ့ဒါတွေ ကိုင်ဆောင်ပြီး ကိုယ်ဝတ်ထားတဲ့ အကျင်္ီအရောင်အလိုက် အုပ်စုလေးတွေဖွဲ့ပြီး ချီတက်ကြတာပါ”ဟု ပြော သည်။
ချီတက်ပွဲပြီးနောက် မဲဆောက်မြို့မြူနီစပယ်ရုံးအရောက်တွင် မိုးလုံလေလုံအားကစားကွင်းခန်းမ၌ နိုင်ငံတကာ အမျိုးသမီးများ နေ့ အခမ်းအနားကျင်းပခဲ့ကြပြီး သက်ဆိုင်ရာ ထိုင်းအာဏာပိုင်များနှင့် ထိုင်းအမျိုးသမီးအဖွဲ့အစည်းများမှ တာဝန်ရှိသူအချို့ မိန့်ခွန်းပြောကြားခဲ့ကြကာ လွန်ဆွဲ၊ ဂုန်နီအိတ်စွပ်၊ ပင်ဘောင်ရိုက်ခြင်း စသည့် အမျိုးသမီးအားကစားပြိုင်ပွဲများလည်း ပြုလုပ် ကျင်းပခဲ့သည်။
Migrant Right Promotion Working Group-MRPWG မှ အဖွဲ့ဝင်တစ်ဦးဖြစ်သူ မမြတ်စုအောင်က “အမျိုးသမီးတွေ ဂုဏ် သိက္ခာရှိစွာနဲ့ နေနိုင်ဖို့၊ အလုပ်လုပ်နိုင်ဖို့၊ ခွဲခြားခြင်းမရှိဘဲ တန်းတူရင်ဘောင်တန်းပြီး အနာဂတ် ခရီးလမ်းမှာ ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းနိုင်ဖို့အတွက် ဒီနေ့ကျရောက်တဲ့ နိုင်ငံတကာအမျိုးသမီးများနေ့ ကျင်းပပေးရခြင်းဖြစ်တယ်ဆိုတာ ပြောချင်တယ်”ဟု ပြောသည်။
မဲဆောက်မြို့ရှိ နိုင်ငံတကာအမျိုးသမီးများနေ့အခမ်းအနားကို MRPWG မှ ကမကထပြု ကျင်းပပေးခဲ့ခြင်းဖြစ်ပြီး ထိုင်းနိုင်ငံသို့ ရွှေ့ပြောင်းရောက်ရှိနေသည့် မြန်မာ့အမျိုးသမီးများအား နိုင်ငံတကာ အမျိုးသမီးများနေ့ ဖြစ်ပေါ်လာပုံ၊ လွန်ခဲ့သော နှစ်ပေါင်း ၁၀၀ကျော်က အမျိုးသမီးအခွင့်အရေးအတွက် တိုက်ပွဲဝင်ခဲ့သည့် အမျိုးသမီးများအား ဂုဏ်ပြုသည့်အနေဖြင့် ကမ္ဘာ့ကုလသမဂ္ဂ က စတင် ကျင်းပခဲ့ကြခြင်း ဖြစ်သည်။