Home သတင်း အပစ်ရပ်ကာလတွင် RCSS/ SSA တပ်စခန်းတစ်ခုကို ထိုးစစ်ဆင်သိမ်းပိုက်

အပစ်ရပ်ကာလတွင် RCSS/ SSA တပ်စခန်းတစ်ခုကို ထိုးစစ်ဆင်သိမ်းပိုက်

3868
‌မေလ ၉ရက်၊ ၂၀၁၃ခုနှစ်။ စဖန်း‌ရှောင်း (‌ကေအိုင်စီ)


အပစ်ရပ်ကာလအတွင်း သျှမ်းပြည်‌မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းပြည်ပြန်လည်ထူ‌ထောင်‌ရေး‌ကောင်စီ RCSS/SSA ၏ တပ်စခန်းတစ်ခုကို ယ‌နေ့ မနက်က အစိုးရတပ်မှ ထိုးစစ်ဆင် တိုက်ခိုက် သည့်အတွက် နှစ်ဖက်တပ်အကြား တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားကာ RCSS/SSA တပ်မှ ဆုတ်ခွါ‌ပေးခဲ့ရသည်ဟု သိရသည်။

RCSS/SSA ၏ အမှတ်(၇၀၁)‌ဒေသရှိ ‌နောင်မတပ်စခန်းကို မြန်မာအစိုးရတပ် စစ်ကွပ်ကဲ‌ရေးဌာနချုပ်-စကခ (၁၆) လက် ‌အောက်ခံ နမ့်ခမ်းအ‌ခြေစိုက် ခလရ (၁၄၅)တပ်ရင်းက ယ‌နေ့ ‌မေလ ၉ရက်‌နေ့ နံနက်ပိုင်း ၄နာရီခွဲခန့်က လက်နက်ကြီးများဖြင့် စတင် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု RCSS/SSA ‌ပြောခွင့်ရသူ ဗိုလ်မှူးစိုင်း‌လောဝ်ဆိုင်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းက “အခုဖြစ်‌နေတဲ့ တိုက်ပွဲအရ အစိုးရတပ်ဘက်က လက်နက်ကြီး‌တွေနဲ့ စတင်ကျူး‌ကျော်ပြီး ပစ်ခတ်လာတယ်။ မနက်က တည်းက ဖြစ်‌နေတာ ‌နေ့လည်အထိပဲ။ အခု ၃နာရီခွဲ ‌နောက်ဆုံးသတင်းအရ အင်အားချင်းမမျှလို့ ကျ‌နော်တို့ဘက်က ‌နောင်မ တပ်စခန်းက‌နေ ဆုတ်‌ပေးလိုက်ရတယ်”ဟု ဆိုသည်။

ယ‌နေ့ဖြစ်ပွားသည့် တိုက်ပွဲသည် RCSS/SSA နှင့် အစိုးရတပ်အကြား အပစ်ရပ်ကာလအတွင်း အပြင်းထန်ဆုံး တိုက်ပွဲဖြစ်သလို ယင်းတိုက်ပွဲ‌ကြောင့် ထို‌ဒေသရှိ ‌နောင်မ‌ကျေးအုပ်စုအတွင်း ‌နောင်ခမ်း၊ ဝမ်းတာ‌ဟေး၊ ဟိုဆိုင်း၊ ဝမ်ကွန် စသည့်‌ကျေးရွာ ၉ရွာမှ အရပ်သားများသည် တရုတ်နိုင်ငံဘက်ခြမ်းသို့ ထွက်‌ပြေးတိမ်း‌ရှောင်ရသည်ဟုလည်း ဗိုလ်မှူးစိုင်း‌လောဝ်ဆိုင်းက ဖြည့်စွက်‌ပြော ဆိုသည်။

ထို့အပြင် ယ‌နေ့တိုက်ပွဲအတွင်း အစိုးရတပ်ဘက်မှ ၁ဝဦးထက်မနည်း ကျဆုံးပြီး RCSS/SSA ဘက်မှ တပ်ဖွဲ့ဝင်တစ်ဦး ကျဆုံး သည်ဟု RCSS/SSA တာဝန်ရှိသူများက ‌ပြော‌သော်လည်း ‌ကေအိုင်စီအ‌နေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိ‌သေး‌ပေ။

“အပစ်ရပ်ကာလမှာ အစိုးရက ကျ‌နော်တို့ကို ဒီအတိုင်း ရန်စ‌နေမယ်ဆိုရင် တိုက်ပွဲက‌တော့ ဆက်ဖြစ်သွားမှာပဲ။ အရင်တုန်းက ထိ‌တွေ့မှုဖြစ်တယ်ဆိုတာ အခန့်မသင့်လို့ တစ်ဖက်နဲ့တစ်ဖက် ပစ်ခတ်တာ‌တွေ‌တော့ရှိတယ်။ အခုလိုမျိုး ရည်ရွယ်ချက်ရှိရှိနဲ့ စတင် ပစ်ခတ်လာတာဖြစ်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

မြန်မာအစိုးရတပ်နှင့် RCSS/SSA တို့အကြား အပစ်ရပ်ကာလအတွင်း စစ်‌ရေးတင်းမာမှု မကြာမခဏ ဖြစ်ပွားကာ ယခုအချိန်ထိ တိုက်ပွဲ‌ပေါင်း အကြိမ် ၅၀‌ကျော်ရှိပြီဖြစ်သည်။