အယ်ဒီတာ့အာဘော်
မြန်မာပြည်၏ နိုင်ငံရေး အပြောင်းအလဲကာလသည် ဒီမိုကရေစီနိုင်ငံ ပေါ်ထွန်းရေး ဖြစ်သည်။ တိုက်ပွဲများ ဆူညံ၍ စစ်ပြေးဒုက္ခ သည်များ နယ်စပ်တွင် ပြည့်နှက်နေသည့်ကာလမှာလည်း ယနေ့အထိ ဖြေရှင်းကျော်လွှားနိုင်ခြင်း မရှိသေး။ ပြည်သူလူထုက စား ဝတ်နေရေးမှလည်း ရုန်းမထွက်နိုင်သေးဘဲ ပင်ပမ်းဆင်းရဲနေဆဲပင် ရှိနေသေးသည်။ လူထုတွင်း ဘာသာရေး၊ လူမျိုးရေးပဋိပက္ခ များမှာ မပြီးဆုံးတတ်သေးဘဲ မီးခဲပြာဖုံး တအုံနွေးနွေး ဖြစ်နေလျက်ပင် ရှိသည်။
လွှတ်တော်အတွင်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်း၊ အသစ် ရေးဆွဲပြဌာန်းရန် ဆွေးနွေးမှုများ အတည်မပြုနိုင်သေးသလို စတုတ္ထမဏ္ဍိုင် မီဒီယာတိုင်နှင့် ပတ်သက်၍လည်း ဥပဒေ လုံလောက်စွာ မပြဌာန်းနိုင်သေးပေ။ အစိုးရ ပိုင်၊ ပုဂ္ဂလိကပိုင် မီဒီယာများထဲတွင် လူထုအခြေပြု မီဒီယာအဖွဲ့များ အကျုံးဝင်ရန် တိုးဝှေ့ တင်ပြ အသိပေးနေရဆဲ ဖြစ်သည်။ မီဒီယာသည် လူထုနှင့် အစိုးရကြား ပေါင်းကူးတံတားဖြစ်သည်ဟု မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအုန်းမြင့်က မော်လမြိုင်တွင် ဧပြီလ ကုန်က ကျင်းပခဲ့သည့် တိုင်းရင်းမီဒီယာညီလာခံ၌ အဖွင့်အမှာစကား ပြောဆိုခဲ့သည်။
ဒီမိုကရေစီတိုင်းပြည်သို့ ကြိုးပမ်းတက်လှမ်းရာတွင် ပူးပေါင်းပါဝင်သင့်သူများအနက် အဓိကဖြစ်သည့် ပြည်သူလူထု မပါဝင်ပါက တိုင်းပြည်တည်ဆောက်မှုသည် အနှစ်မပါ အကာသက်သက် အပေါ်ယံကြော တည်ဆောက်မှုဖြစ်သွားနိုင်သည်။ ထုထည်အင် အားမကြီးလျှင် မခိုင်မာ၊ မခိုင်မာလျှင် ပြိုပျက်လွယ်သည့် သဘောသဘာဝအရ တောင့်တင်းကျစ်လစ်ခိုင်မာဖို့ရန် အလွန် အရေး ကြီးသည်။ အထူးသဖြင့် အခြေခံလူတန်းစားများ ဖြစ်ကြသည့် တောင်သူလယ်သမား၊ အလုပ်သမားများ၊ တိုင်းရင်းသားသွေးချင်း များအားလုံး လှည်းနေလှေအောင်း မြင်းစောင်းမကျန် မဖြစ်မနေ၊ မရပ်မနား ဝိုင်းဝန်းတည်ဆောက်ရမည်ဖြစ်သည်။
ယင်းသို့ တည်ဆောက်ရာတွင် မီဒီယာကဏ္ဍကို ချန်လှပ်ထား၍လည်း မရ။ တိုင်းပြည်၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ် အဆင့် တိုင်းတွင် မီဒီယာအားဖြင့်လည်း လမ်းကြောင်းမှန်ပေါ်ရောက်အောင် တွန်းပို့သည့်အင်အားရှိသည်ကို မေ့ဖျောက်မထားသင့်ပေ။ ဤကာလသည် ပြောင်းလဲမှုကို ဖော်ဆောင်နေသည်ဖြစ်၍ မီဒီယာနှင့် ဆက်စပ်ကာ အုပ်ချုပ်ရေး၊ ပညာရေး၊ ဆက်သွယ်ရေး၊ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ စနစ်များကိုလည်း တစ်ပါတည်း ပြောင်းလဲပစ်နိုင်မည် ဖြစ်သည်။ ထို့အပြင် လွတ်လပ်စွာ သတင်းရယူ၊ ရေးသား ဖော်ထုတ် ပြောဆိုခွင့်ကို အခြေခံကာ နိုင်ငံတကာ စံချိန်စံညွှန်းနှင့် ကိုက်ညီမည့် ဘက်စုံမီဒီယာဥပဒေ တစ်ရပ်ကိုလည်း တိုင်းပြည်တည်ဆောက်ရေး၏ အရေးပါဆုံး အဆင့်တစ်ဆင့်အဖြစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတွင် အတည်ပြု ပြဌာန်းသင့်သည်။
သုံးတတ်လျှင် ဆေး၊ မသုံးတတ်လျှင် ဘေး ဆိုသကဲ့သို့ မီဒီယာကို နိုင်ငံရေး၊ စီးပွားရေးတို့အတွက် အသုံးပြုခံမဖြစ်စေဘဲ အမြတ်ထုတ်ခြင်းနှင့် အဆိပ်အတောက်ကင်းစင်သည့် တိုင်ပြည်တည်ဆောက်ရေးလုပ်ငန်းတစ်ခုအဖြစ် ရပ်တည်သွားသင့် သည်။ အလားတူ အများအကျိုးပြု မီဒီယာနှင့် အရပ်ဖက် မီဒီယာလုပ်ငန်း ပေါ်ထွန်းရေး၊ မီဒီယာအဖွဲ့အစည်းနှင့် ဝန်ထမ်းများ၏ လုံခြုံမှုကာကွယ်ပေးနိုင်ရေး၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများ၌ တိုင်းရင်းသားမီဒီယာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို လွတ် လပ်စွာ ဆောင်ရွက်နိုင်စေရန် ပြည်ထောင်စုနှင့် ပြည်နယ်အစိုးရများက ပူးပေါင်းပါဝင်သွားခြင်းသည်လည်း ဒီမိုကရေစီတိုင်းပြည် ပေါ်ထွန်းမှုအတွက် အားကောင်းသည့် ဒေါင့်တိုင်တစ်ခုကို မတ်ထူပေးလိုက်သည့် အားအင်ကြီးတစ်ခုဟုပင် ဆိုရပေတော့မည်။