(မောင်ကျော်စွာ(ဆောင်းပါး))
(၂၀၁၃ခုနှစ်၊ ဇွန်လ ၇ရက်)
“ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း”မှ “ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်”အဖြစ် အသိအမှတ်ပြုရန် “ဝ”အမျိုးသားသွေးစည်း ညီညွှတ်ရေး ပါတီ (UWSP) က တောင်းဆို သံ ပေါ်ထွက်လာပါတယ်။
ယင်းသို့သော တောင်းဆိုမှုသည် လက်ရှိ သမ္မတဦးသိန်းစိန်အစိုးရထံ တောင်းဆိုခြင်းဖြစ်ပါတယ်။ ၂၀၀၈ အခြေခံဥပဒေတွင် ပြဋ္ဌာန်းထားသည့် “ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း”မှ “ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်”အဖြစ် အသိအမှတ်ပြုပေးရန် တောင်းဆို ခြင်းလည်း ဖြစ်ပါတယ်။ ရှမ်းပြည်နယ်မှ ခွဲထွက်ရန်မဟုတ်၊ သီးခြား တိုင်းပြည်ထူထောင်ရန်လည်း မဟုတ်ဟု အခိုင်အမာ ပြော ဆိုထားပါတယ်။
“ဝ”တိုင်းရင်းသားလူမျိုးဆိုသည်မှာ မနေ့တစ်နေ့က ပြည်ပမှ ဝင်ရောက်အခြေချလာသည့် လူမျိုးမဟုတ်ပါ။ မြန်မာနိုင်ငံတွင် သားစဉ်မြေးဆက် နေထိုင်လာခဲ့ကြသော အခြားသော တိုင်းရင်းသားမျိုးနွယ်များထဲမှ လူမျိုးတစ်မျိုးသာဖြစ်ပါတယ်။
လူမျိုးတစ်မျိုးသည် သူတို့၏ ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံများကို အရှည်တည်တံ့ထွန်းကားအောင် လုပ် ဆောင်လိုခြင်းသည် သက်ဆိုင်ရာ တိုင်းရင်းသားလူမျိုး၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ အခွင့်အရေးတစ်ရပ်ပင်ဖြစ်ပါတယ်။ ထို့အပြင် အခြားသော တိုင်းရင်းသားလူမျိုးများနှင့် တန်းတူရည်တူ ယှဉ်တွဲနေထိုင် ဆုံးဖြတ်လုပ်ကိုင်လိုမှုဟာလည်း တရားမျှတပြီး သဘာ ဝကျသည့် တောင်းဆိုချက်သာ ဖြစ်ပါတယ်။
ကျနော်တို့တိုင်းပြည်တွင် ဒီမိုကရေစီအခွင့်အရေးနှင့် တိုင်းရင်းသားအခွင့် အရေးများ ပြည့်ပြည့်ဝဝ မရှိခဲ့သည်မှာ လွတ်လပ်ရေး သက်တမ်းနှင့်အမျှ ရှည်ကြာခဲ့ပြီလည်း ဖြစ်ပါတယ်။
အခြေခံဥပဒေရှုဒေါင့်အရ ပြောရမည်ဆိုလျှင် ၁၉၄၇အခြေခံဥပဒေတွင်လည်းကောင်း၊ ၁၉၇၄အခြေခံဥပဒေတွင်လည်းကောင်း၊ ၂၀၀၈ အခြေခံ ဥပဒေတွင်လည်းကောင်း ဒီမိုကရေစီအခွင့်အရေးနှင့် တိုင်းရင်းသားအခွင့်အရေးများ ပြည့်ပြည့်ဝဝ ဖော်ထုတ်ပြ ဋ္ဌာန်းထားခြင်း မရှိခဲ့ပါ။ မရှိသေးပါ။
၁၉၄၇ အခြေခံဥပဒေတွင် ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်တို့သာ ပါရှိခဲ့ပါတယ်။
၁၉၇၄ အခြေခံဥပဒေတွင် ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ် ဟူ၍ ပြည်နယ် ၄ခု ပါရှိလာခဲ့ပြီး အများ သိကြသည့် တိုင်း (၇)တိုင်း၊ ပြည်နယ် (၇)ခု “ပြည်ထောင်စု”ဟူသော “နိုင်ငံတော်ဖွဲ့စည်းပုံ တည်ဆောက်ပုံ” ပေါ်ပေါက်လာခြင်း ဖြစ်ပါတယ်။
၂၀၀၈ အခြေခံဥပဒေတွင်မူ လက်ရှိ တိုင်းနှင့်ပြည်နယ် ၁၄ခုကို မပြောင်းလဲဘဲ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ၁ခုနှင့် ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသ ၅ခု ဖော်ထုတ်လာပါတယ်။ စစ်ကိုင်းတိုင်းထဲတွင် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၁ခု ဖော်ထုတ်ခဲ့ပြီး ရှမ်းပြည် နယ်ထဲတွင် ဓနု၊ ပအိုဝ်း၊ ပလောင်၊ ကိုးကန့်တို့ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများအဖြစ်လည်းကောင်း၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရ တိုင်းအဖြစ်လည်းကောင်း ဖော်ထုတ်ဖွဲ့စည်းခဲ့ပါတယ်။
ယင်းသို့ ဖော်ထုတ်ဖွဲ့စည်းခဲ့သည့် အသွင်သဏ္ဍာန်ကိုသာ ကွက်၍ကြည့်ပြီး အချို့သော တိုင်းရင်းသားခေါင်းဆောင်ဆိုသူများက ယခင်အခြေခံ ဥပဒေဟောင်း ၂ခုထက်စာလျှင် ယခု ၂၀၀၈ အခြေခံဥပဒေတွင် တိုင်းရင်းသားလူမျိုးများအတွက် အခွင့်အရေး များ ပို၍ပေးအပ်ထားလေသယောင်ယောင်၊ တိုင်းရင်းသားအခွင့်အရေးများ ပိုရရှိထားလေသယောင်ယောင် ပြောဆိုတာ ကြား သိရပါတယ်။
ဤပြောဆိုချက်သည် တိုင်းရင်းသားအင်အားစုများ နှစ်ပေါင်းများစွာ ရပ်တည် တိုက်ပွဲဝင်ခဲ့ကြရသည့် တန်းတူရေးနှင့် ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် အပြည့်အဝရရှိရေးဟူသော အဓိကဦးတည်ချက်မှ လွဲမှားသွေဖီသွားစေရန် အုပ်စိုးသူများ စိတ်ကြိုက်ရှေ့နေလိုက် ပြောဆိုနေခြင်းသာ ဖြစ်ပါ တယ်။ ဤသည်တို့မှာ သဏ္ဍာန်ဆန်သော၊ အပေါ်ယံကျလွန်းသော ပြောဆိုချက်လည်း ဖြစ်ပါတယ်။
ယခင် ၁၉၄၇အခြေခံဥပဒေတွင် “ပြည်နယ်” မရခဲ့ကြသည့် “ကရင်၊ ချင်း၊ မွန်၊ ရခိုင်” တိုင်းရင်းသားများ ၁၉၇၄ အခြေခံဥပဒေ တွင် ပြည်နယ် ကိုယ်စီရရှိလာပါတယ်။ ပြည်နယ်ရရှိလာသည့် ထိုတိုင်းရင်းသားလူမျိုးများ (ကရင်၊ ချင်း၊ မွန်၊ ရခိုင်)တွင် တန်းတူ ရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရခဲ့သလား၊ ရှိခဲ့ပါသလား။ ဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်နိုင်ခဲ့ပါသလား။
ဤမေးခွန်းများကို အုပ်စိုးသူများအကြိုက် ပြောနေသော တိုင်းရင်းသားခေါင်းဆောင်ဆိုသူများထံမှ တိကျသောအဖြေကို ကြား သိလိုပါတယ်။
၂၀၀၈ အခြေခံဥပဒေဟာ (နဝတ-နအဖ) စစ်အစိုးရ စိတ်ကြိုက်ရေးဆွဲပြီး အဓမ္မအတည်ပြုပြဋ္ဌာန်းခဲ့သော ဥပဒေဖြစ်ပါတယ်။ ဤအချက်ကို မျက်ကွယ်ပြုပြီး အချို့သော တိုင်းရင်းသားပါတီများမှ လွှတ်တော်ကိုယ်စားလှယ်များသည် ၂၀၀၈ အခြေခံဥပဒေ ဘောင်ထဲမှနေ၍ ဖက်ဒရယ် ပြည်ထောင်စုအဖြစ်သို့ တစတစ ပြောင်းလဲသွားနိုင်တယ်။ ထိုသို့ ပြောင်းလဲနိုင်သည့် အခြေခံမူများ ၂၀၀၈ အခြေခံဥပဒေထဲ၌ ပါရှိနေတယ်ဟု ပြောဆိုနေသံကိုလည်း အံ့ဩဖွယ် ကြားသိနေရပါတယ်။
၂၀၀၈ အခြေခံဥပဒေတွင် ပြည်နယ်/ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများကို မည်သို့သော အခြေခံမူ များ၊ အခြေအနေ အချက်အလက်များနှင့် ညီညွတ်လျှင် မည်သို့သော နည်းလမ်းများကျင့်သုံး၍ တိုးချဲ့ဖွဲ့စည်းနိုင်သည်ဟူသော ပြဋ္ဌာန်းချက်မျိုး မပါရှိချေ။ သက်ဆိုင်ရာပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ၏ နယ်နိမိတ် ပြောင်းလဲခြင်း၊ အမည်ပြောင်းလဲခြင်းမျှလောက်ကိုသာ ပြုလုပ်နိုင်ခွင့်ရှိပါတယ်။
“ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ထိုဒေသတွင်းရှိ မြို့နယ်များကို စုစည်း၍ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် စုစည်းသည်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတွင် ထိုဒေသတွင်းရှိ ခရိုင်များကို စုစည်း၍ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအဖြစ် စုစည်းသည်” ဟူ၍သာ ဖော်ပြထားပါတယ်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတို့၏ အဆင့်အတန်းနှင့် အခွင့်အလမ်းကို ဖော်ပြ မထားပါ။
၂၀၀၈ အခြေခံဥပဒေ၊ ဇယား (၃)တွင် ဖော်ပြထားသည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ဦးစီးအဖွဲ့၏ ဥပဒေပြုစာရင်း ဆို သည်မှာလည်း မြို့နယ်မြူနီစပယ်အဖွဲ့တစ်ခု၏ အခွင့်အရေးမျှလောက်သာ ဖြစ်ပါတယ်။
ထို့အပြင် တိုင်းရင်းသားပြည်သူများ၏ ဒီမိုကရေစီ အခွင့်အရေးတောင်းဆိုမှုနှင့် တိုင်းရင်းသားအခွင့်အရေး တောင်းဆိုမှုများကို အုပ်စိုးသူအဆက်ဆက်သည် လက်နက်ဖြင့် အကြမ်းဖက် ဖိနှိပ်ချေမှုန်းခဲ့ခြင်းနှင့် “ဖက်ဒရယ်”တောင်းဆိုခြင်းမှာ ခွဲထွက်ရေးသာ ဖြစ်သည်ဟု သရုပ်ဖျက်ခဲ့ကြသည့်အချက်ပင် ဖြစ်ပါတယ်။
တိုင်းရင်းသားပြည်သူများသည် ဒီမိုကရေစီအခွင့်အရေးများနှင့် တိုင်းရင်းသားအခွင့်အရေးများ ပြည့်ပြည့်ဝဝ ရရှိရေးအတွက် မတတ်သာဘဲ လက်နက်ကိုင်စွဲ ခုခံတော်လှန်ခဲ့ကြရခြင်းဖြစ်ပါတယ်။
အုပ်စိုးသူအဆက်ဆက်၏ လက်နက်ဖြင့်အကြမ်းဖက်မှုကို လက်နက်စွဲကိုင်ပြီး ခုခံစစ်ဆင်နွှဲရခြင်းသာဖြစ်ပါတယ်။ မလွှဲမရှောင် သာ ရွေးချယ်ခဲ့ရသော နည်းလမ်းလည်းဖြစ်ပါတယ်။ ဤသို့ရွေးချယ်ခဲ့မှုမှာ တရားမျှတပြီး မှန်ကန်သည့် ရွေးချယ်မှုလည်းဖြစ်ပါ တယ်။ ဤနည်းလမ်းကို မရွေးချယ်ခဲ့လျှင် တိုင်းရင်းသားများ၏ အခွင့်အရေးတောင်းဆိုမှုသည် လူမျိုးကြီးဝါဒဖြင့် အကြမ်းဖက် ဖိနှိပ်သော အုပ်စိုးသူအဆက်ဆက်၏ ခြေဖဝါးအောက်တွင် မှုန့်မှုန့်ညက်ညက် ကျေလျက်ရှိနေတော့မည်မှာ အသေအချာပင် ဖြစ် ပါတယ်။
သို့ပါ၍ “ဝ” တိုင်းရင်းသားများ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်တောင်းဆိုနေသည်ကို ကြည်လင်သောအမြင်၊ စာနာတတ်သော သဘောထားဖြင့် ကြည့်တတ်မြင်တတ်၊ သဘောထားတတ်ဖို့ သိပ်အရေးကြီးပါတယ်။ လက်နက်ကိုင်စစ်တပ် အင်အားကောင်း လို့၊ တစ်ဖက်နိုင်ငံအားကိုးရှိလို့၊ (ဗကပ)ခေါင်းဆောင်မှု ခံယူခဲ့ဖူးလို့ စသော အယူအစွဲတွေ ကင်းစင်ဖို့လည်း သိပ်လိုအပ်ပါတယ်။
“ဝ” တိုင်းရင်းသားများကဲ့သို့ပင် အခြားသော တိုင်းရင်းသားများကလည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ တိုင်း၊ ပြည်နယ် တောင်း ဆိုလာလျှင်ကော သင်တို့မည်သို့ သဘောထားကြမလဲ။
မည်သည့်လူမျိုးသည် ပြည်နယ်ရထိုက်ပြီး မည်သည့်လူမျိုးသည် ပြည်နယ်မရထိုက်သေး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအဖြစ်သာ နေသင့်သည်ဟူသော ဆုံးဖြတ်ချက်၊ စီရင်ချက်၊ ပြဋ္ဌာန်းချက်မျိုး ချမှတ်ပိုင်ခွင့် သင်တို့ထံတွင် လုံးဝမရှိပါ။ ဤကဲ့သို့သော ကိစ္စ ကြီးများနှင့်ပတ်သက်၍ တိုင်းရင်းသားအင်အားစုများ၊ တိုင်းချစ်ပြည်ချစ် နိုင်ငံရေးအင်အားစုများ အားလုံးပါဝင်နိုင်သည့် အမျိုး သားညီလာခံကြီးတွင်သာ တန်းတူရည်တူ ဆွေးနွေး ညှိနှိုင်းဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။
သို့ပါ၍ ၂၀၀၈အခြေခံဥပဒေကို အမြန်ဆုံး ဖျက်သိမ်းပြီး ဒီမိုကရေစီအခွင့်အရေးနှင့် တိုင်းရင်းသားအခွင့်အရေးများ တိတိကျကျ အာမခံနိုင်သည့် အခြေခံဥပဒေသစ်တစ်ရပ် ရေးဆွဲနိုင်ရန် အထူးလိုအပ်ပါတယ်။