ဇွန်လ ၁ဝရက်၊ ၂၀၁၃ခုနှစ်။ စောခါးစူးညား (ကေအိုင်စီ)
တနသင်္ာရီတိုင်း၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့နယ်ခွဲရှိ ဝါးတောရွာသားလေးဦးကို စေခိုင်းမရ၍ ရိုက်နှက်ခဲ့သည့် အစိုးရတပ် စစ်ကွပ် ကဲရေးဌာနချုပ်(စကခ-၁၉) လက်အောက်ခံ ခြေမြန်တပ်ရင်း (ခမရ-၅၈၈) တပ်ရင်းမှ ဗိုလ်မှူးအောင်ဝင်းထူးသည် ဇွန်လ ၈ရက် နေ့က ဝါးတောတောင်သူတစ်ဦးအား ထပ်မံ ခြိမ်းခြောက်ခဲ့သည်။
အမည်မဖော်လိုသူ ဒေသခံတစ်ဦးက “ဇွန်လ ၇ရက်နေ့က ဗိုလ်မှူးအောင်ဝင်းထူးကို မေတ္တာမြို့က ဗျူဟာက ခေါ်တယ်။ ခေါ်ပြီး အဲဒီညနေမှာပဲ ပြန်လာတယ်။ ပြန်လာပြီး နောက်နေ့မနက်မှာပဲ တောင်ယာခင်းက ပိုးသတ်ဆေးဖြန်းနေတဲ့ ဝါးတောရွာက စော ချစ်မောင် ၂၅နှစ်ကို ဘယ်သူ့အမိန့်နဲ့ ဒီဆေးကို ဖြန်းတာလဲမေးပြီး မင်းရဲ့ ဝါးတောရွာ ဥက္ကဌကို သွားခေါ်စမ်းလို့ခိုင်းတယ်”ဟု ကေအိုင်စီသို့ ပြောဆိုသည်။
ဗိုလ်မှူးအောင်ဝင်းထူးသည် ယခုလ ၄ရက်နှင့် ၅ရက်နေ့များက ဝါးတောရွာသားများကို ရိုက်နှက်ခဲ့သဖြင့် သက်ဆိုင်ရာ နည်းဗျူ ဟာ(၂)နှင့် စစ်ဗျူဟာ(၂)သို့ ရွာသားများက တိုင်ကြားခံခဲ့သည်ကို သက်ဆိုင်ရာက ခေါ်ယူစစ်ဆေးခြင်းသာ လုပ်ဆောင်ခဲ့ပြီး ၎င်းတာဝန်ကျရာ တပ်ရင်းသို့ ပြန်ရောက်လာပြီးနောက်ပိုင်း ထိုသို့ ခြိမ်းခြောက်မှု ဆက်လုပ်နေခြင်းဖြစ်သည်။
ထို့အပြင် ဝါးတောရွာသားများ ရိုက်နှက်ခံရခြင်းနှင့်ပတ်သက်၍ မေတ္တာမြို့နယ်ခွဲအခြေစိုက် ကရင်အမျိုးသားအစည်းအရုံး(KNU) ၏ ထီးမိုပွာမြို့နယ်မှူး ပဒိုစောကြည်နိုက ဇွန်လ ၆ရက်နေ့တွင် မေတ္တာမြို့သို့သွားရောက်ကာ ညှိနှိုင်းမှုများ ပြုလုပ်ခဲ့သည့်တိုင် ယခုလို အပြုအမူများ ဆက်လက် ဖြစ်ပွားနေဆဲဖြစ်ကြောင်း KNU နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
သို့သော် ဝါးတောရွာအနောက်ဘက် မနီးမဝေးရှိ လမ်းခွဲနေရာ၌ ယခင် တပ်စွဲထားသည့် ခမရ-၅၈၈ တပ်ရင်းသည် ဇွန်လ ၅ရက် နေ့နောက်ပိုင်းက ထိုနေရာမှ ထွက်ခွါသွားခဲ့သည်ဟု ဒေသခံများက ပြောဆိုသည်။
မြန်မာအစိုးရ လှုပ်ရှားစစ်တပ် ထီးထာ့ရွာအခြေစိုက် ခမရ-၅၈၈ တပ်ရင်းမှူး ဗိုလ်မှူးအောင်ဝင်းထူးသည် ဇွန်လ ၄ရက်နေ့က ဝါးတောရွာသားဖြစ်သူ စောဖောရီ၊ စောခွါးသားနှင့် စောအောင်ကျော်မိုး ၃ဦးနှင့် စောအချိုင်းကို ပါးရိုက်ခဲ့သည်။ ၎င်းတပ်ရင်း သည် ခမရ-၂၉၉ တပ်ရင်း၏နေရာကို မေလ ၂၆ရက်နေ့ကမှ အစားထိုး ဝင်ရောက်လာသည့် တပ်ရင်းဖြစ်ပြီး လက်ရှိ တစ်ဖွဲ့လျှင် အင်အား ၆ဝ ဝန်းကျင်ဖြင့် အဖွဲ့နှစ်ဖွဲ့ခွဲ၍ လှုပ်ရှားလျှက်ရှိသည်။
ယင်းသို့ တပ်အပြောင်းအလဲ ပြုလုပ်ချိန်က ဗိုလ်မှူးအောင်ဝင်းထူးဦးဆောင်သည့် ခမရ-၅၈၈ တပ်ရင်းသည် စစ်ပစ္စည်းများနှင့် တပ်ရိက္ခာများသယ်ဆောင်ရန် ယင်းဒေသရှိ ဆင်ဖြူတိုင်ရွာနှင့် ဝါးတောရွာတို့မှ ကားများကိုလည်း ချောဆွဲခဲ့ကြောင်း ဒေသခံ များက ပြောဆိုသည်။