ဇွန်လ ၁၂ရက်၊ ၂၀၁၃ခုနှစ်။ စောခါးစူးညား (ကေအိုင်စီ)
တနသင်္ာရီတိုင်း၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့နယ်ခွဲရှိ ဝါးတောရွာသားများကို သစ်ခွဲသစ်တိုက်နှင့် အမဲမလိုက်ကြရန် မြန်မာအစိုးရ စစ်တပ် စစ်ကွပ်ကဲရေးဌာနချုပ်(စကခ-၁၉) လက်အောက်ခံ ခြေမြန်တပ်ရင်း (ခမရ-၅၈၈) တပ်ရင်းမှ ဗိုလ်မှူးအောင်ဝင်းထူးက တားမြစ်ထားသည်ဟု ကေအိုင်စီက သတင်းရရှိသည်။
အမည်မဖော်လိုသူ ဒေသခံတစ်ဦးက “သူ(ဗိုလ်မှူးအောင်ဝင်းထူး)က နင်တို့ အမဲလိုက်တဲ့ တောပုန်းသေနတ်အသံ မကြားစေနဲ့။ နောက် နင်တို့ရွာက ဆောက်နေတဲ့ ရွာဟောခန်းအတွက် သစ်တွေခွဲနေတဲ့ စက်အသံကို ငါမကြားစေနဲ့လို့ ပြောတယ်။ ဘာဖြစ် လို့ အဲလိုအခွင့်တွေ လိုက်ပိတ်လဲဆိုတာ ရွာသားတွေကို ဘာမှ ရှင်းပြမထားဘူး”ဟု ကေအိုင်စီသို့ ပြောသည်။
ဗိုလ်မှူးအောင်ဝင်းထူး ဦးဆောင်သည့် ခမရ-၅၈၈ သည် ဝါးတောဒေသတွင် ပြီးခဲ့သည့် မေလကုန်ပိုင်းမှ ယခု ဇွန်လအထိ ခမရ-၂၉၉ တပ်ရင်းနေရာကို လာရောက်တာဝန်ယူသည့်နောက်ပိုင်း ဝါးတောရွာသားများကို ထိုသို့ ပိတ်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။
ထိုသို့ တားမြစ်ပိတ်ပင်ခံထားရသည့်အပေါ် ရွာသားများမှာ လက်ရှိ ဝါးတောရွာအတွက် ဆောက်လုပ်ဆဲ ရွာဟောခန်းကို ဆက် လက် မဆောက်လုပ်ရဲတော့သလို အမဲလိုက်ရန်လည်း မလုပ်ရဲကြတော့ဘဲ စိုးရိမ်ထိတ်လန့်နေကြသည်။
မေတ္တာမြို့နယ်ခွဲအခြေစိုက် ကရင်အမျိုးသားအစည်းအရုံး(KNU)၏ ထီးမိုပွာမြို့နယ်မှူး ပဒိုစောကြည်နိုက ဝါးတောရွာသားများ၏ ရင်ဆိုင်နေရသည့် တားမြစ်ပိတ်ပင်ခံရမှုများကို အနီးကပ်စောင့်ကြည့်ပြီး အခြေအနေ ပိုမို ဆိုးဝါးလာပါက တိုက်ရိုက်ဝင်ရောက် ကူညီဖြေရှင်းပေးသွားမည်ဖြစ်ကြောင်း ကေအိုင်စီသို့ ယခုလို ပြောသည်။
“ဒီကိစ္စအပေါ် ကျနော်တို့ စောင့်ကြည့်နေပါတယ်။ ရွာသားတွေအပေါ် သက်သက်ညှာညှာရှိဖို့လည်း သက်ဆိုင်ရာ အစိုးရတာဝန် ရှိသူတွေကို ပြောထားပါတယ်။ ဒီထက်ဆိုးလာရင်တော့ ပြည်သူဘက်မှာရပ်ပြီး ဖြေရှင်းသင့်တဲ့နည်းနဲ့ ရဲရဲဝံ့ဝံ့ လုပ်သွားမယ်။ လောလောဆယ် အပစ်ရပ်ကာလဖြစ်လို့ ကျနော်တို့ ထိန်းထိန်းသိမ်းသိမ်း လုပ်နေရပါတယ်”ဟု ပဒိုစောကြည်နိုက ပြောဆို သည်။
ဝါးတောဒေသတွင် ခမရ-၅၈၈ တပ်ရင်း လာရောက်တာဝန် မထမ်းဆောင်မီ ရွာသားများသည် ယခင် တာဝန် ထမ်းဆောင်ခဲ့ သည့် ခမရ-၂၉၉ တပ်ရင်းနှင့် ဆက်ဆံရေး အဆင်ပြေကြောင်း သိရသည်။