Home သတင်း ဒုက္ခသည်များ၏ ရိက္ခာ‌ထောက်ပံ့မှု ထပ်မံ ‌လျှော့ချဖွယ်ရှိ

ဒုက္ခသည်များ၏ ရိက္ခာ‌ထောက်ပံ့မှု ထပ်မံ ‌လျှော့ချဖွယ်ရှိ

1946
ဇွန်လ ၂၄ရက်၊ ၂၀၁၃ခုနှစ်။ စဖန်း‌ရှောင်း (‌ကေအိုင်စီ)

Karenni camp.img - 2ထိုင်း-မြန်မာနယ်စပ်တစ်‌လျှောက်ရှိ ဒုက္ခသည်စခန်း ၉ခုကို အ‌ထောက်အပံ့‌ပေး‌သော နိုင်ငံတကာ အလှူရှင်များမှ အ‌ထောက်အ ပံ့ ‌လျော့ပါးမှုများ‌ကြောင့် The Border Consortium (TBC)က စားနပ်ရိက္ခာ ‌ထောက်ပံ့‌ပေးမှုကို ထပ်မံ ‌လျှော့ချမည်ဟု သိရ သည်။

ဒုက္ခသည်များအား အဓိက အ‌ထောက်အပံ့‌ပေး‌နေ‌သော အကူအညီများကို TBC အဖွဲ့ကြီးထံမှ မဖြစ်မ‌နေ ‌လျှော့ချဖွယ်ရှိ‌သော် လည်း ချက်ချင်း အ‌ကောင်အထည်‌ဖော် ‌ဆောင်ရွက်ရန် အစီအစဉ်များ မရှိ‌သေး‌ကြောင်း ကရင်ဒုက္ခသည်‌ကော်မတီ(KRC) မှ တွဲဖက်အတွင်း‌ရေးမှူး ‌နော်ဘလူးမင်းနိုက်ဇန်က ‌ကေအိုင်စီသို့ ‌ပြောသည်။

“အလှူရှင်‌တွေရဲ့အ‌ထောက်အပံ့ ‌လျှော့ချတဲ့အ‌ပေါ်မှာ စခန်း‌တွေကို‌ပေးတဲ့ အ‌ထောက်အပံ့‌တွေကို လိုတိုး၊ ပို‌လျှော့အ‌နေနဲ့ လုပ် သွားဖို့ရှိပါတယ်”ဟု ‌နော်ဘလူးမင်းနိုက်ဇန်က အတည်ပြု ‌ပြောဆိုသည်။

ထို့အပြင် ယခုတစ်ကြိမ် ရိက္ခာအ‌ထောက်အပံ့များ ထပ်မံ‌လျှော့ချရန် အစီအစဉ်ရှိ‌သော်လည်း စခန်းများတွင်းရှိ ဒုက္ခသည်တစ်ဦး ချင်းစီ၏ လိုအပ်မှု၊ မလိုအပ်မှု၊ အသက်အရွယ်၊ အဆင့်အတန်းအလိုက် မျှတအဆင်‌ပြေပြီး နစ်နာမှုမရှိရ‌အောင် ‌သေချာစိစစ်ပြီးမှ သာ ‌ဆောင်ရွက်သွားရန် TBC တွင် သ‌ဘောထားရှိ‌ကြောင်းလည်း သူမက ဆက်‌ပြောသည်။

TBC အမှု‌ဆောင် ဒါရိုက်တာ မစ္စ ဆယ်လီသွမ်မဆင် (Sally Thompson)က ၎င်းတို့အတွက် ဘဏ္ဍ‌ငွေ အခက်အခဲရှိ‌သော်လည်း ဒုက္ခသည်များအား ဆက်လက်အကူအညီ‌ပေးနိုင်ရန် ကြိုးပမ်းသွားမည်ဖြစ်ပြီး KRC၊ ကရင်နီဒုက္ခသည်‌ကော်မတီ(KnRC)၊ လူထု အ‌ခြေပြုအဖွဲ့(CBO)များနှင့်လည်း ‌ဆွေး‌နွေးတိုင်ပင်မှုများ ပြုလုပ်သွားမည်ဟု ဇွန်လ ၁ဝရက်‌နေ့တွင် အသိ‌ပေး ‌ပြောကြားထား သည်။

ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းများတွင် ရိက္ခာ‌ထောက်ပံ့မှု အစီအစဉ်ကို တစ်လတစ်ကြိမ် TBC က ‌ထောက်ပံ့မှု‌ပေးထားပြီး လက်ရှိ လူတစ်ဦးလျှင် ဆန် ၁၅ကီလို မှ ၁၃ကီလိုခွဲ၊ ပဲ ၁ကီလို၊ ဆီ ၁လီတာ၊ ငါးပိ ၅ခစ်၊ ဆား ၂ခစ်၊ မီး‌သွေး ကီလို ၂ဝအထိ ‌ထောက်ပံ့‌ပေးထားသည်။ (တစ်ကီလိုလျှင် ၁ဝခစ်နှုန်းရှိသည်)

မယ်လစခန်းမှ တာဝန်ရှိသူတစ်ဦးက “စားနပ်ရိက္ခာအ‌နေနဲ့ လူတစ်ဦးချင်းစီအတွက် ‌ထောက်ပံ့တာက အဓိက ‌ထောက်ပံ့တာ ၇ မျိုး ရှိတယ်။ အခု ငြုပ်သီး‌ခြောက်‌တော့ မ‌ပေး‌တော့ဘူး။ အဲဒီဟာ‌တွေအကုန်လုံး အပြည့်အဝ မ‌ပေးနိုင်ဘဲ ‌လျှော့ချလိုက်တာ တနှစ်‌လောက်ရှိပြီ”ဟု ‌ပြောသည်။

မြန်မာအစိုးရနှင့် ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ)တို့အကြား ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်မှုများနှင့် ဒုက္ခသည်များအား ‌နေရပ်ပြန်ပို့မည့် သတင်းများ‌ကြောင့် အလှူရှင်များမှ စားနပ်ရိက္ခာ‌ထောက်ပံ့မှုများကို ၂၀၁၂ခုနှစ်ဆန်းပိုင်းမှစ၍ စတင် ‌လျှော့ချခဲ့ ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံမှ ဒုက္ခသည်များ ထိုင်းနိုင်ငံသို့ ‌ရောက်လာသည့် ၁၉၈၄ခုနှစ်က TBC ကို စတင်တည်‌ထောင်ခဲ့ပြီး ထိုင်း-မြန်မာနယ် စပ်တစ်‌လျှောက်ရှိ မယ်လ၊ မယ်ရာမို၊ မယ်လအူး၊ အုန်းဖျန်၊ နို့ဖိုး၊ ဘမ့်ဒိုယန်း၊ ထမ်းဟင်၊ ကရင်နီ အမှတ်(၁)နှင့် အမှတ်(၂) ဒုက္ခ သည်စခန်း ၉ခုမှ လူ‌ပေါင်း ၁၂၈,၀၀၀‌ကျော်ကို စားနပ်ရိက္ခာနှင့် ‌နေရာထိုင်ခင်း အ‌ထောက်အပံ့များ ‌ပေး‌နေ‌သော အဖွဲ့အစည်း တစ်ခု ဖြစ်သည်။