ဇူလိုင်လ ၃ရက်၊ ၂၀၁၃ခုနှစ်။ စောထွန်းလင်း (ကေအိုင်စီ)
တိုင်းရင်းသားလူနည်းစုအခွင့်အရေး ကာကွယ်ရေးဥပဒေကြမ်းတွင် ပါဝင်သင့်သည်များနှင့် ပတ်သက်၍ နေပြည်တော်တွင် ညီနောင်တိုင်းရင်းသားများ ဖက်ဒရေးရှင်း(BNF)က အလုပ်ရုံဆွေးနွေးပွဲတစ်ရပ်ကို ဇူလိုင်လ ၆ရက်မှ ၇ရက်နေ့အထိ ကျင်းပ သွားမည်ဖြစ်ကြောင်း ၎င်းအဖွဲ့ဝင်တစ်ဦးက ပြောကြားလိုက်သည်။
ယခုပြုလုပ်မည့် အလုပ်ရုံဆွေးနွေးပွဲတွင် မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူနည်းစု အခွင့်အရေး ကာကွယ်ရေးဥပဒေကြမ်းတွင် ပါဝင်သင့်သည့် အချက်အလက်များကို BNF အဖွဲ့ဝင်များ ဆွေးနွေးပြီး ရလဒ်များကို လွှတ်တော်ဥပဒေကြမ်း ကော်မတီများသို့ တင်ပြရန် စီစဉ်ထားသည်ဟု BNF အဖွဲ့ဝင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ(SNDP) အထွေထွေအတွင်းရေးမှူး စိုင်းလှ ကျော်က ယနေ့ ပြောကြားလိုက်ခြင်းဖြစ်သည်။
“တိုင်းရင်းသားလူနည်းစု အခွင့်အရေး ကာကွယ်ရေးဥပဒေပြဌာန်းဖို့ လွှတ်တော်ကိုယ်စားလှယ် ဦးတီခွန်မြတ် အဆိုတင်ထား တာ အဆိုအောင်ပြီးသား။ ဒါပေမယ့် လွှတ်တော်မှာ ဆွေးနွေးဖို ့မကျလာသေးဘူး။ မကျလာသေးတော့ NBF အဖွဲ့ဝင် ၁၅ ပါတီ က အလုပ်ရုံဆွေးနွေးပွဲလုပ်ပြီး အချက်အလက် ရှာမယ်။ ပြီးရင် လွှတ်တော်ဥပဒေကြမ်းကော်မတီကို တင်ပြဖို့ စီစဉ်ထားပါတယ်” ဟု စိုင်းလှကျော်က ကေအိုင်စီသို့ ပြောသည်။
ထို့အပြင် ယင်းအလုပ်ရုံဆွေးနွေးပွဲတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ပါက ပါဝင်ဖြည့်စွက်သင့်သည့် အချက်များကိုလည်း ဆွေးနွေးပြီး အဖွဲ့ဝင်များ သဘောထားရယူကာ မှတ်တမ်းအဖြစ်ထားရှိမည်ဖြစ်သလို လွှတ်တော်တွင် အခြေခံ ဥပဒေပြင်ဆင်ရေး လေ့လာသုံးသပ်ရေးကော်မတီ ပေါ်ပေါက်လာပါက တင်ပြညှိနှိုင်းသွားရန် ရည်ရွယ်ထားကြောင်းလည်း ဦးစိုင်းလှကျော်က ထပ်မံ ပြောဆိုသည်။
လက်ရှိတွင် အလုပ်ရုံဆွေးနွေးပွဲ ကျင်းမည့်နေရာကို စီစဉ်နေလျှက်ရှိကာ BNF အဖွဲ့ဝင် တိုင်းရင်းသားပါတီ ၁၅ပါတီမှ ကိုယ်စား လှယ်များအပြင် ပညာရှင်များကိုပါ ဖိတ်ကြားထားပြီး စုစုပေါင်း လူ ၄ဝဦးကျော် တတ်ရောက်မည်ဟု ခန့်မှန်းထားကြောင်း SNDP က ဆိုသည်။
BNF အဖွဲ့ကို ၂၀၁ဝ ရွေးကောက်ပွဲအပြီး၌ စတင်ဖွဲ့စည်းခဲ့ပြီး လက်ရှိအချိန်တွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ရခိုင် တိုင်းရင်းသားများဖွံ့ဖြိုးတိုး တက်ရေးပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ ချင်းအမျိုးသားပါတီ၊ ဖလုံစဝေါ် ဒီမိုကရက်တစ် ပါတီ၊ ကယန်းအမျိုးသားပါတီ၊ အင်းတိုင်းရင်းသားများဖွံ့ဖြိုးတိုးတတ်ရေးပါတီ၊ တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများဖွံ့ဖြိုးတိုးတက် ရေးပါတီ၊ ဓနုအမျိုးသားဒီမိုကရေစီပါတီ၊ အရှို့ချင်းအမျိုးသားပါတီ၊ တအောင်း(ပလောင်) အမျိုးသားပါတီ၊ ပအိုဝ်းအမျိုးသားပါ တီ၊ ဝ ဒီမိုကရေစီပါတီ၊ ဝပြည်သွေးစည်းညီညွှတ်ရေးပါတီနှင့် တိုင်းရင်းသားလူမျိုးစုများ ဖွံ့ဖြိုးရေးပါတီတို့ ပါဝင်သည်။