Print This Post Print This Post
Home » သတင်း

မြန်မာ(၉)ဦး သေဆုံးမှုတွင် ပါဝင်ပတ်သက်သူများအား ထိုင်းရဲက ဖမ်းဝရမ်းထုတ်လိုက်ပြီ

Submitted by Karen Information Center on Wednesday, 3 February 2010No Comment
ဖေဖော်ဝါရီလ ၃ရက်။ စောခါးစူးညား (ကေအိုင်စီ)

ပြီးခဲ့သည့် ရက်သတ္တပတ်က မြန်မာ(၉)ဦး ပစ်သတ်ခံရသည့် အမှုတွင် ပါဝင်ပတ်သက်သူ ထိုင်းရဲအရာခံဗိုလ်တဦး၊ ထိုင်းနိုင် ငံသား(၄)ဦးနှင့် မြန်မာနိုင်ငံသား တရုတ်လူမျိုးတဦးတို့အား ဖမ်းဝရမ်းထုတ်လိုက်ပြီဟု ထိုင်းအမှတ်(၆) ရဲတိုင်းမှူး ဆူရစီ ဆွန်ထောင်းဆာရထွန်က ယနေ့ ပြောကြားလိုက်သည်။

လူအစုလိုက် အပြုံလိုက် သတ်ဖြတ်ခြင်း ပြစ်မှုထင်ရှားသည့်အတွက်ကြောင့် အဆိုပါ လူများကို ယခုလို ဖမ်းဝရမ်းထုတ် လိုက်ရခြင်းဖြစ်ကြောင်း ယနေ့ မဲဆောက်မြို့၊ ရဲစခန်းတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဆူရစီဆွန်ထောင်းဆာရ ထွန်က ဒေသခံသတင်းထောက်များအား ပြောဆိုခဲ့ခြင်းဖြစ်သည်။

“အခု ပြစ်သတ်မှုမှာ ပါဝင်သူတွေကို ကျနော်တို့ ဖမ်းဝရမ်းထုတ်လိုက်တယ်။ ဒီနေ့ ဖမ်းမယ့်အချိန်မှာ ထွက်ပြေးတိမ်း ရှောင်သွားတယ်။ မြန်မာပြည်ဘက်ကို ထွက်ပြေးမယ်လို့ ကျနော်တို့ ယူဆရတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့ကို ဖမ်းဆီးဖို့ ဆက်လက်ကြိုးပမ်းသွားမှာဖြစ်ပြီး ဥပဒေအတိုင်း အရေးယူသွားမှာဖြစ်ပါတယ်”ဟု သတင်းစာရှင်းလင်းပွဲတွင် သူက ပြော ဆိုသွားသည်။

ဖမ်းဝရမ်းထုတ်လိုက်သည့် သူများထဲမှ ဦးဆောင်သူ ထိုင်းရဲအရာခံဗိုလ်ဖြစ်သူ စုမ်ချိုင်းပင်ကဲ့ယောက်သည် မြန်မာများကို ပစ်သတ်ခဲ့ပြီး ရက်ပိုင်းအတွင်း ၎င်းတာဝန်ကျရာ မဲဆောက်မြို့၊ တောင်ဘက်ခြမ်း ၈၄ကီလိုမီတာ အကွာဝေး အမှတ်(၄၈) ဂိတ်တွင် မိမိကိုယ်ကို ကြိုးဆွဲကျအဆုံးစီရင်ခဲ့ပြီး ကျန်ရှိသည့် (၅)ဦးကို ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်သည်ဟု သိရ သည်။

စုမ်ချိုင်းပင်ကဲ့ယောက် သေဆုံးပြီးနောက် အမှတ် (၆)ရဲတိုင်းမှ မူးယစ်ဆေးဝါးနှိမ်နင်းရေးအတွက် စေလွတ်ထားသည့် ရဲတပ်ကြပ်တဦးလည်း ယမန်နေ့ညတွင် အမည်မသိ သေနတ်သမား အဖွဲ့တဖွဲ့က လာရောက်ပစ်ခတ်ကာ အဆိုပါ ရဲတပ် ကြပ်ကြီး သေဆုံးသွားသည်ဟု သိရသည်။

အဆိုပါ ပစ်သတ်ခံရသည့် ရဲတပ်ကြပ်ကြီးသည် ၎င်းသေဆုံးမှုနှင့်ပတ်သက်၍ ဖြစ်စဉ်အားလုံးသိရှိထားခဲ့ရာ အထက်သို့ အစီရင်ခံခဲ့သည့်အတွက် နှုတ်ပိတ်လိုက်ခြင်းဖြစ်သည်ဟု ယူဆရကြောင်း မဲဆောက်အခြေစိုက် ထိုင်းသတင်းထာက်များက မေးမြန်းခဲ့ရာတွင် တိုင်းမှူးက ပြန်လည်ဖြေကြားခဲ့သည်။

ပြီးခဲ့သည့် ဇန်န၀ါရီလ ၂၇ ရက် မှ ၃၁ ရက်နေ့အတွင်း အဆိုပါ မြန်မာနိုင်ငံသား(၁၂)ဦးသည် မြန်မာကယ်ရီတဦး၏အကူအ ညီဖြင့် မဲဆောက်မှဘန်ကောက်သို့ တောလမ်းခရီးအတိုင်းအသွား (၄၈)ဂိတ်တွင် ရောက်ရှိစဉ် ၎င်းတို့ကို ဖမ်းဆီးပြီး ဆွေမျိုးသားချင်းများကို တဦးလျှင် ဘတ်ငွေ (၁)သောင်းဖြင့် လာရောက်ရွေးခိုင်းခဲ့ရာတွင် လာရောက်ခြင်းမရှိသဖြင့် အဆို ပါ ရဲအရာခံဗိုလ် စုမ်ချိုင်းပင်ကဲ့ယောက်ဦးဆောင်၍ ထိုင်းဒေသခံရွာသား ၄ဦးနှင့် မြန်မာနိုင်ငံသား တရုတ်လူမျိုးတဦးတို့နှင့် ပူးပေါင်းကာ ၄င်းမြန်မာ ၉ဦးအား သတ်ဖြတ်လိုက်ခြင်းဖြစ်သည်။

သေနတ်သမားများက အဆိုပါ မြန်မာနိုင်ငံသား(၁၂)ဦးကို ပစ်သတ်ခဲ့ရာတွင် (၇)ဦးသေဆုံး၊ (၂)ဦး ပျောက်ဆုံးကာ (၃)ဦး လွတ်မြောက်သွားခဲ့သည်ဟု ထိုင်းရဲများက ဆိုသည်။

ပစ်သတ်ခံရသူများ၏ ဦးခေါင်းမှ သေနတ်ဒဏ်ရာတွင် ဒဿမ (၃၈နှင့်၂၂) ကျည်အမျိုးအစားများတွေ့ရှိရပြီး လက်ရှိအချိန် တွင် (၉)ဦးထဲမှ (၇)ဦး၏ အလောင်းကို မဲဆောက်ဆေးရုံနှင့် ဖို့ဖတ်မြို့နယ် ဆေးရုံရှိ ရေခဲတိုက်တွင် ထားရှိကာ အဆိုပါ သေဆုံးသူများ၏ အလောင်းများကို သင်္ဂြိုဟ်ရန် ဆွေမျိုးသားချင်းများက မဲဆောက်မြို့တွင် စောင့်ဆိုင်းလျှက်ရှိကြောင်း သိ ရသည်။

ပစ်သတ်ခံရပြီး သေဆုံးသွားသူ(၉)ဦးမှာ စောမူးချဲ့ချဲ့(၂၈)နှစ်၊ စောကျော်ဦး(၂၇)နှစ်၊ နော်ကြို့အေး(၃၂)နှစ်၊ စောဒီဒို့(၂၈) နှစ်၊ စောအကို(၂၇) နှစ်၊ နော်အေးချို(၃၂)နှစ်၊  စောထူးအောင်(၃၅)နှစ်၊ နော်ခရိုး(၃၃)နှစ်နှင့် နော်တင်ချိုအေး(၂၈)နှစ်တို့ ဖြစ်သည်ဟု သိရသည်။

မိမိစားဝတ်နေရေး ပြေလည်ရေးအတွက် ဘန်ကောက်သို့ အလုပ်တက်လုပ်ရန် သွားသည့် အဆိုပါ မြန်မာနိုင်ငံသား ၁၂ဦးသည် ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် ကျိုက်ပေါင်ကျေးရွာမှ ရွာသား (၉)ဦးနှင့် အခြားအမည်မသိ ရွာသား (၃)ဦးတို့ ဖြစ်သည်ဟု သိရသည်။

မြန်မာနိုင်ငံသားများသည် ထိုင်းနိုင်ငံသို့ အလုပ်လာရောက်လုပ်ကိုင်ရာတွင် အလားတူ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု များ မကြာခဏ ဖြစ်ပွားလေ့ရှိပြီး လွန်ခဲ့သည့်(၄)နှစ်က မဲဆောက်မြို့တွင် မြန်မာအလုပ်သမား(၈)ဦးကိုလည်းကောင်း၊ မဲ့လ မတ် မြို့နယ်အတွင်း လွန်ခဲ့သည့်(၇)နှစ်က မြန်မာ(၁၇)ဦးကိုလည်းကောင်း အုပ်စုလိုက်အသတ်ခံရမှုများ ရှိခဲ့ကြောင်း သိရ သည်။

Related articles:

Leave your response!

You must be logged in to post a comment.