မတ်လ ၂ဝရက်။ စောသိန်းမြင့် (ကေအိုင်စီ)
ကရင်ပြည်နယ်မြောက်ပိုင်း တောင်ငူခရိုင်တွင် လှုပ်ရှားနေသည့် နအဖစစ်တပ်များသည် မတ်လ ၁၇ရက် နေ့မှ ယနေ့အချိန်ထိ လိုက်လံမီးရှို့မှုကြောင့် ရွာသားများ၏ ဥယျာဉ်ခြံပေါင်း ၁၀၀ကျော်ကို မီးရှို့ခဲ့သည် ဟု သိရသည်။
တောင်ငူခရိုင် ထန်းတပင်မြို့နယ် ဘောဂလိကြီးဂွင်တွင် လှုပ်ရှားနေသည့် နအဖ စစ်ကွပ်ကဲရေးဌာနချုပ် စကခ(၇) လက်အောက်ခံ ခမရ(၄၂၅)နှင့် ခမရ(၄၂၇)တပ်ရင်းတို့သည် ဘူဆာခီးမှ တောင်ငူအထိ ဖောက်လုပ်ထားသော ကားလမ်းကို ရှင်းလင်းရန် ကားလမ်းနံဘေးတလျှောက်တွင် အထက်မှ ညွှန်ကြား ချက်အရ လိုက်လံမီးရှို့မှုကြောင့် ရွာသားများ၏ ဥယျာဉ်ခြံများ မီးလောင်ကျွမ်းခံရခြင်းဖြစ်သည်ဟု ဒေသ ခံတဦးက ပြောသည်။
သူက “ဒီလ ၁၇ရက်နေ့ကနေစပြီး ယနေ့ ၁၉ရက်နေ့အထိ စကခ(၇) လက်အောက်ခံ တပ်ရင်း ခမရ (၄၂၅)၊ (၄၂၇) တပ်ဖွဲ့ဝင်တွေဟာ အထက်က ညွှန်ကြားချက်အရ ထန်းတပင်မြို့နယ် ဘောဂလိကြီးဂွင် က ကားလမ်းကို ရှင်းလင်းပစ်ရမယ်ဆိုပြီး ကားလမ်းနံဘေးပတ်ပတ်လည်မှာ မီးလိုက်ရှို့နေတယ်။ အခုထိ မီးသတ်လို့မရသေးဘူး။ ရွာသားတွေရဲ့ ဥယျာဉ်ခြံတစ်ရာကျော်ပါသွားပြီ”ဟု ပြောသည်။
အဆိုပါ နအဖစစ်တပ်များ၏ မီးရှို့မှုကြောင့် ထန်းပင်မြို့နယ် ဘောဂလိကြီး(ကလယ်လာ)ဂွင်ရှိ ပြောင်တို (မော်ဖားဒဲ)၊ ရေသိုးလေး(ကလေစိုးခီး)၊ ဒိုးဒို( ဒဲဒို)၊ ရေသိုးကြီး(ကော်သေးဒဲ) သစ်စေးတောင်(ကော်စိုးခို)၊ ဘောဂလိလေး(ဝါကလိုးခို)နှင့် ကျောက်ပုံ(လယ်ဂို)စသည့်ကျေးရွာများအပြင် ရွာပေါင်း ၁၀ကျော်မှ ဒူးရင်း ခြံ၊ ဖာလာခြံ၊ ကွမ်းသီးခြံ၊ ဓညင်းခြံနှင့် ကွမ်းခြံများ မီးလောင်ကျွမ်းခံရသည်ဟု သိရသည်။
၎င်းဒေသတွင် လှုပ်ရှားနေသည့် နအဖစစ်တပ်များသည် အထက်ညွှန်ကြားချက်အရ ယခုလို လိုက်လံမီး ရှို့ဖျက်ဆီးခြင်းကို နှစ်စဉ်နှစ်တိုင်း လုပ်ဆောင်လျှက်ရှိသည်။
ကရင်ရွာသားများ၏ ဥယျာဉ်ခြံများ မီးရှို့ခံရမှုနှင့် ပတ်သက်ပြီး ကရင်အမျိုးသားအစည်းအရုံး (ကေအဲန် ယူ) တွဲဘက်အတွင်းရေးမှူး(၂) ပဒိုစောဒေါ့လေးမူးက “နအဖစစ်အစိုးရဟာ ရွေးကောက်ပွဲအတွက် တ ဖက်က ဘယ်လောက်ပဲ စည်းရုံးလှုံ့ဆော်မှုတွေ လုပ်ဆောင်နေပေမယ့်လည်း ကရင်ပြည်နယ်ဘက်မှာ တပ်အင်အားတိုးချဲ့လာပြီး ဖျက်ဆီးသတ်ဖြတ်မှုတွေလည်း လုပ်ဆောင်နေဆဲပဲ။ သူတို့ရဲ့ဖွဲ့စည်းပုံ အခြေ ခံဥပဒေထဲမှာ တိုင်းရင်းသားတွေအတွက် ဘာတခုမှမပါဘူး။ တိုင်းရင်းသားတွေ ကိုယ်ပိုင်အုပ်စုခွင့်ဆို တာလည်း မရှိပါဘူး”ဟု ပြောသည်။
လွန်ခဲ့သည့် မတ်လဆန်းပိုင်းကလည်း ထန်းတပင်မြို့နယ် တိပ်ပုဂွင်တွင် လှုပ်ရှားနေသည့် စကခ(၇) လက်အောက်ခံ ခမရ(၂၆၁)တပ်ရင်းသည် လူနေအိမ် ၄လုံးအပြင် တိပ်ပု(ဖလေးဆာလို)၊ ပါတာလား မြောင်(တာဘာခီး)၊ မျောက်ချောင်း(ယယ်လို)၊ ဟန်သို(ကလောဘောဒဲ)။ ဘီဘဲ(ပေါ်ဖာ့)၊ ကန်ဘဲ့မြောင် (လေးဝန်လို)၊ ရေတံခွန်(ပလောမီးဒဲ) စသည့်ကျေးရွာများမှ ဥယျာဉ်ခြံ ဧက(၂၀)ကျော် အကြောင်းမဲ့ မီးရှို့ ဖျက်ဆီးခဲ့သည်။