Home ဆောင်းပါး ‌ရွေး‌ကောက်ပွဲကျားကွက်နှင့် တိုင်းရင်းသားတစ်‌ယောက်အမြင် (၂)

‌ရွေး‌ကောက်ပွဲကျားကွက်နှင့် တိုင်းရင်းသားတစ်‌ယောက်အမြင် (၂)

1860

“NLD တိုက်ပွဲ‌ခေါ်သံ”

“လင်းယုန်ဌက်၏ အချိန်ကိုက်ထိုးသုတ်မှုနှင့်တူ‌သော ဆုံးဖြတ်ချက်”

စိတ်ကူးယဉ်‌ဆောင်ပုဒ်‌တွေ မဟုတ်ပါဘူး။ NLD ‌ရွေး‌ကောက်ပွဲမဝင်ဖူးဆိုတာနဲ့ ထွက်‌ပေါ်လာတဲ့ ‌ဆောင်းပါး‌ခေါင်းစဉ်‌တွေပါ။ လက်‌တွေ့ NLD ဘဝကို ယှဉ်ထိုးချင့်ချိန်မိတဲ့အခါ အ‌တော်‌လေး ရင်‌မောစရာပါပဲ။

အရင်ဆုံး “တိုက်ပွဲ‌ခေါ်သံ”နဲ့ “အချိန်ကိုက်ဆုံးဖြတ်ချက်”ဆိုတဲ့ စကားလုံး‌တွေကို်ကြည့်ရင်ပဲ လက်‌တွေ့ဘဝနဲ့ အင်မတန် ကွာဟ‌နေတာကို ‌တွေ့ရပါမယ်။ တိုက်ပွဲ‌ခေါ်ရ‌လောက်‌အောင် NLD မှာ ဘာမှအဆင်သင့်ဖြစ်ပုံ မ‌ပေါ်‌သေးပါဘူး။ လူစုံ‌အောင် ‌တောင် ခုမှ စစု‌နေရတဲ့ အ‌ခြေအ‌နေပါ။

ဆုံးဖြတ်ချက်ချချိန်ကို ဆန်းစစ်ပြန်ရင်လည်း အ‌တော်အားမလို၊ အားမရဖြစ်စရာပါပဲ။ ပါတီမှတ်ပုံမတင်မီ NLD မှာ ရက်‌ပေါင်း ၆ဝ အချိန်ရပါတယ်။ ဒီအချိန်ဟာ ဆယ်စုနှစ်နဲ့ချီပြီး မလှုပ်နိုင်‌အောင် ထိန်းချုပ်ခံထားရတဲ့ အဖွဲ့တစ်ဖွဲ့အတွက် မဟာအခွင့်အ ‌ရေးပါ။ လူပြန်စုတာ၊ ‌ဆွေး‌နွေးတိုင်ပင်တာ‌တွေနဲ့ နိုင်ငံ‌ပြောင်းလဲ‌ရေးအတွက် လှုံ့‌ဆော်ဖြန့်ချိ‌ရေး‌တွေ အင်မတန် လုပ်လို့ ‌ကောင်းနိုင်တဲ့ ကြားကာလ‌လေးပါ။

ဒါ‌ပေမယ့် ခု‌တော့ NLD က အခွင့်အ‌ရေးကိုစွန့်၊ ‌စော‌စောစီးစီး သမားရိုးကျ လုပ်ရိုးလမ်းစဉ်ကိုသုံးပြီး စည်း‌ဝေး‌တွေ‌ခေါ်၊ ဆုံး ဖြတ်ချက် ပိုင်ပိုင်နိုင်နိုင် ချလိုက်တာဟာ ကိုယ့်ရဲ့အားနည်းချက်ကို အတည်ပြု‌ပေးလိုက်သလိုပါပဲ။ တချက်ချင်းစီကြည့်ရရင်

၁။ NLD လို ပါတီကြီးတစ်ခုဟာ ဆုံးဖြတ်ချက်တစ်ခုကို က‌လေးကလားပါတီတစ်ခုလို မြန်မြန်ဆန်ဆန် အလွယ်တကူ ချလို့မရ ပါဘူး။ သက်‌ရောက်မှုဟာ ဗမာတပြည်လုံးသာမက ‌ဒေသတစ်ခုလုံးနဲ့ နိုင်ငံတကာအထိ သက်‌ရောက်မှု‌တွေရှိပါတယ်။ ခု‌တော့ ခံစားမှုကို ဦးစား‌ပေးတဲ့ ဆုံးဖြတ်ချက်တခု ချတတ်တယ်။ နိုင်ငံ‌ရေးအရ နုနယ်‌သေးတယ်ဆိုတာ သက်‌သေပြလိုက်သလို ဖြစ် သွားပါပြီ။
၂။ လက်ရှိ စစ်အစိုးရဟာ သမရိုးကျ အုပ်ချုပ်‌ရေးအာဏာရယူပြီး အုပ်ချုပ်‌နေသူ‌တွေမဟုတ်ပါဘူး။ သမရိုးကျ ရင်ဆိုင်ရင် ကိုယ့်ဖက်က အနာချည်းပါ။
၃။ တိုင်းပြည်ရဲ့တုံ့ပြန်မှုကိုကြည့်ရင် NLD ရဲ့ဆုံးဖြတ်ချက်ကို မ‌ကျေနပ်သူ‌တွေရှိတာ ‌တွေ့နိုင်ပါတယ်။ အ‌သေအချာ ‌ဆွေး‌နွေး ရှင်းလင်းမှု‌တွေ လိုအပ်‌နေခဲ့တဲ့ သာဓကပါ။
၄။ ‌ရွေး‌ကောက်ပွဲဝင်မဝင်ကို ‌ဗြောင်မဲ‌ပေးပြီး ဆုံးဖြတ်တာဟာ ဒီမိုက‌ရေစီနည်းလမ်းကျတယ်လို့ ထင်ကြ‌ပေမယ့် အမှန်‌တော့ သ‌ဘောမတူညီသူ‌တွေကို ဖိအား‌ပေးသလိုဖြစ်သွားပြီး ‌ရေရှည်မှာကြိတ်ပြီး မ‌ကျေမလည်‌တွေ အစပျိုးလာနိုင်ပါတယ်။
၅။ ‌လေ့လာ‌စောင့်ကြည့်သူတစ်ချို့က NLD ရဲ့ ဆုံးဖြတ်ချက်ဟာ အခွင့်အ‌ရေးတခုကို လက်လွတ်လိုက်တာ၊ တိုင်းပြည်‌ရော ပါတီအတွက်ပါ အဆိုးဘက်ကို ‌ရှေးရှုတဲ့ဆုံးဖြတ်ချက်လို့ အဆိုပြု‌နေကြတာ‌တွေ‌တောင် ရှိပါတယ်။ သူတို့မှား‌ကြောင်း သက် ‌သေပြနိုင်ဖို့ဟာ NLD အတွက် ဧရာမစိန်‌ခေါ်မှုကြီးတစ်ရပ်ပါ။
၆။ တိုင်းပြည်အတွက် NLD ပါတီဟာ ဒီမိုက‌ရေစီစနစ်အ‌ပေါ် အ‌ခြေခံတည်‌ဆောက်သွားမယ်ဆိုတာ လူတိုင်း နားလည်ပါတယ်။ ဒါ‌ပေမယ့် စနစ်ဟာ ဝါဒမဟုတ်ပါ။ ပါတီရဲ့ခံယူချက်၊ ‌ကြေငြာစာတမ်း‌တွေဟာလည်း ဝါဒမမည်ပါ။ လစ်ဘရယ်ဝါဒ၊ ဆိုရှယ်လစ် ဝါဒ စသည်ဖြင့် ပြတ်သားတဲ့၊ ပါတီကို စိတ်ဓါတ်အားဖြည့် ဦး‌ဆောင်သွားမယ့် သ‌ဘောတရား‌တွေ လိုပါတယ်။ ခု‌တော့ ပုဂ္ဂိုလ် စွဲပါတီဘဝက မတက်နိုင်လို့ စစ်အစိုးရလှည့်သမျှ ခံ‌နေရတာပါ။

ဒီလို‌တွေ‌ပြော‌နေလို့ NLD ကို အ‌တော်‌လေးထု‌ထောင်း‌နေတာပဲဆိုပြီး ထင်သူ‌တွေရှိနိုင်ပါတယ်။ မဟုတ်ပါဘူး။ ကြိုးဝိုင်းထဲဝင် မယ့် လက်‌ဝှေ့သမားကို သူ့‌ပျော့ကွက်‌တွေ သတိ‌ပေးရှင်းပြ‌နေတဲ့အဆင့်သာသာပါ။ ဗမာပြည်က အစိုးရဆန့်ကျင်‌ရေး အင်အား စု‌တွေရဲ့ မဟာဗျူဟာမှာ လက်ရှိစစ်အစိုးရကို ဖြုတ်ချ‌ရေး၊ စစ်တန်းလျားပြန်ပို့‌ရေး စသည်ဖြင့် ဆင်တူကြတာရှိ‌ပေမယ့်၊ လက် ‌တွေ့ဘဝ နည်းဗျူဟာမှာ‌တော့ အ‌တော်ကွာခြားကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် စစ်သူကြီးဆွန်ဇု လမ်းညွှန်ချက်အတိုင်း ကိုယ့် ဖက်က လုံးဝ အဆုံးရှူံးမရှိဘဲ နိုင်‌အောင်မလုပ်နိုင်ရင်‌တောင် NLD တို့လို အင်အားစု‌တွေကို အထိအခိုက်နည်း‌စေချင်တဲ့ ‌စေတ နာပဲ ရှိပါတယ်။

တခါ လက်ရှိအ‌ခြေ‌နေကို ကြည့်ပြန်‌တော့

* အခု‌ရွေး‌ကောက်ပွဲရဲ့ ပဓာနအကျဆုံးအချက်က‌တော့ စစ်တပ်ရဲ့အာဏာ မ‌ပျောက်ဆုံးသွား‌အောင် လုပ်ဖို့ပဲ ဖြစ်တယ်။ ‌ရွေး ‌ကောက်ပွဲဆိုတာရှိမှ အစိုးရကို ပြည်တွင်းနဲ့ ကမ္ဘာက တရားဝင် ဖြစ်သ‌ယောင်‌ယောင်ထင်မှ စစ်ဗိုလ်ချုပ်များ အသက်ရှူ‌ချောင် ထွက်‌ပေါက်ရမှာမို့ ဒီလမ်းကို‌ရွေးတာ ယုံမှားသံသယရှိစရာ မလို‌လောက်‌အောင်ပါပဲ။
* စစ်အစိုးရက လုပ်ပိုင်ခွင့်ဆိုတဲ့ ရှိသမျှဖဲချပ်အားလုံးကို လက်ထဲကိုင်ထားပြီး NLD ရဲ့‌ခြေလှမ်းတိုင်းကို ‌စောင့်ကြည့်‌နေတာပါ။ NLD ဆုံးဖြတ်ချက်ချပြီးတာနဲ့ အပိုင်ပဲဆိုပြီး မျက်လှည့်ဆရာ သူ့ဦးထုပ်ထဲက ယုန်က‌လေးတစ်‌ကောင် ဆွဲထုတ်ပြလိုက်သလို ကြံ့ဖွတ်ကိုပါတီ ဖွဲ့‌တော့မယ်ဆိုတာ ဘွားကနဲ‌ပေါ်လာတာပါပဲ။
* အုပ်ချုပ်မှုယန္တရားမှာ ရှိသူ‌တွေရဲ့ တုံ့ပြန်မှုကိုကြည့်ရင်လည်း ‌ရွေး‌ကောက်ပွဲမဝင်တာနဲ့ ဥပ‌ဒေအရ တရားမဝင် ပါတီဖြစ်သွား ပြီဆိုပြီး ‌ပြောတာ‌တွေကို‌ထောက်ရင်လည်း ဥပ‌ဒေသက်‌ရောက်မှု သ‌ဘောသဘာဝကို နားမလည်ကြတာ၊ ရင့်ကျက်မှုမရှိတာ၊ အာဏာပြလိုတာနဲ့ အစိုးရိမ်လွန်တာ‌တွေကို ‌တွေ့နိုင်ပါတယ်။ ဘယ်လို‌ပြော‌ပြော NLD အတွက်တစ်ခုမှ အကျိုးဖြစ်ထွန်းစရာ မမြင်ရတာ အ‌သေအချာပါ။
* တခါ ‌ခေတ်သစ်၊ စနစ်သစ်ကို‌ပြောင်းရာမှာ ပညာ‌ပေးမှု၊ ပြင်ဆင်မှုနဲ့ သတင်းလွတ်လပ်ခွင့်‌တွေ လိုအပ်ရာမှာ စစ်အစိုးရက ဘာမှမယ်မယ်ရရ မလုပ်တာကို ‌တွေ့ရတယ်။ ပြည်သူပိုင်‌တွေက်ို နီးစပ်ရာ လူ‌တွေလက်ထဲ ထိုးအပ်တာနဲ့ နယ်ခြား‌စောင့်တပ် ဆိုတဲ့ ပြည်သူ‌တွေတင်‌မြှောက်တဲ့ အစိုးရက လုပ်ရမှာ‌တွေကိုသာတွန်းပြီး လုပ်‌နေတာအားလုံးအမြင်ပါ။ အာဏာကို တနည်းတ လမ်းနဲ့ ဆက်ကိုင်ထားမယ့် အစီအစဉ်ရှိလို့ ‌ရွေး‌ကောက်ပွဲကို ခုတုံးလုပ်ပြီး လူလည်ကျတာလို့လည်း သံသယထားလို့ ရနိုင်ပါ တယ်။
* ဗမာပြည်ဟာ ဒီမိုက‌ရေစီစနစ်နဲ့ ပတ်သက်ပြီး အင်မတန်နုနယ်ပါ‌သေးတယ်။ ကိုယ့်ထက် အများကြီး ‌စောခဲ့တဲ့ အိမ်နီးချင်း နိုင်ငံ‌တွေရဲ့တိုးတက်မှု အ‌ခြေအ‌နေ‌တွေကြည့်ရင် နိုင်ငံ‌ရေး‌ရော စီးပွား‌ရေးမှာပါ တိုးတက်ဖို့ ဘယ်‌လောက်အကန့် အသတ်ရှိသ လဲဆိုတာ ဒီက‌နေ့ မျက်ဝါးထင်ထင် မြင်နိုင်ပါတယ်။ ဥုံဖွဆိုပြီး ခုန်ပျံသွားလို့ မရတာကို ဆိုချင်တာပါ။
* ပါတီဆိုတာ သွားလိုတဲ့ခရီးတစ်ရပ်ကို ပို့‌ပေးတဲ့ယာဉ်တစ်စင်းသာသာပါ။ တိုင်းပြည်၊ အများပြည်သူ၊ နိုင်ငံ‌ရေး၊ ဂုဏ်သိက္ခာနဲ့ စိတ်ဓါတ်‌တွေကသာ ပိုပြီး အခရာကျတာမို့ ပါတီဖျက်ခံရရင်လည်း မီးငှက်တစ်‌ကောင်လို ခန္ဓာသစ်နဲ့ ပြာပုံထဲကပြန်ပြီး လူးလဲ ထလို့ရတာ သာဓက‌တွေ အများကြီးပါ။

ဒီအချက်‌တွေကို ‌ထောက်ပြီး NLD အ‌နေနဲ့ လုပ်နိုင်တာ‌တွေကို ‌တွေးကြည့်တဲ့အခါ

◊ ပါတီတွင်း အဆင့်ဆင့်‌တွေ့ဆုံ ‌ဆွေး‌နွေး၊ ရှင်းပြလို့ရပါတယ်။
◊ ‌ရွေး‌ကောက်ပွဲဥပ‌ဒေအရ ရက် ၆ဝ ရတာဟာ စစ်အစိုးရ တရားဝင်‌ကြေငြာထားတာဖြစ်လို့ ဒီရက်မလွန်မချင်း NLD ဟာ တရားဝင်‌သေးတယ်။ ဆုံးဖြတ်ချက်ကိုပြင်ဆင်နိုင်ခွင့် ရှိ‌သေးတယ်။ လှုပ်ရှားခွင့်ရှိ‌သေးတယ်ဆိုတာကို တရားဝင်‌ကြေငြာ၊ လှုပ် ရှားလုပ်ကိုင်ကြရလို့ ရပါတယ်။
◊ ပါတီဆုံးဖြတ်ချက်ကို မ‌ကျေနပ်လို့ဆိုပြီး နားလည်မှုယူထားတဲ့ ပါတီဝင်‌တွေက‌နေ အသင့်ကြိုပြင်ထားပြီး ပါတီသစ်တစ်ခုကို ရက်လွန်ခါနီးအချိန်ကပ်ပြီး မှတ်ပုံတင်လိုက်လို့ရပါတယ်။ နာမည်ကို ‌နောက်ဆုံး “ချုပ်”တစ်လုံးထဲဖြုတ်ပြီး မှတ်ပုံတင်ရင်‌တောင် ရပါတယ်။ အချင်းချင်း စည်းဝါးကိုက်‌အောင် လက်ဝါးရိုက်နိုင်ဖို့နဲ့ လူထု‌ကောင်း‌ကောင်းသိဖို့‌တော့ အင်တိုက်အားတိုက် လုပ် ‌ဆောင်ဖို့ လိုပါမယ်။ (လုပ်ဖို့‌တော့ အားမ‌ပေးပါ။)
◊ ‌ရွေး‌ကောက်ပွဲဝင်ဝင်မဝင်ဝင် ပြည်သူဟာ ဒီပွဲမှာ အခရာပဲဆိုတာ သိမှတ်ဖို့နဲ့ တစ်သားထဲရှိ‌အောင်လုပ်ဖို့က‌တော့ အ‌ရေးအ ကြီးဆုံးပါပဲ။ ဥပမာကို အ‌ဝေးမှာ‌တောင် သွားကြည့်စရာမလိုပါ၊ အမိန့်အာဏာသက်သက်နဲ့ အုပ်ချုပ်လာခဲ့တဲ့ စစ်အစိုးရ‌တောင် ‌ရွေး‌ကောက်ပွဲဆိုတာနဲ့ ပြည်သူ‌တွေရဲ့ ‌မေတ္တာစစ်မရရင်‌တောင် ထင်‌ယောင်ထင်မှားဖြစ်‌စေမယ့် အများအကျိုး လုပ်‌ဆောင်ချက် ‌တွေကို ကြံ့ဖွတ်‌တွေသုံးပြီး လုပ်ကိုင်‌နေတာ အားလုံးအမြင်ပါ။
◊ အရည်အချင်းရှိ၊ အလားအလာရှိတဲ့ ‌ခေါင်း‌ဆောင်သစ်‌တွေကို မြန်နိုင်သမျှ‌မွေးထုတ်ပြီး ဆန်းသစ်တဲ့ အ‌တွေးအ‌ခေါ် နည်း လမ်း‌တွေသုံးပြီး ‌ရွေး‌ကောက်ပွဲမဝင်လို့ ‌လျော့သွားမယ့်လူထုအင်အားကို ‌ထေမိ‌စေမယ့် ကြိုးပမ်းချက်‌တွေနဲ့ ‌ရွေး‌ကောက်ပွဲကို ပြည်သူ‌တွေ လက်မခံ‌ကြောင်းပြနိုင်ဖို့ မီးကုန်ယမ်းကုန် အားစိုက်ရင်းနှီး‌ပေးဖို့‌တွေပဲ ဖြစ်ပါတယ်။

ဘယ်လိုပဲဆိုဆိုအနှစ်ချုပ်ဆိုရရင်‌တော့ ဒီက‌နေ့အထိ‌တွေ့‌နေရတဲ့ အ‌ခြေအ‌နေ‌တွေကိုကြည့်ပြီး အင်မတန် နုနယ်‌သေးတဲ့ ဗမာ ပြည်ရဲ့ ဒီမိုက‌ရေစီခရီးတစ်‌ထောက် (စစ်အစိုးရနဲ့ အားပြိုင်ပွဲ)မှာ ထိပ်တိုက်ရင်ဆိုင်ရင်း ဒီမိုက‌ရေစီဘက်‌တော်သားဆိုသူ‌တွေ မရှုမလှ ‌ပေးဆပ်‌နေကြရအုံးမှာကို မြင်‌ယောင်‌နေမိပါ‌တော့တယ်။

မန်းကိုကို
၀၃၊ ဝ၄၊ ၂၀၁၀