Home ဆောင်းပါး ‌သွေးချင်း‌တွေ ‌သွေးချင်းချင်း ထပ် မနီ‌စေချင်

‌သွေးချင်း‌တွေ ‌သွေးချင်းချင်း ထပ် မနီ‌စေချင်

1781
မန်းကိုကို

မြန်မာပြည်က ကြီးနိုင်ငယ်ညှင်းပြီး အာဏာယစ်မူးတတ်ကြတဲ့ အ‌လေ့အကျင့်‌တွေဟာ သက်ဦးဆံပိုင်စနစ်က‌နေ မြစ်ဖျားခံခဲ့ တယ်လို့ ယူဆလို့ရနိုင်ပြီး ဒီက‌နေ့အထိလည်း စဉ်ဆက်မပြတ် သက်‌ရောက်‌နေ‌သေးကာ လူတန်းစားအဆင့်ဆင့် တုံး‌အောက် က ဖား‌တွေလို ပြား‌နေကြရတာ ခံစားတတ်သူ ပုထုဇဉ်‌တွေအတွက်‌တော့ စိတ်မ‌ကောင်းစရာပါ။

အသက်၊ ‌သွေး၊ ‌ချွေး နဲ့ မျက်ရည်ပင်လယ်‌တွေလည်း ‌ဝေ‌နေခဲ့ကြရတာ ‌ထောင်စုနှစ်တစ်ခု‌တောင်ပြည့်ဖို့ သိပ်မလို‌တော့ပါဘူး။ ဝမ်းနည်း‌ကြေကွဲစရာ၊ ခံပြင်း‌ဒေါသထွက်စရာ၊ အံ့ဩတုန်လှုပ်စရာ‌တွေနဲ့ ရှက်ရွံ့စရာ‌တွေ မ‌ရေတွက်နိုင်‌လောက်‌အောင်ပဲ ဖြတ် သန်းခဲ့ပြီး‌ပေမယ့် မက်စရာ လုပ်ပိုင်ခွင့်အာဏာနဲ့ (လူထုဘဝမှာ အခရာကျတဲ့) သတင်းကဏ္ဍကို ချုပ်ကိုင်ချယ်လှယ်ပြီး “တိုင်း ပြည်အတွက်” ဆိုတဲ့ မရိုးနိုင်တဲ့ ဓါတ်ပြား‌ဟောင်းကိုဆက်ဖွင့်ရင်း လိုရာကိုဆက်ဆွဲ‌နေခဲ့ကြတာလည်း အဆုံးဆိုတာ မမြင်နိုင် ‌လောက်‌အောင်ပါ။

“‌သောင်းကျန်းသူ၊ သူပုန်”‌တွေလို့ နာမည်တပ်ပြီး မိသားစု‌တွေ အားလုံးနဲ့‌ပေါင်းမှ ၃-၄ ‌ထောင်‌လောက်သာသာ အ‌ရေအတွက် ရှိတယ်လို့ ဆိုတဲ့တိုင်းရင်းသားအဖွဲ့‌တွေဟာ ဒီက‌နေ့အထိ “စွမ်းစွမ်းတမံ ‌ချေမှုန်း” ခံ‌နေခဲ့ကြရတာ‌တောင် ‌လျော့မသွားဘဲ ပို တိုးလာခဲ့ကြတာ “ဆန်းကျယ်တယ်” လို့များ ဆိုကြရ‌လေမလား။ မဟုတ်ရင်လည်း ဝါဒဖြန့်ချီ‌ရေး‌တွေရဲ့ မ‌အောင်မြင်တဲ့ လုပ် ဇာတ်တစ်ခု ဖုံးလို့မရ ဖိလို့မနိုင် ဖြစ်သွားခဲ့လား။

“ရဲ‌သော်မ‌သေ ‌သေ‌သော်ငရဲမလား” သံပြိုင်သီချင်း‌တွေဆိုပြီး အစီး သုံး‌လေးဆယ်‌သော ကားတန်း‌တွေနဲ့ “တရား‌သောစစ်”ကို ဆင်နွဲဖို့ ထွက်သွားရာက ၄-၅ စီး‌လောက်နဲ့ ‌ချောက်ချက်ဖြစ်‌နေတဲ့ စစ်သည်‌တွေ ပြန်တင်လာတဲ့ အပြန်ခရီး‌တွေကို မြို့ကြီးများ ‌ပေါ်က အသွားတုံးက ‌အောင်သ‌ပြေနဲ့ ပန်းကုံး‌တွေ စွပ်‌ပေးခဲ့သူများ မမြင်မိကြတာလား၊ မဟုတ်ရင်လည်း မမြင်ချင်ကြတာ လား။

နှစ်စဉ်‌ထောင်နဲ့ချီတဲ့ တိုက်ပွဲ‌တွေနဲ့ မ‌ရေတွက်နိုင်တဲ့ အသက်ဆုံးရှုံးမှု‌တွေဟာ တနိုင်ငံလုံး ဆင်းရဲချွတ်ခြုံကျမှုနဲ့ အမုန်း‌တွေ ပြည့်လျှံ‌နေတဲ့ ‌သောင်း၊ သိန်းမကတဲ့ စိတ်နှလုံး‌တွေကို ‌မွေးထုတ်‌ပေးဖို့ အာမခံချက်‌တွေပါ။

“သူပုန်‌တွေက ရဲ‌ဘော်‌တွေကို ‌သေနတ်နဲ့‌တောင်မပစ်ပဲ လက်ဗလာနဲ့တင် တက်ဖမ်းကြတယ်” ဆိုတဲ့ သတင်းမျိုး‌တွေဟာ တိုင်းရင်းသား‌တွေမှာ ဘယ်‌လောက်အထိ အမုန်းတရား‌တွေ ‌လောင်မြိုက်‌အောင် အလုပ်ခံခဲ့ကြရသလဲဆိုတာ ‌တွေးမိနိုင်ဖို့ အ‌ကြောင်းရင်းတစ်ခု ဖြစ်မလာနိုင်ရင်‌တော့လည်း အနာဂတ် ငြိမ်းချမ်း‌ရေးအတွက် ‌မျှော်လင့်ချက်သိပ်မရှိနိုင်ပါ။

မြို့‌ပေါ်မှာ လမ်းမ‌တွေ‌ပေါ် ပင်ပင်ပမ်းပမ်း ဝမ်းစာ‌ဖွေရှာ စား‌နေကြရချိန်မှာ၊ ‌တောထဲက ‌မောင်နှမ‌တွေဟာ အ‌ကြောက်တရား အပြည့်နဲ့ သစ်ဥသစ်ဖု‌တွေ ရှာ‌ဖွေစား‌နေကြရတယ်။

ရပ်ကွက်ထဲ အချို့‌သောမိခင်‌တွေ သူတို့ရဲ့ စစ်ထွက်သား‌မောင်များအတွက် အပူ‌သောက‌တွေ‌ဝေ‌နေချိန်မှာ ဟိုအ‌ဝေး‌တောင် ကုန်းပြာပြာ‌တွေ‌ပေါ်က အ‌မှောင်ထဲမှာ စမ်းတဝါးဝါး တစ်တီတူးများလို မလုံခြုံတဲ့စိတ်နဲ့ ပုန်း‌အောင်းအိပ်စက်‌နေရသူ‌တွေက ဒုနဲ့‌ဒေးပါ။ ‌ဆေး‌ပေးခန်းမှာ စုတ်ပြဲ‌နေတဲ့ ‌ငွေစက္ကူ‌တွေနဲ့ လူတစ်ချို့ ‌စောင့်ဆိုင်း‌နေကြရချိန်မှာ သစ်ပင်၊ ဝါးပင်‌အောက် စမ်း‌ရေ ကို ‌ဆေးလုပ်‌သောက်‌နေကြသူ‌တွေ မ‌ရေတွက်နိုင်‌လောက်‌အောင်ပါပဲ။

ဒါ‌တွေဖြစ်‌အောင် ဖန်တီးခဲ့ကြသူ‌တွေအတွက် သာယာယစ်မူးမှု‌တွေ ရရှိ‌နေကြသလား မ‌သေချာ‌ပေမယ့် အကျိုးဆက်‌တွေကို ကိုယ်တိုင်ခံစား‌နေရသူ‌တွေအတွက်‌တော့ စက္ကန့်တိုင်း၊ မိနစ်တိုင်းဟာ ‌လောကငရဲထဲက အချိန်ကာလ‌တွေပါ။

ခုချိန်မှာ တနိုင်ငံလုံး သံသယရှိစရာ ဗုံး‌တွေ‌ပေါက်‌နေတာ ကြားလာကြရပြန်ပါပြီ်။ စစ်‌ရေးပြင် တိုက်ပွဲ‌ခေါ်သံ‌တွေဆိုတာ ထပ်ပြီး ‌ပြောပြစရာ‌တောင် လို‌တော့မယ် မထင်ပါ။
ပြတ်ပြတ်သားသား ‌ပြောချင်တာက‌တော့ “ဒီရူးသွပ်မှု‌တွေကို ရပ်တန်းက ရပ်လိုက်ကြပါ‌တော့”ဆိုတာပါပဲ။

‌တောင်းပန်‌မေတ္တာရပ်ခံ‌နေတာ မဟုတ်ပါ။ မသိနိုင်‌လောက်‌အောင် အမြင်ပိတ်ပိန်း‌နေသူ‌တွေ သတိဝင်‌စေဖို့နဲ့ ဒီဖြစ်စဉ်ကြီးကို ရပ်တန့်‌အောင်လုပ်ဖို့ တတ်စွမ်းနိုင်သူများကို ‌တောင်းဆို‌နေတာပါ။

‌သွေးချင်း‌တွေ ‌သွေးချင်းချင်း ထပ်မနီပါ‌စေနဲ့‌တော့။