ဇူလိုင်လ ၁၆ရက်။ စောခါးစူးညား (ကေအိုင်စီ)
ယခုနှစ် မိုးရာသီကာလအတွင်း မိုးရွာသွန်းမှု နည်းပါးသည့်အတွက် ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်ရှိ တောင်ယာစပါးများ ကြီးထွား မှုအားနည်းပြီး လယ်ယာစပါးများမှာ စိုက်ပျိုးနိုင်ခြင်း မရှိသေးကြောင်း သိရှိရသည်။
ဖာပွန်ဒေသခံ တဦးက “မိုးမရွာဘဲ ဒီအတိုင်းဆိုရင် နောက်နှစ်အတွက် ကျနော်တို့ တောင်ယာစပါး မျိုးပြုတ်နိုင်တယ်။ အခု မိုး နည်းတော့ တောင်ယာစပါး ကြီးထွားနှုန်းက အတော်စိတ်ပျက်ဖို့ ကောင်းပါတယ်။ တောင်ယာခင်းထဲမှာ စပါးနဲ့ရောပြီးစိုက်တဲ့ ငြုပ်၊ သခွား၊ ပြောင်းဖူး စတဲ့ စားပင်တွေဟာ အရင်နှစ် ဒီအချိန်ဆိုရင် စားလို့ရပြီ။ အခု ကြီးထွားနှုန်းသိပ်မရှိတော့ ရှေ့ဆက် ဘာတွေဖြစ်မလဲဆိုတာ မပြောတတ်သေးဘူး။ လောလောဆယ်တော့ မိုးကို ကျနော်တို့ တမ်းတနေရတုန်းပဲ”ဟု ကေအိုင်စီကို ပြောသည်။
ဖာပွန်ခရိုင် ဒွယ်လိုးမြို့နယ်ရှိ မာလေးလယ်ကျေးရွာအုပ်စုမှ လယ်သမားတဦးက “ခုထိ မိုးမရွာသေးတော့ ဘယ်လိုမှ စပါးစိုက် လို့ မရဘူး။ ကြားထဲမှာ ဒီကေဘီအေတွေက ကျနော်တို့ကို လုပ်အားပေးတွေ ပုံမှန်ခေါ်နေတော့ အလုပ်လည်း ပျက်ရတယ်။ နောက်နှစ် ကျနော်တို့ စားဝတ်နေရေးအတွက် ဘယ်လိုရပ်တည်ရမလဲ မသိဘူး”ဟု ဆိုသည်။
(Karen Office Relief Development-KORD) ကယ်ဆယ်ရေးအဖွဲ့ တာဝန်ခံ စောမောလောက မိုးတွင်းဖြစ်သော်လည်း ယခု အချိန်ထိ ပုံမှန် မိုးမရွာသေးသဖြင့် လယ်ယာစပါးကို အဓိက မှီခိုအားထားနေရသည့် ဒွယ်လိုးနှင့် ဘူးသိုမြို့နယ်အတွင်းမှ လယ် သမားများမှာ ဒုက္ခရောက်နေရသည်ဟု ယခုလို သုံးသပ်ပြောဆိုသည်။
“ဒီမြို့နယ်နှစ်ခုမှာ လယ်လုပ်တဲ့သူတွေက များတယ်။ မိုးမရွာသေးတော့ သူတို့တွေ လုံးဝ စပါးမစိုက်နိုင်ကြသေးဘူး။ လူသော မြို့နယ်ထဲမှာတော့ အင်းကန်နဲ့နီးတဲ့ လယ်တချို့ စိုက်တာတော့ရှိတယ်။ ဒါပေမဲ့ အလုပ်မဖြစ်ဘူး။ နေအရမ်းပူတဲ့အတွက် လယ်ကွင်းထဲက ရေတွေပူပြီး စပါးက မသန်ဘူး။ နောက်နှစ်အတွက်တော့ ဒုက္ခပဲ။ ဒီနှစ် မိုးမရွာတာ သဘာဝပန်းကျင် ဖောက် ပြန်တာ ဖြစ်နိုင်တယ်”က သူက ဆိုသည်။
ဖာပွန်ခရိုင်၊ လူသောမြို့နယ်၌ တောင်ယာစပါးကို အဓိကထား စိုက်ပျိုးကြသော်လည်း လယ်ယာစပါး စိုက်ပျိုးကြသူများမှာ ဒွယ်လိုးမြို့နယ်၌ ၆ဝရာခိုင်နှုန်း၊ ဘူးသိုမြို့နယ်၌ ၅ဝရာခိုင်နှုန်းရှိပြီး အဆိုပါလယ်ကွင်းများတွင် စပါးရိတ်သိမ်းပြီးနောက် ဆေး ရွက်ကြီး၊ ရုံးပတီ၊ ငရုပ်နှင့် ပဲအမျိုးမျိုးတို့ကို ဆက်လက် စိုက်ပျိုးကြသည်ဟု သိရသည်။
ဖာပွန်ခရိုင်ရှိ ဒွယ်လိုး၊ ဘူးသိုနှင့် လူသောမြို့နယ်သုံးခု၌ ပြီးခဲ့သည့် ၁၉၉၈ခုနှစ်က ယခုလို မိုးတွင်း၌ မိုးမရွာသေးသဖြင့် အလား တူ အဖြစ်အပျက်မျိုး ရှိခဲ့ဖူးသည်ဟု (KORD)တာဝန်ခံ စောမောလောက ပြောသည်။
ယခုနှစ်အတွင်း ကရင်ပြည်နယ် ညောင်လေးပင်ခရိုင်နှင့် ကော့ကရိတ်မြို့နယ်၌လည်း မိုးနည်းသောကြောင့် ဒေသခံ လယ်သ မားများ စပါးစိုက်ပျိုးရန် အခက်ကြုံနေရသည်ဟု သိရသည်။