စက်တင်ဘာလ ၂ဝရက်။ ကေအိုင်စီ
နယ်ခြားစောင့်တပ် လှုပ်ရှားရာ အဓိကနယ်မြေနှစ်ခုတွင် နအဖ တပ်ဖွဲ့ဝင်များအား အခြေချခွင့်ပေးရန် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးသိန်းစိန်က ထိုင်းနိုင်ငံတွင် သီတင်းသုံးနေသည့် မြိုင်ကြီးငူဆရာတော် ဦးသုဇနထံ ယမန်နေ့က လာရောက်တောင်းဆိုခဲ့မှုကို ဆရာတော်က လက်ခံခဲ့ခြင်းမရှိဟု ဘန်ကောက် ကရင်အသိုင်းအဝိုင်းက ပြောဆိုနေကြသည်။
ယမန်နေ့ မနက်စောစောတွင် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌလည်းဖြစ်၊ နိုင်ငံတော် ဝန်ကြီးချုပ်လည်းဖြစ်သူ ဦးသိန်းစိန် ပါဝင် သည့် နေပြည်တော်မှ အဖွဲ့ဝင် ၁၂ဦးသည် ကရင်ပြည်နယ်ရှိ မြိုင်ကြီးငူဒေသနှင့် ရွှေကုက္ကိုဒေသကို စစ်တပ်မှ အခြေချနေရာ ယူခွင့်ပြုပါရန် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဖတ်ထယာမြို့နယ်ရှိ စူခါဝတီဥယျာဉ်၌ သတင်းသုံးနေသည့် မြိုင်ကြီးငူဆရာတော်ထံ လာရောက်တောင်းဆိုခဲ့ကြောင်း ဆရာ တော်နှင့် နီးစပ်သူတစ်ဦးက ယခုလို အတည်ပြု ပြောဆိုသည်။
“မနေ့က မနက် ၆နာရီ ၄၅မိနစ်လောက်မှာ နေပြည်တော်က ဦးသိန်းစိန်နဲ့ အဖွဲ့ဝင် ၁၂ယောက် ဘုန်းကြီးကို လာတွေ့တယ်။ သူတို့က ကရင်ပြည်နယ်ထဲက မြိုင်ကြီးငူနဲ့ ရွှေကုက္ကိုဒေသကို စစ်တပ်က တပ်အင်အားတွေကို ဝင်ပြီးနေရာယူခွင့်ပေးဖို့ လာ တောင်းဆိုတာလေ။ ဒါပေမဲ့ ဆရာတော်ကတော့ ကရင်လူထုတွေဟာ ကိုယ့်မြေကိုယ့်ဇာတိမှာ မိသားစုနဲ့ ဥမကွဲသိုက်မပျက် နေထိုင်ချင်ကြပေမဲ့ အခု သူများနိုင်ငံမှာလာပြီး ရုန်းကန်နေကြရတယ်။ ဒါဟာ ဘာအတွက်ကြောင့်လဲဆိုတာ တိုင်းပြည်အုပ် ချုပ် မင်းလုပ်သူတွေအနေနဲ့ သိကြမှာပဲလေ။ အဲလို ဆရာတော်က သွယ်ဝိုက်ပြောလိုက်တယ်။”ဟု အမည်မဖော်လိုသူ အဆိုပါ ပုဂ္ဂိုလ်က ကေအိုင်စီကို ပြောသည်။
ဆက်လက်၍ ဆရာတော်က ယခု ၎င်းအား သီတင်းသုံးခွင့်ပေးထားသည့် ထိုင်းနိုင်ငံသား သူဌေးမှာ ကရင်လူမျိုးတစ်သောင်း သုံးထောင်ကျော်ကို မိမိနိုင်ငံသားမဟုတ်သော်လည်း အလုပ်အကိုင်၊ နေထိုင်ခွင့်များ ပေးထားနိုင်သည်ကို ကြည့်ခြင်းအားဖြင့် နိုင်ငံတော် အစိုးရအနေဖြင့် အခြေအနေကို စဉ်းစား၍ရနိုင်ပါကြောင်း ပြန်လည်မိန့်ကြားခဲ့သည်ဟု သိရသည်။
ဦးသိန်းစိန်နှင့် အဖွဲ့သည် စက်တင်ဘာလ ၁၈ရက် (တမြန်နေ့) ညနေက ဆရာတော်ထံ လာရောက်ခဲ့သော်လည်း တွေ့ဆုံခွင့် မရခဲ့ဘဲ ယမန်နေ့မနက်ကျမှသာ ဆရာတော် သီတင်းသုံးသည့် စူခါဝတီ ဥယျာဉ်ခမ်းမတွင် မိနစ် ၄ဝခန့် တွေ့ဆုံကာ တောင်း ဆိုပန်ကြားခဲ့ခြင်းဖြစ်သည်။
၎င်းတို့အဖွဲ့တွင် အမျိုးသမီးတစ်ဦး ပါဝင်ပြီး သူမမှာ ကရင်အမျိုးသမီးဖြစ်သည်ဟု ကိုယ်တိုင်မြင်တွေ့သူများက ပြောသည်။
ဆရာတော်သည် လွန်ခဲ့သည့် မတ်လကတည်းက ၎င်း၏ အဆုတ်ကင်ဆာရောဂါကို ဘန်ကောက်မြို့တွင် အနီးကပ် ဆေးကု သမှု ခံယူလျှက်ရှိရာ ဒီကေဘီအေတပ်ဖွဲ့ဝင်များ နယ်ခြားစောင့်တပ်ပြောင်းပြီးနောက်ပိုင်း သက်သတ်လွတ်နယ်မြေဖြစ်သည့် ၎င်း၏မြိုင်ကြီးငူအထူးဒေသတွင် ယခုအခါ ကျွဲ၊ နွားများ လာရောက်မွေးမြူမှုများရှိနေကြောင်း ပြောဆိုသူများလည်း ရှိသည်။
ယင်းသို့ ဦးသိန်းစိန်က လာရောက်တွေ့ဆုံပြောဆိုခဲ့ပြီးနောက် တစ်ရက်တည်းမှာပင် ဆရာတော်ဦးသုဇနသည် ကရင်ပြည်နယ် သို့ ပြန်ကြွလာပြီး နယ်စပ်ရှိ ကျော်ကေးထာ့နေရာတွင် နယ်ခြားစောင့်တပ်ဖွဲ့အချို့ အပါအဝင် နအဖတပ်များနှင့် တွေ့ဆုံကာ ယနေ့တွင် မြိုင်ကြီးငူသို့ ပြန်လည်ရောက်ရှိသွားပြီဟု နယ်စပ်သတင်းများအရ သိရသည်။
ဆရာတော်သည် ပြီးခဲ့သည့် ဩဂုတ်လ ၁၈ရက်မှ ၂၃ရက်နေ့အထိ နအဖ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၏ နယ်ခြားစောင့်တပ် တပ်ဖွင့်ပွဲ အခမ်းအနား ပြုလုပ်ချိန် ယခင် ဒီကေဘီအေ စစ်ဦးစီးချုပ်ဗိုလ်ချုပ်ကျော်သန်း၏ တောင်းဆိုချက်ဖြင့် ဒုဗိုလ်မှူးကြီး စောလားပွယ်ကို နယ်ခြားစောင့်တပ် လက်ခံရန် သွားရောက်တိုက်တွန်းခဲ့သေးသည်။