စက်တင်ဘာလ ၂၅ရက်။ ကေအိုင်စီ
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)သည် ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ်နှင့် ဝါးခယ်မမြို့နယ်များတွင် ယခု လလယ်ပိုင်း၌ မြို့နယ်စည်းရုံးရေးမှူးများသည် ကျေးရွာအချို့တွင် အဓမ္မ စည်းရုံးမှုများ ပြုလုပ်နေကြောင်း ဒေသခံများက ပြော ဆိုနေကြသည်။
မြောင်းမြမြို့နယ် စကမြားကျေးရွာအုပ်စုမှ ကြံ့ဖွံ့ပါတီ စည်းရုံးရေးမှူး ဦးဇော်မင်းသန်းသည် ၎င်းကျေးရွာအုပ်စုရှိ ရွာအချို့တွင် ရွာသားများအား မက်လုံးပေး၍ စည်းရုံးခဲ့သည့်အပြင် သဘောမတူဘဲ အိမ်ပေါ်တက်ကာ အိမ်သားများကို ဓာတ်ပုံရိုက်ယူခဲ့ ကြောင်းလည်း အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ယခုလို ပြောသည်။
“ဒီလ ၁၈ရက်နေ့က ကြံ့ဖွံ့စည်းရုံးရေးမှူး ဦးဇော်မင်းသန်းက ရွာသူရွာသားတွေကို ကြံ့ဖွံ့တံဆိပ် တီရှပ်တွေပေးပြီး မက်လုံးပေး စည်းရုံးခဲ့တယ်။ နောက်ပြီး စကမြားကျေးရွာအုပ်စု သရက်ကုန်းရွာက ဦးတင်ဝင်းကိုလည်း အတင်းခေါ်ပြီး အစည်းအဝေးတက် ခိုင်းခဲ့တယ်လေ။ ဒါတောင်ကမဘူး။ ကရင်လူမျိုးတွေ နေထိုင်တဲ့ ချမ်းသာကုန်းရွာကိုသွားပြီး သူတို့ကြံ့ဖွံ့ပါတီကို လူဦးရေ ၅၀ဝ ဝင်ရမယ်လို့ အတင်းစည်းရုံးတယ်။ နောက် အိမ်ထဲဝင်ပြီး အိမ်ရှင်သဘောမတူဘဲ အိမ်သားတွေကို အတင်းပဲ ဓာတ်ပုံရိုက်ယူ သွားတယ်လေ။”ဟု ဆိုသည်။
အဆိုပါစကမြားကျေးရွာမှ နေပြည်တော် ဆောက်လုပ်ရေးလုပ်ငန်းရှင် ဦးတင်ဆန်းက လာမည့် ရွေးကောက်ပွဲတွင် မြောင်းမြ မြို့နယ်၏ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်အရွေးခံမည်ဖြစ်ကြောင်း သိရသည်။
အလားတူ ဝါးခယ်မမြို့နယ်၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ၏ စည်းရုံးရေးမှူး ဦးမြင့်ဇော်ကဦးဆောင်၍ တောင်အူသပြုကျေးရွာလူကြီး ဦးမောင်နီနှင့် စည်းရုံးရေးမှူး ဦးလှဦးတို့သည် ရွာသားများကို ပါတီသို့ဝင်ရောက်ရန် အတင်းအဓမ္မ လက်မှတ်ထိုးခိုင်းပြီး ဓာတ်ပုံ ရိုက်ယူခြင်းများ ပြုလုပ်ခဲ့သည်။
၎င်းအပြင် ကြံ့ဖွံ့ပါတီသို့ ဝင်သူတစ်ဦးလျှင် ငွေ ၂ကျပ်တိုးဖြင့် ငါးသောင်းကျပ်၊ ကျေးရွာဥက္ကဌနှင့် ကျေးရွာစည်းရုံးရေးမှူးများကို ငွေကျပ် ၄သိန်းစီ ဦးမြင့်ဇော်က ချေးပေးကြောင်းနှင့် အခြားပါတီများ လာရောက်စည်းရုံးပါက အကြောင်းကြားရန်လည်း မှာ ကြားသွားခဲ့သည်ဟု ရွာသားတစ်ဦးက ယခုလို ပြောပြသည်။
သူက “မြို့နယ်စည်းရုံးရေးမှူး ဦးမြင့်ဇော်က ရွာဥက္ကဌ ဦးမောင်နီ၊ ကျေးရွာစည်းရုံးရေးမှူး ဦးလှဦး၊ ဦးအုန်းသောင်း၊ ဦးမျိုးမြင့်နှင့် ဦးစိုးဝင်းတို့အား ငွေကျပ်လေးသိန်းစီ ချေးပေးတယ်လေ။ ပြီးတော့ သူတို့ပါတီကို ဝင်တဲ့သူဆိုရင် ၂ကျပ်တိုးနဲ့ ငွေ ငါးသောင်း ချေးပေးတယ်။ ဒါတောင်မကဘဲ အခြားပါတီတွေ ကျနော်တို့ကျေးရွာကို လာပြီး စည်းရုံးရေးဆင်းတာကို တွေ့ရင် သူတို့ကို အကြောင်းကြားဖို့လည်း အဲဒီ ဦးမြင့်ဇော်က မှာသွားခဲ့သေးတယ်။”ဟု ပြောဆိုသည်။
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီသည် အလားတူ စည်းရုံးမှုမျိုးကို ကရင်ပြည်နယ်ရှိ ကျေးရွာများတွင်လည်း လိုက်လံ လုပ်ဆောင်နေ ကြောင်း သိရသည်။