အောက်တိုဘာလ(၁)ရက်။ နော်ဖြူဖြူသင်း(ကေအိုင်စီ)
ထိုင်း-မြန်မာနယ်စပ်ရှိ မယ်လဒုက္ခသည်စခန်းတွင် နေထိုင်သူများထဲမှ မိသားစုစီးပွားရေးအတွက် ဈေး ဆိုင်ခန်းဖွင့်သော အိမ်ထောင်စုများကို စခန်းတာဝန်ရှိသူများက ယနေ့တွင် တွေ့ဆုံစိစစ်ပြီး ရိက္ခာလျှော့ သင့်ပါက လျှော့ပေးသွားမည်ဟု စခန်းတာဝန်ရှိသူတဦး ပြောသည်။
“ဒီနေ့ မနက် ၉နာရီမှာ ကျနော်တို့ စခန်းတာဝန်ရှိသူတွေက ဇုံအေနှင့် ဇုံဘီရှိတဲ့ ဆိုင်ရောင်းတဲ့ သူတွေကို တွေ့ဆုံစိစစ်တယ်။ ဇုံစီမှာကျတော့ တနလင်္ာနေ့မှ သွားစိစစ်ဖြစ်မယ်။ ဒီလိုလုပ်ရတာက စခန်းရှိ ဈေးဆိုင် တွေရဲ့ အခြေအနေတွေကို သိဖို့၊ ဒိုနာ (Donor) တွေ မေးလာရင် ရှင်းပြနိုင်ဖို့၊ အခုချိန်မှာ အကူအညီတွေ နည်းလာတယ်။ ဒိုနာတွေက ရိက္ခာတွေ ဖြတ်ဖို့ ရှိလာတဲ့အပေါ် အခုလို လုပ်ရတာဖြစ်တယ်။”ဟု မယ်လ ဒုက္ခသည်စခန်း ဥက္ကဌ စောထွန်းထွန်းက ပြောသည်။
ဒုက္ခသည်များကို အကူအညီပေးနေသည့် (TBBC)၏ အကြံပြုချက်အပေါ် စခန်းတာဝန်ရှိသူများကလည်း အပြန်အလှန်ဆွေးနွေးပြီး ဒုက္ခသည်များအတွက် ကြီးကြီးမားမားနစ်နာမှုမရှိအောင် ရိက္ခာလျှော့မည့် ယခု အစီအစဉ်ကို လုပ်ဆောင်ရခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။
မယ်လဒုက္ခသည်စခန်း ဇုံဘီတွင် နေထိုင်သူ ဈေးဆိုင်ပိုင်ရှင် တစ်ဦးက“လူကြီးတွေ ဒီမနက်ခေါ်ပြောတာ စခန်းထဲမှာ ဈေးဆိုင်ရောင်းတဲ့ သူတွေကို ရိက္ခာလျှော့သွားမယ်လို့ ပြောတယ်။ ကျနော်ကတော့ ဈေးရောင်းတာ တလကျော်ပဲသေးတယ်။ တလကို နှစ်ထောင်သုံးထောင်လောက်ပဲ ရတယ်။ ရိက္ခာနဲ့ ပတ် သက်ပြီး အလျှော့ခံရမယ်ဆိုရင် ကျနော်တို့ စားဝတ်နေရေးအတွက် အခက်အခဲရှိလာနိုင်တယ်”ဟု ကေအိုင်စီ ကို ပြောသည်။
လက်ရှိ ဒုက္ခသည်များအတွက် ပေးဝေသော ဆန်၊ ဆီ၊ ဆား၊ သကြားနှင့် ငြုပ်သီးစသည့် အခြေခံ စား နပ် ရိက္ခာများကို ဈေးဆိုင်၏ ဝင်ငွေအပေါ်မူတည်ပြီး ရိက္ခာဖြတ်သွားမည်ဖြစ်ကြောင်း၊ အငှားဆိုင် ရောင်းသူ များကို ရိက္ခာဖြတ်မည်မဟုတ်ကြောင်း မယ်လစခန်းနေထိုင်သူ စောပွယ်စေးက ယခုလေိုပြောသည်။
သူက“ဆိုင်ခန်းသမားတွေကို သူတို့ရဲ့ ဝင်ငွေပေါ်မှာမူတည်ပြီးတော့ ဆန်ကို ၂ကီလို ၃ကီလိုဖြတ်မယ်။ အကုန်လုံးတော့ ဖြတ်မှာ မဟုတ်ပါဘူး။ နောက်တခုက အငှားဆိုင်တွေကို လိုက်စစ်ပြီး အငှားဆိုင် ဟုတ် မဟုတ်ကို စီစစ်ပြီးတော့ အငှားရောင်းတာဆိုရင် ရိက္ခာ မလျှော့ဘူး။” ဟု ကေအိုင်စီကို ပြောသည်။
မယ်လစခန်းတွင် ဈေးဆိုင်ရောင်းသူများအား ရိက္ခာလျှော့မည်အကြောင်းကို လွန်ခဲ့သော (၆)လကျော် ကတည်းက ကသတင်းထွက်ပေါ်ခဲ့သော်လည်း ထိုကိစ္စ္စကို ယနေ့တွင် အတည်ပြုပြီး စတင်လုပ်ဆောင် လာခြင်းဖြစ်သည်။
မယ်လဒုက္ခသည်စခန်းတွင် လူဦးရေ ၅သောင်းကျော်ရှိပြီး ဈေးဆိုင်ပေါင်း ၆၀၀ကျော်ရှိသည်။ ယခုလို စခန်းအတွင်း စီးပွားရှာ ဈေးဆိုင်ရောင်းသူများကို ရိက္ခလျှော့ပေးရန် မယ်လဒုက္ခသည်စခန်းတွင် စတင်လုပ်ဆောင်လာသော်လည်း အခြားနို့ဖိုး၊ အုန်းဖျန်စခန်းတို့တွင် လုပ်ဆောင်ခြင်းမရှိသေးကြောင်း သိရသည်။