နိုဝင်ဘာလ ၁ရက်။ နန်းထူးစံ (ကေအိုင်စီ)
ကရင်ပြည်နယ်၊ သံတောင်မြို့နယ်အတွင်းရှိ ဘောဂလိကြီးနှင့် နောစိုးကျေးရွာသို့ သွားသည့်ကားလမ်းကို ပြုပြင်ရန် ယခုရက် ပိုင်းတွင် နအဖစစ်တပ်မှ သွားလာနေသည့် ရွာသူရွာသားများကို ခေါ်ယူခိုင်းစေနေသည်ဟု ထိုဒေသမှ လာသည့်သတင်းအရ သိရသည်။
ဘောဂလိကြီးတွင် အခြေစိုသည့် စစ်ကွက်ကဲရေးဌာနချုပ်-စကခ(၇)လက်အောက်ခံတပ်များက ယခု ပွင့်လင်းရာသီ ရောက် လာသည့်အတွက် ကရင်ပြည်နယ် တောင်ငူဒေသအတွင်း လှုပ်ရှားနေသည့် ၎င်းတို့တပ်ရင်းများအတွက် လိုအပ်သည့် ရိက္ခာ၊ အသုံးအဆောင်ပစ္စည်းများကို ပို့ဆောင်ရန် အောက်တိုဘာလ ၃ဝရက်နေ့မှစ၍ လမ်းများ စတင်ပြုပြင်လျှက်ရှိရာ ဒေသခံများ ကိုလည်း ခေါ်ယူခိုင်းစေနေသည်ဟု ဒေသခံတဦးက ကေအိုင်စီကို ပြောသည်။
“နအဖ တပ်တွေက တနှစ်တခါ သူတို့တပ်တွေ ရိက္ခာပို့ဖို့အတွက် အရင်ဆုံး လမ်းပြင်တယ်။ အခု သူတို့ မြေတူးတဲ့ကားတွေ ဘောဂလိနဲ့ ရေသိုးကြီးကြားမှာ ရောက်နေပြီ။ တရွာနဲ့တရွာ သွားလာနေတဲ့ ရွာသူရွာသားတွေကိုလည်း ဖမ်းထားတယ်။ လမ်း ပြင်ခိုင်းတယ်။ ချုံတွေ ရှင်းခိုင်းတယ်။ မနေ့က တနဂင်္နွေနေ့လည်း မရှောင်ဘူး။ တွေ့သမျှလူတွေ ဖမ်းတာပဲ။ အခုချိန်ထိ ပြန်မ လွှတ်သေးဘူး။”ဟု ဆိုသည်။
ထို့အပြင် တောင်ငူမြို့မှ ဘောဂလိသို့ သွားလာနေသည့် လမ်းကိုလည်း အောက်တိုဘာ ၃ဝရက်နေ့က စတင် ပိတ်လိုက်သည့် အတွက် တောင်ပေါ်မှ ကုန်ပစ္စည်းများကို မြို့ပေါ်သို့ ယူသွင်းသည့် ကုန်တင်ကားများအတွက် အခက်အခဲဖြစ်ရသည်ဟု ထို နယ်ခံက ဆိုသည်။
သူက “တောင်ငူကနေပြီးတော့ တောင်ပေါ်ဒေသ ဘောဂလိတို့ဘက်မှာ ကုန်တင်ကုန်သွင်း လုပ်နေတဲ့လူတချို့က အဲဒီနောစိုး၊ ဘောဂလိမှာ ကားရော၊ လူပါ တစ်နေတယ်။ ပြန်လာလို့ မရဘူး။ အခု ရွေးကောက်ပွဲရက်နီးလာတော့ တောင်ငူမြို့ပေါ်က ရပ် ကွက်လူကြီးတွေကလည်း အဝေးမှာ ရောက်နေတဲ့သူတွေကို ပြန်လာဖို့မှာတယ်။ အခု ကားလမ်းတွေပိတ်တော့ ပြန်ရခက်သွား တာပေါ့။”ဟု ဆိုသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၁၇ရက်နေ့ကလည်း ကရင်ပြည်နယ် ညောင်လေးပင်ခရိုင်တွင် အခြေစိုက်သည့် စကခ(၆) လက် အောက်ခံ ခမရ(၅၆၇)တပ်ရင်းသည် မုသဲရွာသူ ၂၆ဦးနှင့် ရွာသား ၅ဝဦးကို ခေါ်ယူပြီး ကားလမ်းပြုပြင် ရှင်းလင်းခိုင်းခဲ့သည်ဟု ကေအဲန်ယူ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။