ဇန်နဝါရီလ ၆ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
ကရင်ပြည်နယ် မြဝတီခရိုင် ဝေါ်လေဒေသ ကနဲလေးစခန်းရှိ နအဖစစ်တပ်အား ယနေ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် ဖွဲ့မှ ၂ကြိမ်ဆက်တိုက် ပြောက်ကျား သွားရောက်ပစ်ခတ်ခဲ့မှုကြောင့် နအဖဘက်မှ ၆ဦးသေဆုံးပြီး ၃ဦးဒဏ်ရာ ရရှိခဲ့သည်ဟု သိရသည်။
ကနဲလေးကျေးရွာ အခြေစိုက် စစ်ကွပ်ကဲရေးဌာနချုပ် စကခ(၈) လက်အောက်ခံ ခမရ(၄၀၄)တပ်ရင်းအား KNLA တပ်ရင်း (၁၀၃)မှ ယနေ့နံနက်နှင့် မွန်းလွဲပိုင်းတို့တွင် နှစ်ကြိမ် ပြောက်ကျားစနစ်ဖြင့် အလစ်သွားရောက်ပစ်ခတ်ခဲ့ရာမှ နအဖ တပ်ဖွဲ့ဝင် များ အထိနာခြင်းဖြစ်သည်ဟု ဝေါ်လေဒေတွင် လှုပ်ရှားနေသည့် DKBA တပ်မဟာ(၅)မှ တပ်မှူးတစ်ဦးက ပြောသည်။
အဆိုပါ DKBA လက်နက်ကြီးတပ်ဖွဲ့မှ ဗိုလ်ကြီးစောစမင်းက “၈း၁၅မိနစ်မှာတစ်ကြိမ်၊ ညနေ ၃နာရီမှာတစ်ကြိမ် သွားချောင်း ပစ်တယ်။ ပထမအခေါက်မှာ နအဖဘက် ၂ဦးနဲ့ ဒုတိယတခေါက်ကျတော့ ၄ဦး ပွဲချင်းပြီးပဲ။ ၃ဦး အထိနာတယ်။ နအဖဘက်က လည်း လက်နက်ကြီးတွေနဲ့ အချက်တော်တော်များများ ပြန်ထုတယ်။ KNLA ဘက်ကတော့ ထိတာမရှိဘူး။”ဟု ပြောသည်။
အလားတူ ယခုလ ဇန်နဝါရီလ ၃နှင့် ၄ရက်နေ့က ဝေါ်လေဒေသရှိ ဖလူးကျေးနယ်ဘက်တွင်လည်း ဗိုလ်ကျော်သက် ဦးဆောင် သည့် ဒီကေဘီအေတပ်ဖွဲ့မှ ဖလူးလေးကျေးရွာရှိ နအဖ စစ်တပ်အား လက်နက်ကြီး လက်နက်ငယ်များဖြင့် သွားချောင်းပစ်ခဲ့ ရာ နအဖဘက်က ထိခိုက် ဒဏ်ရာရရှိမှုရှိသည်ဟု ဒီကေဘီအေဘက်က ပြောသည်။
၎င်းပစ်ခတ်မှုနှင့် ပတ်သက်၍ KNLA တပ်ရင်း(၂၀၁)ကို ယနေ့ တိုက်ရိုက်ဆက်သွယ်၍ မရသော်လည်း အတည်ပြု ပြောဆို သည့် ဒီကေဘီအေတပ်ဖွဲ့မှာ ၎င်းကေအဲန်အယ်လ်အေတပ်ဖွဲ့ဝင်များနှင့် မနီးမဝေးတွင် စစ်ရေးလှုပ်ရှားနေသူများဖြစ်သည်။
ယခုရက်ပိုင်းအတွင်း နအဖစစ်တပ်မှ စစ်လက်နက်ကြီးငယ်များ၊ တပ်ရိက္ခာများ အပြည့်အစုံ၊ အင်အားအလုံးအရင်းဖြင့် တက် လာသည့်အတွက် ဝေါ်လေဒေသတွင် တိုက်ပွဲအကြီးအကျယ် ဖြစ်ပွားနိုင်ကြောင်း နယ်စပ်ဒေသ စစ်ရေးအခြေအနေကို စောင့် ကြည့်နေကြသူများက သုံးသပ်ပြောဆိုသည်။