မေလ ၁၃။ နန်းထူးစံ (ကေအိုင်စီ)
ကရင်ပြည်နယ်မြောက်ပိုင်း ဖာပွန်ခရိုင်အတွင်းရှိ စစ်ဘေးစစ်ဒဏ်ကြောင့် ထွက်ပြေးပုန်းရှောင်နေရသည့် ဒေသခံလူထု ၉,၀၀ဝဦး ခန့်သည် လက်ရှိ စားနပ်ရိက္ခာ ပြတ်လပ်မှုပြဿနာနှင့် ကြုံတွေ့နေရကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က မေလ ၁၁ ရက်နေ့တွင် အစီရင်ခံစာထုတ်ပြန်ခဲ့သည်။
ဖာပွန်ခရိုင်၊ လူသောမြို့နယ်အတွင်းရှိ ရွာပေါင်း ၁၁၈လုံးမှ လူထု ၈,၈၈၅ဦးခန့်သည် ဒေသတွင်း ဝင်ရောက်လာသည့် မြန်မာစစ် တပ်များ၏ စစ်ရေးလှုပ်ရှားမှုများနှင့် တိုက်ပွဲဖြစ်ပွားမှုများကြောင့် စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်ရန် အခက်အခဲ အမျိုးမျိုး ရှိနေ သည့်အတွက် ယခု စားနပ်ရိက္ခာ ပြတ်လပ်မှုပြဿနာနှင့် ကြုံတွေ့နေရသည်ဟု ကရင်လူအခွင့်အရေးအဖွဲ့(KHRG)က ဆိုသည်။
လူသောမြို့နယ်တွင် အစိုးရစစ်တပ်၏ စစ်ရေးလှုပ်ရှားမှုများကြောင့် ဒေသခံများသည် ထွက်ပြေးပုန်းအောင်းနေရပြီး ၎င်းတို့ပုန်း အောင်းသည့်နေရာများတွင် စိုက်ပျိုးစားသောက်ရန် နေရာကျဉ်းလာသည့်အပြင် စစ်တပ်စခန်း၊ စစ်တပ်လှုပ်ရှားမှုနှင့်နီးသည့် ဒေသများတွင် ဒေသခံများ၏ အိုးအိမ်၊ စပါးကျီ၊ စိုက်ပျိုးရေးလုပ်ငန်းများကို စစ်တပ်မှ ဝင်ရောက်မီးရှို့ဖျက်ဆီးမှုကြောင့် စားနပ် ရိက္ခာပြတ်လပ်မှုများ ပိုမို ဆိုးဝါးလာခြင်းဖြစ်သည်။
၎င်းအပြင် ၂၀၁ဝခုနှစ်က မိုးတွင်း၌ မိုးနည်းပြီး နွေရာသီတွင် မိုးရွာသွန်းခဲ့သဖြင့် စိုက်ပျိုးလုပ်ငန်းများတွင် သီးနှံမဖြစ်ထွန်းခဲ့ခြင်း သည်လည်း ယခုနှစ် ရိက္ခာပြဿနာ၏ အကြောင်းရင်းတစ်ခုဖြစ်သည်ဟု ဒေသခံများက ပြောဆိုနေကြသည်။
ဖာပွန်ဒေသမှ စစ်တပ်လှုပ်ရှားသည့်ဒေသမှ ဒေသခံအမျိုးသမီးတဦးက “အခု ရိက္ခာအခက်အခဲတွေကတော့ တော်တော့်ကို ရှိနေ တယ်။ အရင်နှစ်က ဒေသခံတွေ တောင်ယာလုပ်ဖို့ စစ်တပ်က မကြိုက်ဘူး။ လယ်ကို ဟိုတကွက်ဒီတကွက် လုပ်ပေမယ့် မစားရ ဘူး။ ဒီနှစ် ကျမတို့ရွာမှာဆို တရွာလုံး ဆန်ဝယ်စားရတယ်။ ဝင်ငွေလည်းမရှိတော့ ခက်ခက်ခဲခဲနဲ့ ရုန်းကန်နေရတယ်။”ဟု ကေအိုင် စီကို ပြောသည်။
အဆိုပါရွာသူက သူမတို့ကျေးရွာ အနီးတဝိုက်တွင် ကြံ့ဖွံ့အစိုးရတပ်ဖွဲ့နှင့် ကရင်တပ်ဖွဲ့ဝင်အကြား ပစ်ခတ်မှု မကြာခဏ ဖြစ်ပွားနေ သောကြောင့် ရွာသူရွာသားများအနေဖြင့် မည်သည့်နေရာမျှ သွားလာမရဲတော့သည့်အပြင် စစ်တပ်၏ အလှည့်ကျ ခေါ်ယူခိုင်းစေမှု များကို နေ့စဉ် လုပ်ဆောင်ပေးနေရသည်။
ဖာပွန်ခရိုင်တွင် သောင်းနှင့်ချီသည့် ဒေသခံလူထုသည် စစ်ဘေးစစ်ဒဏ်ကြောင့် ၁၉၉၇ခုနှစ်ကတည်းက ယခုအချိန်ထိ စားနပ် ရိက္ခာပြဿနာ၊ ရွှေ့ပြောင်းနေထိုင်ရသည့်ပြဿနာများနှင့် စစ်တပ်၏ လုပ်အားခိုင်းစေမှု ပြဿနာများ ခံစားလာခဲ့ရသည်။