မေလ ၉ရက်။ ခွန်းအယ်သောင့်
“ဘန်ကောက်ပြန်”ဆိုတဲ့ စကားလုံးဟာ ကရင်ပြည်နယ်တစ်ခုလုံးကို ရေပန်းစားတဲ့ အရပ်သုံးစကားတလုံး ဖြစ်နေပါတယ်။ ဒီ အမည်နာမဟာ ထိုင်းနိုင်ငံက ပြန်လာတဲ့လူတွေကို တင်စားခေါ်ဝေါ်နေကြတဲ့ ကရင်ပြည်နယ်က စကားအသုံးအနှုန်းပါ။ ဘန်ကောက်က ပြန်လာတဲ့သူဟာ သူတို့ရဲ့လုပ်အားခတွေစုပြီး ရပ်ထဲရွာထဲမှာ အိမ်ကောင်းယာကောင်းတွေ ပြန်လာဝယ်နိုင် တဲ့အတွက် အထင်ကြီးသူတွေရှိသလို လူနေမှုအဆင့်အတန်း ပြောင်းလဲလာတဲ့အပေါ် ဆန်းသစ်တဲ့ ဝတ်စားဆင်ယင်မှုတွေ ကြောင့်လည်း စက်ဆုတ်ရွံရှာသူတွေလည်း ရှိပါတယ်။
တစ်ဖက်ကကြည့်ရင် ထိုင်းနိုင်ငံကို အလုပ်ထွက်လုပ်ကြခြင်းအားဖြင့် အိမ်မရှိသေးသူတွေလည်း အိမ်ဆောက်နိုင်ပြီး လယ်မရှိ သူတွေလည်း လယ်ယာမြေတွေ ဝယ်ယူပိုင်ဆိုင်လာတဲ့အပေါ် နေ့စဉ် ကိုယ်ပိုင်အလုပ်လေးနဲ့ အသက်မွေးဝမ်းကျောင်းပြုနေ ကြတဲ့ သာမန်လူငယ်လူရွယ်တွေအဖို့ ထိုင်းနိုင်ငံကိုသွားဖို့ တွန်းအားတခုလို ဖြစ်နေပါတယ်။
အထူးသဖြင့် ကရင်ပြည်နယ်က လူထုတွေဟာ မိသားစု စားဝတ်နေရေးပြဿနာ ဖြေရှင်းနိုင်ဖို့ ဝင်ငွေကောင်းရရေးအတွက် မျှော်လင့်ချက်အပြည့်နဲ့ ထိုင်းနိုင်ငံဘက်ခြမ်းသို့ နည်းမျိုးစုံဖြင့် နေ့စဉ်လိုလိုကူးပြီး အလုပ်ထွက်လုပ်ကြပါတယ်။ အဲဒီအထဲမှာ ကရင်ပြည်နယ်က ကရင်ပြည်သူတွေ မြောက်များစွာဟာလည်း မိသားစု စားဝတ်နေရေးဆိုတဲ့ စက်ယန္တရားကြီးကို လည်ပတ် နိုင်ဖို့အတွက် နီးစပ်ရာဆွေမျိုးသားချင်းနဲ့ဖြစ်စေ၊ လူကယ်ရီကတဆင့်ဖြစ်စေ ထိုင်းနိုင်ငံဘက်ကို အလုပ်ထွက်လုပ်ကြပါတယ်။
ထိုင်းနိုင်ငံမှာ အလုပ်သမား လက်မှတ်ဖြင့် တရားဝင် အလုပ်လုပ်ခွင့်ပေးထားသူ မြန်မာနိုင်ငံသား တသန်းသုံးသိန်းခန့်ရှိတယ် လို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ဒါပေမယ့် မြန်မာ့အရေး ဆောင်ရွက်သူ အလုပ်သမား အဖွဲ့အ စည်းတွေရဲ့ ခန့်မှန်းချက်အရ အလုပ်သမား လက်မှတ်ကိုင်ဆောင်ထားသူရော တရားမဝင် အလုပ်လုပ်ကိုင်နေသူပါ ၂သန်းခွဲ ကနေ ၄သန်းအတွင်း ရှိနိုင်တယ်လို့ ဆိုပါတယ်။
အဲဒီလို ထိုင်းနိုင်ငံထွက်ပြီး အလုပ်လုပ်ကြတဲ့သူတွေထဲမှာ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကွင်းကလေးကျေးရွာ က အသက် ၂ဝအရွယ် စောချစ်အေးလည်း အပါအဝင် ဖြစ်ပါတယ်။ စောချစ်အေးဟာ လက်ရှိ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ စားသောက်ဆိုင်တစ်ဆိုင်မှာ အလုပ်လုပ်ပြီး ထိုင်းနိုင်ငံကိုလာရတဲ့ အကြောင်းရင်းကို အခုလို ပြောပြပါတယ်။
“ရွာမှာ အကောက်အခွန်တွေ နေ့တိုင်းလိုလို လာနေတော့။ ကျနော့်မိဘတွေလည်း ပေးစရာ ဘာမှမရှိတော့ဘူး။ အဲဒါကြောင့် တဖက်တလမ်းကနေ ပြန်ကူညီနိုင်အောင်လို့ ထိုင်းမှာလာပြီး အလုပ်ထွက်လုပ်တာပါ။”လို့ စောချစ်အေးက ပြောပါတယ်။
ကရင်ပြည်နယ် ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ လှိုင်းဘွဲ စတဲ့မြို့နယ်တွေရဲ့ တောနယ်ကျတဲ့နေရာတွေမှာ သက်ကြီးရွယ်အို တွေနဲ့ ၁ဝနှစ်အောက် ကလေးသူငယ်တွေကလွဲရင် လူငယ်လူရွယ်တွေ ကုန်သလောက်နီးပါး ထိုင်းနိုင်ငံမှာ အလုပ်ထွက်လုပ် ကြပါတယ်။
စောချစ်အေးနဲ့အတူ အလုပ်လုပ်နေတဲ့ ကြာအင်းဆိပ်ကြီးမြို့နယ်က လမ်းဖားရွာသားတဦးက “ကျနော်တို့ရွာမှာ လူငယ်တွေ ကုန်သလောက် တောင်ပေါ်တက်ပြီး အလုပ်ထွက်လုပ်တဲ့အခါကျတော့ ရွာဟာ တိတ်ဆိတ်ပြီး လူငယ်တယောက်အနေနဲ့ ဆက်နေလို့ မပျော်ပိုက်တဲ့အတွက် တောင်ပေါ်ကိုလာဖို့ ဆုံးဖြတ်ဖြစ်သွားတာပါ။”လို့ ပြောပါတယ်။
သူတို့တွေဟာ ထိုင်းမှာ လစာအများကြီး မရရင်တောင်မှ ထိုက်တန်တဲ့ လုပ်အားခရလိမ့်မယ်လို့ မျှော်လင့်ထားခဲ့ကြပေမယ့် ထိုင်းကို ရောက်တဲ့အချိန်မှာတော့ မှန်းချက်နဲ့ နှမ်းထွက် မကိုက်ဘူးဖြစ်နေတယ်လို့ ဆိုကြပါတယ်။
ကွင်းကလေးရွာသား စောချစ်အေးက “ကျနော် စားသောက်ဆိုင်မှာလုပ်တာ ၁နှစ်လောက်ရှိပြီး အရင်ကတော့ ရေခဲခွဲတဲ့ စက် ရုံတစ်ခုမှာ လုပ်တယ်။ တလကို ၃,၅၀ဝပဲ ရတယ်လေ။ အခု စားသောက်ဆိုင်မှာ ၄၅၀ဝရတယ် ဆိုတော့ အလုပ်ပြောင်းလိုက် တာ။ ဒါပေမယ့် ရတဲ့ပိုက်ဆံကို ဟိုသုံးဒီသုံး ဘာမှ မကျန်တော့ဘူး။”လို့ ပြောပါတယ်။
ထိုင်းနိုင်ငံကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ သွားတဲ့လူရှိသလို လူကယ်ရီ(လူမှောင်ခို)ခ ငွေကြေးပေးပြီး တက်လာတဲ့လူတွေက ကယ်ရီခကို ဘတ်ငွေ ၅,၀၀ဝကနေ ၈,၀၀ဝအထိ (ကျပ် ၃၀၀,၀၀၀) ပေးရပါတယ်။ အချို့ဆယ်ကျော်သက်အရွယ် လူငယ် တွေဆိုရင် လူကယ်ရီရဲ့ ရောင်းစားမှုကို ခံခဲ့ရသလို အချို့မိန်းကလေးငယ်လေးတွေဆိုရင်လည်း လူကယ်ရီရဲ့ လိင်ပိုင်းဆိုင်ရာ မတရားပြုကျင့်မှုတွေ ကြုံရတာတွေလည်း ရှိပါတယ်။
မြန်မာနိုင်ငံဟာ နိုင်ငံတကာမှာ လူကုန်ကူးမှု တိုက်ဖျက်ရေး အဆိုးဆုံးအဆင့် ၃မှာရှိနေကြောင်း ပြီးခဲ့တဲ့ ၂၀၁ဝခုနှစ် ဇွန်လ ၁၄ရက်နေ့က အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ ၁ဝနှစ်မြောက်မှာ ထုတ်ပြန်ခဲ့တဲ့ လူကုန်ကူးမှု တိုက်ဖျက်ရေး အစီရင်ခံစာများ ဖော်ပြထားပါတယ်။
ထိုင်းနိုင်ငံကို လူကယ်ရီနဲ့သွားတဲ့လူတချို့ဆိုရင် နီးစပ်ရာ ရွာသားတဦးဦးထံမှချေးငွေယူပြီး လူကယ်ရီခ အများကြီး ပေးကာ လမ်းတဝက်အရောက်မှာ ထိုင်းအာဏာပိုင်တွေရဲ့ ဖမ်းဆီးမှုခံရတဲ့အတွက် ချေးငွေပြန်မဆပ်နိုင်တော့တဲ့လူတွေ ရှိခဲ့ကြပါ တယ်။
အဲဒီလို ထိုင်းနိုင်ငံကို အလုပ်ထွက်လုပ်တဲ့နေရာမှာ ဆယ်ကျောက်သက်အရွယ် ကျောင်းသူကျောင်းသားတွေလည်း အများအ ပြား ပါဝင်တယ်လို့ ကျောင်းဆရာတွေက ပြောပါတယ်။
ကော့ကရိတ်မြို့နယ်ရှိ အလယ်တန်းပြ ကျောင်းဆရာတဦးက “ကျနော်တို့ ကျောင်းကတော့ ၁နှစ်ကို အနည်းဆုံး ကျောင်းသား ၅ယောက် ၆ယောက် ကျောင်းထွက်ပြီး ဘန်ကောက်တက်ကြတယ်။ သူတို့ မိဘတွေရဲ့ စားဝတ်နေရေး အခက်အခဲတွေ ကြောင့် ကျောင်းထွက်ပြီး ကျောင်းထွက်တာများပါတယ်။ မိဘတွေလည်း သူုတို့ သားသမီးတွေကို ပညာတတ် ဖြစ်စေချင်ကြပါ တယ်။ အဖက်ဖက်ကလာတဲ့ အကောက်အခွန်တွေ။ ဆက်ကြေးတွေကို မနိုင်လို့ အခုလို သူတို့သားသမီးတွေကို ထိုင်းနိုင်ငံ လွှတ်လိုက်ရတာပါ။”လို့ ပြောပါတယ်။
ထိုင်းနိုင်ငံကိုလာပြီး အလုပ်ထွက်လုပ်ကြတဲ့ ကရင်ပြည်နယ်က လူငယ်လူရွယ်တွေဟာ အမျိုးသမီးတွေဆိုရင် အိမ်ဖော်အလုပ်၊ စားသောက်ဆိုင်တွေမှာ စားပွဲထိုးအလုပ်နဲ့ ဈေးဆိုင်တွေမှာဝင်လုပ်တဲ့အပြင် ပြည့်တန်ဆာလုပ်ငန်းတွေမှာလည်း ဝင်လုပ်တာ လည်း ရှိပါတယ်။ အမျိုးသားတွေကျတော့ စားသောက်ဆိုင်၊ ဆောက်လုပ်ရေး၊ ဝေါ့ရှော့ဆိုင်၊ ရေခဲစက်ရုံတွေမှာ ဝင်လုပ်တာ များပါတယ်။
ထိုင်းနိုင်ငံမှာ တရားမဝင် ရွှေ့ပြောင်းအလုပ်သမားတွေအတွက် အမြင့်ဆုံး လစာတွေကတော့ တစ်လကို ဘတ်ငွေ ၃,၅၀ဝက နေ ၆,၀၀ဝအထိ ရှိတယ်လို့ မြန်မာအလုပ်သမားရေးရာအဖွဲ့တွေက ပြောကြပေမယ့် တလကို ဘတ် ၃၀၀ဝကနေ ၅၀၀ဝ လောက်သာ ရတယ်လို့ အလုပ်သမားတွေ ပြောပါတယ်။
အခုလို လူငယ်လူရွယ်တွေ ထိုင်းနိုင်ငံကိုတက်ပြီး အလုပ်ထွက်လုပ်ကြတဲ့အတွက် ကျေးရွာမှာ ကာလသမီး၊ ကာလသားတွေ မရှိကြတော့တဲ့အခါ လူမှုရေးအပိုင်းဖြစ်စေ၊ ယဉ်ကျေးမှုပိုင်းဖြစ်စေ၊ ဆိုးကျိုးတွေ အများကြီး သက်ရောက်တယ်လို့ ရွာသူကြီး တစ်ဦးက ပြောပါတယ်။
သူက “ရွာတရွာမှာ ကာလသမီး ကာလသားတွေ မရှိကြတော့ဘူးဆိုရင် အလှူတွေလုပ်တဲ့အခါမှာ ကာလသမီး ကာလသား တွေ ဝိုင်းကူမဲ့သူ မရှိတဲ့အခါကျတော့ တော်တော်ဒုက္ခရောက်တယ်။ နောက်တခုက လူငယ်တွေဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ ထိုင်း နိုင်ငံကို ထွက်သွားကြတယ်။ ကိုယ့်ရိုးရာယဉ်ကျေးမှုဟာ ဘာလဲဆိုတာ မသိကြတော့ဘူး။ စရိုက်တွေလည်း ပြောင်းကုန်ကြ တယ်။”လို့ ပြောပါတယ်။
မဲဆောက်မြို့ ဝပ်ရှော့ဆိုင်တဆိုင်မှာ အလုပ်လုပ်တဲ့ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်က အသက် ၁၆နှစ်အရွယ် လူငယ် တစ်ဦးကလည်း “ရွာမှာဆိုရင် ကျနော်တို့လို ပညာမတတ်တဲ့ လူငယ်တွေဆိုရင် ဘာမှလုပ်လို့ရမှာ မဟုတ်ဘူး။ အကုန်လုံးဟာ တောင်ပေါ်ကိုလာပြီး အလုပ်ထွက်လုပ်တဲ့လူချည်းပဲ။ ကျနော် ဒီမှာလာနေတာ ပညာရတယ်။ ပိုက်ဆံလည်းရတယ်။”လို့ ပြော ပါတယ်။
ဒီလိုကရင်လူငယ်တွေ ထိုင်းနိုင်ငံဘက် အလုပ်လုပ်ရင်း မကောင်းတဲ့ စရိုက်တွေကို အတုခိုးလာတာတွေကြောင့် ဘဝပျက်ပြီး အသက်ပါဆုံးရှုံးရတဲ့ အဖြစ်မျိုးတွေ ရှိခဲ့ဖူးသလို တရားမဝင် နေထိုင်လုပ်ကိုင်နေရတဲ့အတွက် ထိုင်းရဲတွေရဲ့ ဖမ်းဆီးခံရမှာ ကိုလည်း စိုးရိမ်ရတဲ့အကြောင်း အိမ်ဖော်အလုပ်သမတစ်ဦးရဲ့ မိခင်က ပြောပါတယ်။
ကရင်ပြည်နယ်က ထိုင်းနယ်စပ်နဲ့ နီးစပ်တဲ့ ကျေးရွာတွေက လူငယ်ဦးရေ ၁၀ဝနဲ့ ၂၀၀လောက်ရှိတဲ့ရွာဆိုရင် အလွန်ဆုံး ၁ဝဦး ခန့်သာ ရွာမှာ ကျန်ရစ်တော့တယ်လို့ ရွာသားတွေက ပြောပါတယ်။
ကိုယ့်ပြည်နယ်၊ ကိုယ့်ရပ်ရွာအတွက် တိုးတက်သာယာအောင် စွမ်းဆောင်ရမဲ့ လူငယ်လူရွယ်တွေဟာ ထိုင်းနိုင်ငံမှာ လုပ်အားခ ထင်သလောက်မရပေမယ့် မြန်မာပြည်နဲ့ နှိုင်းယှဉ်ရင် အများကြီး ကွာခြားလှတဲ့အတွက် ဘယ်လောက်ပဲ အခက်အခဲတွေနဲ့ ကြုံရပါစေ ဝမ်းတထွာရဲ့ ပြဿနာ ဖြေရှင်းနိုင်ဖို့အတွက် လက်ရှိအချိန်ထိ ထိုင်းနိုင်ငံကို နည်းမျိုးစုံဖြင့် အလုပ်ထွက်လုပ်နေဆဲ ဖြစ်ပါတယ်။