ဇွန်လ ၃ရက်။ စောခါးစူးညား (ကေအိုင်စီ)
ထိုင်း-မြန်မာနယ်စပ် မဲဟောင်ဆောင်ခရိုင် မယ်လအူးဒုက္ခသည်စခန်းမှ အသက် ၆၁နှစ်အရွယ် အမယ်အို အမျိုးသမီးတစ်ဦး အား မုဒိမ်းကျင့်ခဲ့သူ အသက် ၂၆နှစ်အရွယ် လူငယ်တစ်ဦးကို စခန်းတာဝန်ခံများက ဖမ်းဆီးမိခဲ့ပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ အမျိုးသမီးကြီးမှာ ပြီးခဲ့သည့် မေလ ၂၄ရက်နေ့က မယ်လအူးစခန်းနံဘေးရှိ မိုင်းလုံးကြီးချောင်း(မဲ့စရင်းချောင်း) အောက်ဘက် မနီးမဝေး ကေးချောအေ့နေရာတွင် ညနေ ၂နာရီကျော်၌ ငါးမျှားနေစဉ် လူငယ်တစ်ဦးက ရောက်လာ၍ အတင်း အဓမ္မ ပြုကျင့်ခဲ့ခြင်းဖြစ်သည်။
မယ်လအူးစခန်း ဥက္ကဌ စောကော်ဝါးက “ကျနော်တို့ လုံခြုံရေးတွေရဲ့ မေးမြန်းချက်အရ အဲဒီအဘွားပြောတာက သူ ငါးမျှားပြီး လို့ ကမ်းပေါ်မှာတက်လာတဲ့အချိန် အဲဒီလူငယ်က သူတို့ ကမ်းအောက်ကို အတင်းဆွဲခေါ်သွားပြီး လည်ကိုစေ့ပြီးတော့မှ မုဒိမ်း ကျင့်တာ။ အဲဒီလူငယ်ကလည်း သူ ကျူးလွန်တာကို မှန်ကန်ကြောင်း ဖြောင့်ချက်ပေးတယ်။ စခန်းမှာ ဒီလိုမျိုး ကြီးမားတဲ့ ပြစ်မှု ကျူးလွန်နေတဲ့သူတွေကိုတော့ ကျနော်တို့ကတော့ လုပ်သင့်တာကို ဆက်လုပ်သွားရမှာပဲ။”ဟု ပြောသည်။
လက်ရှိအချိန်တွင် ပြစ်မှုကျူးလွန်သူ လူငယ်ကို မယ်လအူးစခန်း လုံခြုံရေးရုံးတွင် ထိန်းသိမ်းထားပြီး ဒုက္ခသည်စခန်းဆိုင်ရာ ထိုင်းအာဏာပိုင်များထံ အပ်နှံသွားကာ ထိုင်းနိုင်ငံ၏ ဥပဒေအတိုင်း အရေးယူ အပြစ်ပေးသွားဖွယ်ရှိကြောင်း သူက ပြောသည်။
မယ်လအူးစခန်းမှ ဒုက္ခသည်တစ်ဦးဖြစ်သူ စောစိုးကလည်း “ဒီလိုလုပ်တယ်ဆိုတော့ လုံးဝ မဖြစ်သင့်တဲ့ဟာပဲ။ ဒီအဘွားက ငါး မျှားတာ သူ့ဝါသနာပဲ။ လူတွေက သူ့ကို ဖီးတခွဲညာ့(ငါးမျှားတဲ့အဘွား)လို့ ခေါ်ကြတယ်။ အဲဒီသူ ငါးမျှားနေကျနေရာမှာပဲ အဓမ္မ ပြုကျင့်ခံရတာ။ စခန်းအတွင်း ဒီလိုအမှုတွေက ဖြစ်ခဲတယ်။ ဒီလိုဖြစ်တော့ ကျနော်တို့လည်း စိတ်မကောင်းဘူး။”ဟု ပြောဆို သည်။
ယခုလိုဖြစ်ရခြင်းမှာ မယ်လအူးစခန်းအတွင်း လူမှုရေးအသိပညာပေးမှုများ နည်းပါးနေသေးသည့်အတွက် ယခုလို ပြစ်မှုများ ဖြစ်ပေါ်လာခြင်းဖြစ်ပြီး နောက်နောင် အလားတူ ပြစ်မှုများ မဖြစ်ပွားအောင် ယခုထက် ပို၍ အသိပညာပေးမှုများ လုပ်ဆောင် သွားရန် လိုအပ်ကြောင်း စခန်းတာဝန်ရှိသူများက ပြောဆိုကြသည်။
ပြီးခဲ့သည့် ဧပြီလအကုန်၌လည်း မယ်လအူးစခန်းမှ အသက် ၁၇နှစ်အရွယ် မိန်းကလေးတစ်ဦးကို ထိုင်း-မြန်မာနယ်စပ်၊ မဲ ဟောင်ဆောင်ခရိုင် ထိုင်းဘက်ခြမ်းရှိ သံလွင်မြစ်ကမ်းပါး သောလယ်ထာ့ရွာမှ အမျိုးသားသုံးဦးက ထီးလော်သေ့ရွာတစ်နေရာ တွင် အဓမ္မပြုကျင့်မှုသည့် ကိစ္စတခု ဖြစ်ပွားခဲ့သေးသည်။
ဒုက္ခသည်စခန်းများတွင် လူသတ်မှု၊ မူးယစ်ဆေးဝါး၊ လူကုန်ကူးမှုနှင့် မုဒိမ်းမှု စသည့် ရာဇဝတ်မှုများကို စခန်းလုံခြုံရေးက ထိုင်း အာဏာပိုင်များထံ အပ်နှံလေ့ရှိသည်။