ဇွန်လ ၆ရက်။ စောခါးစူးညား (ကေအိုင်စီ)
ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ပလောင်တောင်သူ ၆သိန်းကျော်သည် ၎င်းတို့၏ လက်ဖက်လုပ်ငန်း လက်ဝါးကြီးအုပ်ခံရမှုအပေါ် လက်ဖက်တောင်သူအဖွဲ့ ဖွဲ့စည်းပြီး ပူးပေါင်းလုပ်ဆောင်ကြရန်နှင့် အစိုးရသစ်မှ နိုင်ငံ၏ စီးပွားရေးမူဝါဒများကို ပြန်လည် စိစစ် ပေးရန် တောင်းဆိုသည့် စာတမ်းတစ်စောင်ကို ပလောင်(တအာင်း) လုပ်ငန်းအဖွဲ့မှ ယနေ့ ထုတ်ပြန်လိုက်သည်။
စာမျက်နှာ ၁၂မျက်နှာပါ ၎င်းစာတမ်းတွင် ယခုနှစ် လက်ဖက်ရာသီအစ၌ နမ့်ဆန်မြို့နယ်ရှိ လက်ဖက်ခြောက် တစ်ပိဿာလျှင် ၃,၅၀ဝကျပ် ဝန်းကျင်ခန့်ရှိသော်လည်း သကြင်္န်(ဧပြီလ)အတွင်းမှစ၍ ဈေးနှုန်းများမှာ ၂,၅၀ဝကျပ်ခန့်အထိ ကျဆင်းလာကာ လက်ရှိ လက်ဖက်တစ်ပိဿာ ပေါက်ဈေးမှာ ၂,၀၀ဝကျပ် ဝန်းကျင်ခန့်သာရှိတော့ကြောင်း ဖော်ပြထားသည်။
ယင်းသို့ အဆမတန် ကျဆင်းသည့် လက်ဖက်ပြဿနာနှင့် ရင်ဆိုင်နေရသော ပလောင်လူမျိုးတို့၏ အခက်အခဲများကို စစ်တပ် လက်အောက်ခံ အစိုးရသစ်နှင့် ဒေသတွင်းရှိ နိုင်ငံရေးပါတီများ၊ အခြားအဖွဲ့အစည်းများ ကူညီမှုများ မရှိသေးသည့်အတွက် ထို အခက်အခဲများကို ဝိုင်းဝန်းကူညီ ဖြေရှင်းပေးရန်အတွက် ယခုစာတမ်းကို ရေးသားပြုစုထုတ်ပြန်လိုက်ခြင်းဖြစ်ကြောင်း ပလောင် (တအာင်း) အလုပ်အဖွဲ့မှ အဖွဲ့ဝင် မိုင်းအောင်ကိုက ယခုလို ပြောသည်။
“ကျနော်တို့ဒေသမှာ လက်ဖက်ဈေးတွေကျတာကို အခုတက်လာတဲ့ အစိုးရသစ်နဲ့ တခြားနိုင်ငံရေးပါတီတွေကလည်း ဖြေရှင်း ပေးတာ မတွေ့ရဘူး။ လက်ဖက်ဈေးကျတဲ့နောက်မှာ လက်ဖက်လုပ်ငန်းကို မှီတင်းနေတဲ့ တအာင်းတွေ အကုန်လုံး ဒုက္ခရောက် တယ်။ အခုလက်ရှိ ကုန်ဈေးနှုန်းကလည်း မြင့်တက်နေတဲ့အတွက် တချို့ရွာတွေဆိုရင် ပြောင်းဖူးနဲ့ဆန် ရောပြီးမှ စားရတဲ့ဘဝ မျိုးလည်း ရှိတယ်။ ပိုဆိုးတာက ပညာရေးမှာ တချို့ကလေးတွေ ကျောင်းမနေနိုင်တော့တဲ့ အဆင့်မှာ ရှိတယ်။ ကျန်းမာရေးဆို လည်း တချို့ဆေးဝါးတွေ မမှီဝဲနိုင်တော့လို့ ခြံရောင်းပြီး ဆေးရုံတက်ရတဲ့အထိ ရှိတယ်။”ဟု ကေအိုင်စီကို ပြောသည်။
လက်ဖက်ဈေး ကျဆင်းသည့်အတွက် ဒေသခံ လက်ဖက်တောင်သူ ပလောင်များသည် စီးပွားရေး၊ လူမှုရေး၊ ပညာရေးနှင့် ကျန်း မာရေး စသည့် ပြဿနာပေါင်းစုံများနှင့် ရင်ဆိုင်နေရပြီး နမ့်ဆန်၊ မန်တုံမြို့နယ်မှ အချို့ရွာခံများမှာ ရွာလုံးကျွတ်နီးပါး တရုတ် နိုင်ငံသို့ သွားရောက်အလုပ်လုပ်ကြရသည်ဟုလည်း စာတမ်းက ဆိုသည်။
လက်ဖက်ဈေး ကျဆင်းရသည့် အဓိက အကြောင်းရင်းတခုမှာ နမ့်ဆန်မြို့ရှိ ဗိုလ်ကြီးသန်းထွန်း၏ တပ်မတော် အချိုခြောက် လက်ဖက်စက်ရုံ(ပလောင်ထိပ်ထား)နှင့် နဂါးပျံလက်ဖက်စက်ရုံတို့က လက်ဖက်ဈေးနှုန်းကို စိတ်တိုင်းကျ သတ်မှတ်ပြီး လက်ဝါး ကြီးအုပ်ထားသဖြင့် အခြားကုန်သည်များကလည်း ၎င်းသတ်မှတ်ဈေးနှုန်းအတိုင်း ဝယ်ယူနေရသည့်အတွက်ကြောင့်လည်း ဖြစ် သည်။
ထို့အပြင် ပလောင်ဒေသထွက် လက်ဖက်များကို နမ့်ဆန်၊ နမ့်ခမ်း၊ သီပေါ၊ ကျောက်မဲနှင့် မန္တလေးမြို့ရှိ လက်ဖက်ပွဲရုံကြီးများသို့ တင်ပို့ရောင်းချရာတွင် အစိုးရလက်အောက်ခံ (သို့မဟုတ်) အစိုးရနှင့် ဆက်စပ်သော လက်ဖက်ကုန်သည်နှင့် စက်ရုံပိုင်ရှင်များ က လက်ဖက်ဈေးကို လက်ဝါးကြီးအုပ် ချယ်လှယ်ခဲ့သည်ဟုလည်း ပလောင်လုပ်ငန်းအဖွဲ့က ထောက်ပြထားသည်။
ထိုအခြေအနေပေါ်တွင် ပလောင်(တအာင်း)လူထုကို ဝိုင်းဝန်းဖြေရှင်းပေးရန် တအာင်း(ပလောင်) အမျိုးသားပါတီအနေဖြင့် လက်ဖက်လုပ်ငန်းနှင့် လက်ဖက်တောင်သူများအား ကာကွယ်နိုင်သည့် ဥပဒေရေးဆွဲပြီး အကောင်အထည်ဖော် ဆောင်ရွက် သွားရန်အပြင် မြန်မာအစိုးရအနေဖြင့် လွတ်လပ်သော ဈေးကွက်စီးပွားရေးစနစ်ကို ဖန်တီးပြီး ချုပ်ချယ်ကန့်သတ်မှုများ ရုပ်သိမ်း ပေးရန်နှင့် လက်ဝါးကြီးအုပ်နေမှုကို ထိန်းသိမ်းဖြေရှင်းပေးရန် ပလောင်လုပ်ငန်းအဖွဲ့က တောင်းဆိုလိုက်သည်။
တအာင်း(ပလောင်)လုပ်ငန်းအဖွဲ့ကို တအာင်းကျောင်းသားနှင့် လူငယ်များအစည်းအရုံး(TSYO)၊ ပလောင်အမျိုးသမီးအစည်းအ ရုံး(PWO)နှင့် ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး(PSLF)တို့ ပါဝင်စုပေါင်းထားပြီး ၂၀၀၉ခုနှစ်ကလည်း လက်ဖက်ဖျက်ပိုး အမည်ရှိ အစီရင်ခံစာတစ်စောင်ကို ထုတ်ပြန်ခဲ့သည်။