ဇွန်လ ၂၉ရက်။ နန်းသူးလေ (ကေအိုင်စီ)
ထိုင်းနိုင်ငံ၊ မဲ့ဟောင်ဆောင်ခရိုင် မဲ့စရင်းမြို့နယ်ရှိ မယ်လအူးဒုက္ခသည်စခန်းအတွင်းမှ ဆိုင်ကယ်များကို စခန်းအုပ်ချုပ်ရေး ထိုင်းအာဏာပိုင်များက ယနေ့မနက်ပိုင်းမှစ၍ စခန်းဆိုင်ရာ ထိုင်းအုပ်ချုပ်ရေးရုံး(ပလာရုံး)တွင် တစ်ရက်တည်းနှင့် အပြီးစစ် ဆေးခဲ့သည်ဟု သိရသည်။
ထိုသို့ စစ်ဆေးရန် မြို့နယ်အာဏာပိုင်များက ညွှန်ကြားခြင်းဖြစ်ပြီး စခန်းနှင့် နီးစပ်သည့် မဲ့စရင်းမြို့ထဲတွင် ဆိုင်ကယ်ပျောက် ဆုံးမှုများ ရှိနေသည့်အပေါ် မယ်လအူးစခန်းအတွင်းရှိ ဆိုင်ကယ်များကို သံသယဖြစ်သောကြောင့် လာရောက်စစ်ဆေးရခြင်း ဖြစ်ကြောင်း မယ်လအူးစခန်း ဥက္ကဌ စောကော်ဝါးက ကေအိုင်စီကို ပြောသည်။
စခန်းဥက္ကဌ စောကော်ဝါးက “ထိုင်းအာဏာပိုင်တွေက မဲ့စရင်းမြို့မှာ ဆိုင်ကယ်ပျောက်တာများတော့ စခန်းထဲက ဆိုင်ကယ် တွေကို သံသယရှိလို့ စစ်ဆေးတာပါ။ ကျနော်တို့ စခန်းထဲမှာတော့ ခိုးဆိုင်ကယ်တွေ မရှိလောက်ပါဘူး။ ဒါပေမဲ့ ထိုင်းအာဏာ ပိုင်တွေ ကျေနပ်အောင်လို ့ အစစ်ဆေးခံလိုက်ကြတာပါ။”ဟု ပြောဆိုသည်။
စခန်းထဲတွင် ဆိုင်ကယ်စုစုပေါင်း အစီး ၁၀ဝ ဝန်းကျင်ရှိပြီး ဆိုင်ကယ်ပိုင်ရှင်များက ၎င်းတို့၏ ဆိုင်ကယ်များကို ပလာရုံးသို့ ယူ ဆောင်သွားကာ ယနေ့မနက် ၉နာရီမှစ၍ ညနေပိုင်းအထိ အစစ်အဆေးခံကြရသည်ဟု ဒုက္ခသည်များက ပြောသည်။
အစစ်ဆေးခံခဲ့သူ ဆိုင်ကယ်ပိုင်ရှင် ဖိုးဟေးက “သူတို့ မေးတာတွေကတော့ ဆိုင်ကယ်ကို ဘယ်မှာဝယ်လဲ။ လိုင်စင်ရှိ/မရှိ မေး ပြီး ဆိုင်ကယ်နဲ့ ပတ်သက်တဲ့ စာရွက်စာတမ်းတွေ အကုန်လုံးကို မြို့နယ်မှာ ပြန်စစ်ဆေးဖို့အတွက် ခဏ သိမ်းယူထားလိုက် တယ်လေ။ ဆိုင်ကယ်ကိုတော့ မသိမ်းဘူး။ ဒီအထဲမှာ စာရွက်စာတမ်း ဘာမှမရှိတဲ့ ဆိုင်ကယ်နှစ်စီးကတော့ အသိမ်းခံလိုက်ရ တယ်။”ဟု ပြောပြသည်။
မဲ့စရင်းမြို့နှင့် ကီလိုမီတာ ၁၅ဝကွာဝေးသည့် မယ်လအူးစခန်းတွင် ၂၀၀၇-၂၀၀၈ခုနှစ်ခန့်က ဆိုင်ကယ်အသုံးပြုမှု ပိုမို များပြား လာပြီး ၎င်းဆိုင်ကယ်များကို စခန်းဆိုင်ရာ ထိုင်းလုံခြုံရေးအဖွဲ့(အောဆော်)ထံ စာရင်းသွင်းရကာ ဒုက္ခသည်စခန်းတွင်း ဆိုင် ကယ်စီးခွင့်လက်မှတ်ကို အောဆော်က တစ်လတကြိမ် လုပ်ပေးသည်ဟု သိရသည်။
ပြီးခဲ့သည့် ၂၀၀၉ခုနှစ်က မယ်လအူးစခန်းအနီး မဲ့တောလရွာမှ ထိုင်းရွာသားတစ်ဦးထံမှ ခိုးဆိုင်ကယ်တစ်စီးကို မသိဘဲ ဝယ်စီး မိသည့် မယ်လအူးဒုက္ခသည်ထံမှ ဆိုင်ကယ်ပိုင်ရှင်က ပြန်လည်တောင်းယူကာ ဆိုင်ကယ်ခိုးရောင်းသူမှာလည်း ထောင်ကျ သွားသည့် ဖြစ်ရပ်တစ်ခု ရှိခဲ့သည်။
မယ်လအူးဒုက္ခသည်စခန်းသည် ၂၀၀၄ခုနှစ်တွင် မယ်ခေါင်ခါးစခန်းမှ ပြောင်းရွှေ့လာခဲ့ပြီး ရပ်ကွက် ၁၃ခုတွင် လက်ရှိ လူဦးရေ စုစုပေါင်း ၁၆,၃၂၁ဦးရှိကြောင်း ကရင်ဒုက္ခသည်ကော်မတီ(KRC)၏ ၂၀၁၁ခုနှစ်၊ မေလအစီရင်ခံစာတွင် ဖော်ပြထားသည်။