Home ထိပ်တန်းသတင်း ကရင်ပြည်နယ်အတွင်း မြို့တွင်းတိုက်ပွဲဖြစ်မည်ကို လူထုစိုးရိမ်

ကရင်ပြည်နယ်အတွင်း မြို့တွင်းတိုက်ပွဲဖြစ်မည်ကို လူထုစိုးရိမ်

1728
ဇူလိုင်လ ၈ရက်။ (‌ကေအိုင်စီ)

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ မြိုင်ကြီးငူ‌ဒေသတွင် ပြီးခဲ့သည့်ရက်သတ္တပတ်က ကရင်နယ်ခြား‌စောင့်တပ်နှင့် မြန်မာစစ်တပ် များ ပဋိပက္ခဖြစ်ပွားမှု‌ကြောင့် ယခုအချိန်တွင် လှိုင်းဘွဲ၊ ဖားအံနှင့် ‌ကော့ကရိတ်မြို့များ၌ လုံခြုံ‌ရေးများ ချထားလျှက်ရှိသဖြင့် မြို့တွင်းတိုက်ပွဲဖြစ်ပွားမည်ကို လူထုအ‌နေဖြင့် အထူးစိုးရိမ်‌နေကြသည်ဟု သိရသည်။

ကရင်ပြည်နယ်၏ မြို့‌တော်ဖြစ်သည့် ဘားအံမြို့တွင် ‌နေထိုင်‌သော အစိုးရဝန်ထမ်းများသည် မြို့အတွင်း တိုက်ပွဲ ဖြစ်ပွားမည် ကို အလွန်စိုးရိမ်‌နေကြရ‌ကြောင်း အမည်မ‌ဖော်လိုသည့် အစိုးရဝန်ထမ်းတစ်ဦးက ယခုလို ‌ပြောသည်။

“အခုတ‌လော ဝန်ကြီးချုပ်‌ဇော်မင်းက ခဏခဏ ဝန်ထမ်း‌တွေကို အစည်းအ‌ဝေး‌ခေါ်တယ်။ အစည်းအ‌ဝေးတိုင်းလိုလို ဝန်ကြီး ချုပ်‌ပြောတာက သတိနဲ့‌နေကြ။ အ‌ခြေအ‌နေ သိပ်မ‌ကောင်းဘူး။ နယ်စပ်‌စောင့်တပ်ကလူ‌တွေ မယုံရဘူး။ အချိန်မ‌ရွေး မြို့‌ပေါ် မှာ တိုက်ပွဲဖြစ်လာနိုင်တယ်။ ဒီသတင်းကို အပြင်‌ပေးမ‌ပေါက်ကြား‌စေနဲ့။ လူထု‌တွေ လန့်သွားမယ်လို့ ‌ပြောတယ်။ သူကိုယ်တိုင် အိမ်မှာကို မအိပ်ဘူးလည်း ‌ပြော‌သေးတယ်။ ကျမတို့ဝန်ထမ်း‌တွေလည်း အမြဲပဲ သတိနဲ့ စိုးစိုးရိမ်ရိမ်နဲ့ပဲ ‌နေရပါတယ်။”ဟု ဆို သည်။

ဖားအံမြို့ အဝင်အထွက် ဂိတ်များတွင်လည်း ယခင်ကထက် စစ်‌ဆေးမှု ပိုမို များပြားလာသည့်အတွက် သွားလာ‌ရေးပင် အဆင် မ‌ပြေ‌တော့‌ကြောင်း ဖားအံမြို့မှ လှိုင်းဘွဲသို့ ‌နေ့စဉ် သ‌ရေစာမုန့်များ သွား‌ရောက်ပို့‌ဆောင်‌နေသူတစ်ဦးက ‌ပြောသည်။

“ကျ‌နော်က လှိုင်းဘွဲမြို့နယ်မှာ မုန့်လိုက်ပို့တယ်‌လေ။ ခါတိုင်းနှစ်‌တွေလို‌တော့ အဆင်မ‌ပြေ‌တော့ဘူး။ ဒီနှစ်မှာ ‌ရေကြီးတာနဲ့ နယ်‌မြေမတည်ငြိမ်တာနဲ့ လုံခြုံမှု မရှိ‌တော့ဘူး‌လေ။ အရင်ကလို မသွား‌တော့ဘူး။ မြို့နဲ့နီးနီးနားနားမှာပဲ သွားပို့‌တော့တယ်။ ဒါ ‌တောင် ဂိတ်‌တွေက ဟို‌မေးဒီ‌မေး ‌မေးကြ‌သေးတယ်။ ဒီမုန့်လိုက်ပို့တဲ့ အလုပ်‌တော့ နား‌တော့နားရလိမ့်မယ် ထင်တယ်။”ဟု ဆို သည်။

လူထုမှာ သွားလာ‌ရေးခက်ခဲမှုများ ဖြစ်‌ပေါ်‌စေပြီး နယ်‌မြေ မတည်ငြိမ်မှု‌ကြောင့် စားဝတ်‌နေ‌ရေးအတွက် လုပ်ကိုင်ကြသူများ လည်း အဆင်မ‌ပြေမှုများ ကြုံ‌တွေ့လာရသည့်အပြင် အလုပ်လက်မဲ့ ပြဿနာများလည်း တ‌နေ့တခြား များပြားလာသည်ကို ‌တွေ့ရသည်။

ဖားအံမြို့တစ်ဖက် သံလွင်မြစ်အ‌နောက်ဖက်ခြမ်းရှိ မြိုင်က‌လေး ဘိလပ်‌မြေစက်ရုံ၌လည်း လုံခြုံ‌ရေးအ‌စောင့် စစ်သားများ ချ ထားရသလို စက်ရုံအလုပ်သမားများလည်း အလှည့်ကျ ကင်း‌စောင့်ရသည်ဟု ဘိလပ်‌မြေတင် ကား‌မောင်းသမားတစ်ဦးက ဆို သည်။

“စက်ရုံအလုပ်သမား‌တွေ စည်းကမ်းပိုတင်းကြပ်လာတယ်။ ဒီလ ၄ရက်‌နေ့ကတည်းက ည ၁ဝနာရီ အပြင်မထွက်ရ အမိန့်ထုတ် ထားတယ်။ ည ၁ဝနာရီ အပြင်ထွက်ရင် စစ်သား‌တွေက ပစ်ပိုင်ခွင့်ရှိတယ်။ ညအချိန်မှာ လူလာစစ်ရင် မ‌တွေ့တဲ့သူ‌တွေကို ‌ထောင်ချမယ်တဲ့ စက်ရုံအာဏာပိုင်‌တွေက ‌ပြောတယ်‌လေ။”ဟု ၎င်းကား‌မောင်းသမားက ‌ပြောသည်။

ဖားအံမြို့ စစ်တပ်ဝင်း အ‌တော်များများတွင် ညအချိန် မီးများအားလုံး ပိတ်ထားရသည့်အပြင် စစ်တပ်ဝင်းအတွင်း ‌နေထိုင်သူ အမျိုးသမီးပါမကျန် စစ်ယူနီ‌ဖောင်းများ အဆင်သင့်ဝတ်ဆင်ရပြီး လက်နက်များဖြင့် ‌နေရသည်ဟု စစ်တပ်နှင့် နီးစပ်သူတစ်ဦး ၏ ‌ပြောပြချက်အရ သိရသည်။

(ဖားအံ အ‌ဝေး‌ပြေးကားဂိတ်တစ်‌နေရာ)
၎င်းအပြင် သံလွင်တံတား‌ပေါ်တွင် SP၊ ရဲနှင့် လဝကများ ‌စောင့်ကြပ်မှု ပိုမို များပြားလာသလို ခရီးသွားလာသူများလည်း ယခင် ကထက် နည်းပါးလာသည်ဟု ဖားအံမြို့ခံများက ‌ပြောသည်။

‌ကေအဲန်ယူ ဖားအံခရိုင် ဥက္ကဌ ပဒို‌စော‌အောင်‌မော်‌အေးက “ဘယ်သူမဆို တိုက်ပွဲဖြစ်မှာကို စိုးရိမ်ကြမှာ အမှန်ပါပဲ။ ဗိုလ်ချစ်သူ က အစိုးရရဲ့လူဖြစ်ပြီ‌လေ။ (နယ်ခြား‌စောင့် ၁၀၁၂ တပ်ရင်းမှူး)ဗိုလ်ဘိဘက်က ဒီ‌ကေဘီ‌အေအ‌နေနဲ့ ပြန်ရပ်တည်မယ်လို့ ပြတ် ပြတ်သားသား ဆုံးဖြတ်ထားရင်‌တော့ အ‌နှေးနဲ့ အမြန် တိုက်ပွဲ‌တွေဖြစ်မှာ‌တော့ ‌သေချာတယ်။”ဟု ‌ပြောသည်။

ယင်းသို့ နယ်‌မြေ မတည်ငြိမ်မှုများ‌ကြောင့် ဖားအံအ‌ဝေး‌ပြေးကားဂိတ်ပင် ယခင်လို ကားများ ရပ်နားမှု မရှိ‌တော့ဘဲ သွားလာ ‌ရေးခက်ခဲမှုများ၊ စားဝတ်‌နေ‌ရေး အဆင်မ‌ပြေမှုများနှင့် လုယက်ခိုးယူမှုများ ဖြစ်‌ပေါ်လာသလို ည ၁၁နာရီဝန်းကျင်တွင် ရဲဝန် ထမ်းများက ကင်းလှည့်လျှက်ရှိသည်။

(‌ကေအိုင်စီ ပြည်တွင်းသတင်း‌ထောက်၏ အချက်အလက် ‌ပေးပို့မှုအ‌ပေါ် ဖြည့်စွက်‌ရေးသားတင်ပြထားသည်။)