Home ထိပ်တန်းသတင်း အကျဉ်းသား‌ပေါ်တာများကို မြန်မာ စစ်တပ် အသုံးပြုမှုရပ်တန့်ရန် လိုအပ်

အကျဉ်းသား‌ပေါ်တာများကို မြန်မာ စစ်တပ် အသုံးပြုမှုရပ်တန့်ရန် လိုအပ်

2155
ဇူလိုင်လ ၁၄ရက်။ နန်းသူး‌လေ (‌ကေအိုင်စီ)

မြန်မာပြည်အ‌ရှေ့ဘက်ခြမ်းရှိ ‌ရှေ့တန်းနယ်‌မြေတွင် အစိုးရစစ်တပ်က အကျဉ်းသား များကို ‌ရှေ့တန်းနယ်‌မြေတွင် ‌ပေါ်တာအဖြစ် အသုံးပြု‌နေခြင်းမှ ရပ်တန့်ပစ်ရန် ကရင်လူ့အခွင့်အ‌ရေးအဖွဲ့(KHRG)နှင့် လူ့အခွင့် အ‌ရေး‌စောင့်ကြည့်အဖွဲ့(HRW)တို့က အစီရင်ခံစာ ထုတ်ပြန်‌ပြောဆိုလိုက်သည်။

ယမန်‌နေ့က ထိုင်းနိုင်ငံ၊ ဘန်‌ကောက်မြို့ နိုင်ငံခြား သတင်း‌ထောက်များအသင်း(FCCT)တွင် အဆိုပါအဖွဲ့၏ ‌ပြော‌ရေးဆိုခွင့်ရှိ သူများက “Dead Men Walking – ‌သေလူ‌တွေ လမ်း‌လျှောက်ခြင်း”ဟု အမည်ရသည့် အစီရင်ခံစာကို သတင်းစာရှင်းလင်းပွဲ ပြုလုပ်ကာ ‌ပြောဆိုခဲ့ခြင်း ဖြစ်သည်။

၂၀၁ဝ နိုဝင်ဘာ ‌ရွေး‌ကောက်ပွဲအပြီး ၂၀၁၁ ဇန်နဝါရီလမှာ မြန်မာစစ်တပ်မှ အကျဉ်းဦးစီးဌာန၊ ရဲတပ်ဖွဲ့များနှင့် ပူး‌ပေါင်းကာ နိုင်ငံတဝှမ်းရှိ ရဲဘက်စခန်းနဲ့ အကျဉ်း‌ထောင် ၁၂ခုမှ အကျဉ်းသား‌ပေါင်း ၇၀ဝဦးကို ‌ပေါ်တာအဖြစ် အသုံးပြုရန် ကရင်ပြည်နယ် ‌တောင်ပိုင်းသို့ ပို့‌ဆောင်ခဲ့ပြီး တဆက်တည်းတွင် အကျဉ်းသား ၅၀ဝကို ကရင်ပြည်နယ်နှင့် ပဲခူးတိုင်းအ‌ရှေ့ခြမ်းသို့ ပို့‌ဆောင်ခဲ့ ‌ကြောင်း အစီရင်ခံစာတွင် ‌ဖော်ပြထားသည်။

၎င်းအစီရင်ခံစာထဲတွင် ၂၀၁ဝနှင့် ၂၀၁၁ခုနှစ်အတွင်း ထိုင်းနိုင်ငံသို့ ထွက်‌ပြေး‌ရောက်ရှိလာသည့် အကျဉ်းသား‌ပေါ်တာ ၅၈ဦး အား ‌တွေ့ဆုံ‌မေးမြန်းထားချက်များကို ထည့်သွင်း‌ဖော်ပြထားပြီး ‌ရှေ့တန်းနယ်‌မြေတွင် စစ်တပ်က ‌ပေါ်တာများကို မိုင်းရှာခိုင်း ခြင်း၊ လက်နက်ကိုင် အဖွဲ့အစည်းများ၏ ခြုံခိုတိုက်ခိုက်မှုမှ ကာကွယ်ရန် စစ်‌ကြောင်း‌ရှေ့မှ သွားခိုင်းခြင်း၊ အစာ‌ရေစာ မလုံ ‌လောက်ခြင်းနှင့် ကျန်းမာ‌ရေး‌စောင့်‌ရှောက်မှုမရှိခြင်းများ လုပ်‌ဆောင်ခဲ့‌ကြောင်း KHRG က ‌ထောက်ပြ‌ပြောဆိုလိုက်သည်။

KHRG ‌ပြော‌ရေးဆိုခွင့်ရှိသူ ‌စောဖိုး‌ဇော်က “‌ပေါ်တာ‌တွေကို မိုင်း‌တွေထမ်းခိုင်းရုံမကဘဲ လက်နက်ကိုင်နယ်‌မြေ‌တွေမှာ ‌ရှေ့က ‌နေ သွားခိုင်းတယ်။ မိုင်း‌တွေဘာ‌တွေရှိရင် မိုင်းရှင်းသလိုဖြစ်‌အောင်လို့ ‌ရှေ့က သွားခိုင်းတယ်။ မသွားဘူးဆိုရင် ‌သေနတ်‌တွေနဲ့ ထု‌ထောင်းပြီး ကန်တယ်။ ‌ပေါ်တာ‌တွေ ‌ရှေ့တန်းက‌နေ ထွက်‌ပြေးမယ်လို့ ယူဆရင် ရိုက်နှက်ရုံမကဘဲ အစားအစာ‌တွေလည်း ဝ‌အောင်မ‌ကျွေးဘူး။ ညှင်းပမ်းနှိပ်စက်ပြီး လူသားအတိုင်း မဆက်ဆံခဲ့ဘူး။”ဟု ‌ကေအိုင်စီကို ‌ပြောသည်။

(ကရင်ပြည်နယ်‌ရောက် အကျဉ်းသား‌ပေါ်တာများ - Photo: FBR)

အစိုးရစစ်တပ်သည် ‌ရွေး‌ကောက်ပွဲအပြီး ‌နောက်ပိုင်းတွင်လည်း ‌ရှေ့တန်းစစ်‌မြေပြင်၌ အရပ်သားများကို နှိပ်စက်‌နေဆဲဖြစ်ပြီး အကျဉ်းသားများကို ‌ပေါ်တာအဖြစ် အသုံးပြု‌နေသည့် သက်‌သေအ‌ထောက်အထားများမှာ စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းပင်ဖြစ် ‌ကြောင်း HRW အာရှ‌ရေးရာ ညွှန်ကြား‌ရေးမှူး Elaine Pearson က ‌ထောက်ပြ‌ပြောဆိုလိုက်သည်။

KHRG နှင့် HRW အ‌နေဖြင့် မြန်မာနိုင်ငံအတွင်း လူ့အခွင့်အ‌ရေး ချိုး‌ဖောက်မှုများကို စုံစမ်းစစ်‌ဆေးနိုင်ရန် ‌ကော်မရှင်တစ်ရပ် ဖွဲ့ စည်း‌ရေး ကုလသမဂ္ဂ အ‌ထွေ‌ထွေညီလာခံနှင့် လူ့အခွင့်အ‌ရေး‌ကောင်စီတို့မှ အ‌ရေးယူ လုပ်‌ဆောင်ရန်အပြင် အာဆီယံနိုင်ငံ များ၊ ဥ‌ရောပသမဂ္ဂနှင့် အ‌မေရိကန်ပြည်‌ထောင်စုမှ မြန်မာလူထုအတွက် ပံ့ပိုး‌ပေးရန် တိုက်တွန်း‌တောင်းဆိုလိုက်သည်။

“အစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့၊ ILO၊ ICRC နဲ့ နိုင်ငံတကာမှာရှိတဲ့ ‌ခေါင်း‌ဆောင်‌တွေ ‌နောက်ပြီး ဥ‌ရောပသမဂ္ဂ၊ ဂျပန်တို့အ‌နေနဲ့ စစ်အစိုးရရဲ့ စစ်ရာဇဝတ်မှု ကျူးလွန်ပြီး လူ့အခွင့်အ‌ရေးချိုး‌ဖောက်‌နေတာ‌တွေ ရပ်တန့်‌အောင် စုံစမ်းစစ်‌ဆေး ‌ရေး‌ကော်မရှင်ဖွဲ့ပြီး အ‌ရေးယူ ‌ဆောင်ရွက်သွား‌ပေးဖို့ ‌တောင်းဆိုချင်တယ်။”ဟု KHRG မှ ‌စောဖိုး‌ဇော်က ‌ပြောသည်။