Print This Post Print This Post
Home » သတင်း

တောင်ငူတွင် ရေကြီးမှုကြောင့် လယ်သမားများ ဒုက္ခရောက်

Submitted by Karen Information Center on Friday, 21 August 2009No Comment
တောင်ငူတွင် ရေကြီးမှုကြောင့် လယ်သမားများ ဒုက္ခရောက်
သြဂုတ်လ ၂၁ရက်။ နန်းထူးစံ (ကေအိုင်စီ)

တောင်ငူဒေသတွင် ယခုနှစ်မိုးရာသီအတွင်း မိုးပြင်းထန်စွာရွာသွန်းသောကြောင့် ရေကြီးမှုဖြစ်ပွားကာ ဒေသတွင်းရှိ လယ်ယာ ဧကပေါင်း (၁,၀၀၀)ကျော်ခန့် ရေလွမ်းမိုးမှုခံရပြီး စိုက်ပျိုးထားသည့်စပါးပင်များ သေကြေပျက်ဆီးသွားသည့်အတွက် လယ်သမားများ အခက်တွေ့ ရသည်ဟု သိရသည်။

လွန်ခဲ့သည် သြဂုတ်လဆန်းပိုင်းက မိုးတအားသွန်းသည့်အတွက် ကရင်ပြည်နယ်မြောက်ပိုင်း၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်အ တွင်းရှိ စစ်တောင်းမြစ် ရေလျှံတက်မှုနှင့် ပသိချောင်းတွင်ရှိ ပသိဆည် ရေလွတ်ချမှုကြောင့် ရေးကြီးမှုဖြစ်ပွားခဲ့ကာ ထိုဒေသရှိ လယ်ယာအမြောက်အများ ရေအောက်သို့ တပတ်ခန့်ကြာ ရောက်ရှိခဲ့သည့်အတွက် စပါးပင်များ သေကြေပျက်ဆီးရခြင်းဖြစ်သည် ဟု တောင်ငူဒေသခံများက ပြောဆိုကြသည်။

“ဒီနှစ်ဟာ ရေတအားကြီးတယ်။ လူတွေ အသေအပျောက်မရှိပေမယ့် ထိုဒေသရှိ လယ်တွေ အကုန် ရေအောက်ရောက်သွားတာ။ ရေက ချက်ချင်းနဲ့ ပြန်မကျတော့ စပါးပင်တွေဟာ သုံးလေးရက်လောက် ရေအောက်ရောက်သွားရင် သေတာပဲလေ။ ပေါက်လာတဲ့ စပါးပင်တွေက နုသေးတယ်။ နှုန်းမြေအောက် ရောက်တော့ ဘယ်ခံနိုင်မလဲ” ဟု တောင်ငူဒေသခံ စောအယ်ဝါးက ကေအိုင်စီကို ပြောသည်။

ထို့အပြင် “လယ်သမားတွေကတော့ လယ်ထဲမှာ ပျက်ဆီးသွားတဲ့ စပါးပင်တွေကို ကြည့်ပြီး မျက်ရည်ကျကြတယ်”ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

ပျက်ဆီးသွားသည့် ပစါးပင်များကို ဖယ်ရှားပြီး ပြန်လည်စိုက်ပျိုးရန်အတွက် မျိုးစေ့အခက်အခဲရှိသည့်အပြင်

တောင်ငူခရိုင်မှ လယ်စပါး မြင်ကွင်းတခု (ပုံ-ကေအိုင်စီ)

တောင်ငူခရိုင်မှ လယ်စပါး မြင်ကွင်းတခု (ပုံ-ကေအိုင်စီ)

မိုးရာသီချိန် ကုန်ဆုံးတော့မည်ဖြစ်သဖြင့် လယ်သမားများ အခက်တွေ့ရခြင်းဖြစ်သည်။

ယင်းရေလွမ်းမိုးမှု ခံရသည့် ဒေသများမှာ စစ်တောင်းမြစ်အရှေ့ခြမ်းရှိ ဆားစီးဘို၊ ရေလျံ၊ စီးဖြူကုန်း၊ တော့ကန်၊ ပြင်ကား၊ အောင်မြင်ရွာ၊ လေးတစ်၊ သစ်ချဆိပ်၊ ရွှေတတောင်၊ တပြေး၊ ခြံကြီး စသည့်ကျေးရွာများ တည်ရှိရာ ဒေသများတွင်ဖြစ်ကြပြီး အဆိုပါ ကျေးရွာများသည် နအဖ စစ်တပ်များ၏ အုပ်ချုပ်မှုအောက်တွင် တည်ရှိသည်။

လူဦးရေ (၂၀,၀၀၀)ခန့်် နေထိုင်လျက်ရှိသည့် အဆိုပါ ဒေသများတွင် ရွာသူရွာသားအများစုက လယ်ယာလုပ်ငန်းကို အဓိကထား လုပ်ကိုင်စားသောက်ကြသည့်အတွက် လာမည့်နှစ်တွင် ဆန်စပါး ရှားပါးသည့်ပြဿနာနှင့် ရင်ဆိုင်ရဖွယ်ရှိကြောင်း စောအယ်ဝါးက သုံးသပ်ပြောဆိုသွားသည်။

အဆိုပါ ဒေသများတွင် လွန်ခဲ့သည့် ၁၉၉၉ ခုနှစ်က အလားတူ ရေကြီးမှုဖြစ်ပွားခဲ့သော်လည်း ယခုဖြစ်ပွားသည့်အကြိမ်ကဲ့သို့ ထိခိုက်ဆုံးရှုံးမှုမများပေ။

Related articles:

Leave your response!

You must be logged in to post a comment.