ဩဂုတ် ၁၅ရက်။ စောသိန်းမြင့်(ကေအိုင်စီ)
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်ရှိ နတ်ထိပ်ကျေးရွာတွင် မတရားရောင်းစားခံခဲ့ရသည့် မြေဧက ၃,၀၀၀ကျော်အား ယခုလဆန်းပိုင်းတွင် နေပြည်တော်မှ အာဏာပိုင်များ၏ ကြားဝင်ရောက် ဖြေရှင်းမှုကြောင့် ဧက ၂၃၇ ရွာသားများ ပြန်လည်ရရှိသည်ဟု ရွာသားတဦးက ပြောသည်။
၎င်းက“မြေသိမ်းဆည်းရောင်းချတဲ့ကိစ္စကို သတင်းဌာနကနေ ပေါက်ကြားသွားတယ်။ ဒါ ကြောင့် အခုလဆန်းပိုင်းမှာ နေပြည်တော်က အာဏာပိုင်တွေ လာစစ်ဆေးတဲ့အခါကျတော့ အဲဒီ မြေဧက ၃,၀၀၀ကျော်မှ ကျနော်တို့ ရွာသားတွေ ဝယ်ယူထားတဲ့ ဧက ၃၀ဝထဲမှ ဧက ၁၅ဝ ကျနော်တို့တွေ ပြန်ရတယ်။ နောက်ပြီး အိမ်ထောင်စု တစ်စုမှာ ၁ဧကစီ ပြန်ရတယ်။”ဟု ပြောသည်။
အဆိုပါ မြေလွတ်မြေရိုင်းများသည် နတ်ထိပ်ကျေးရွာ၏ အရှေ့ဘက်ခြမ်းနှင့် တောင်ဘက်ခြမ်း တွင်းရှိပြီး ၂၀၀၇ခုနှစ်မှ ၂၀၁ဝခုနှစ်အထိ ဒီကေဘီအေမှ ဗိုလ်ကြာဝင်းနှင့် အစိုးရအာဏာပိုင် အချို့ပူးပေါင်း၍ မြေကွက်ချကာ ရောင်းချနေမှုများကို အရေးယူပေးရန် ကျေးရွာအေးချမ်းသာ ယာရေး(ရ.ယ.က)ဥက္ကဌက မြို့နယ်အေးချမ်း သာယာရေး (မ.ယ.က) ဥက္ကဌအား တရားဝင် စာဖြင့် နှစ်ကြိမ်တိုင်တိုင် တင်ပြတောင်းဆိုခဲ့သော်လည်း လာဘ်ပေး၊ လာဘ်ယူမှုများကြောင့် တစုံတရာ အရေးယူနိုင်ခြင်းမရှိဘဲ ၎င်းကိစ္စကို မီဒီယာတွင် ပြန်နှံ့သွားသောကြောင့် နေပြည် တော်မှ တာဝန်ရှိသူများက ကိုယ်တိုင်လာရောက်ဖြေရှင်းကာ ယခုလို ပြန်လည်ရရှိခြင်းဖြစ် သည်ဟု အမည်မလိုသည့် ၎င်းနတ်ထိပ် ရွာသားက ပြောသည်။
၎င်းပြန်လည်ရရှိသည့် မြေလွတ်၊ မြေရိုင်း ဧက ၁၅ဝကို ထင်းစိုက်ကွင်းအဖြစ် သတ်မှတ်ခဲ့ပြီး အိမ်ထောင်စု (၈၇)စုအတွက် ၁ ဧကစီ သီးသန့်ပြန်ရရှိသည့်မြေကွက်များကို ရာဘာပင်များ စိုက်ပျိုးထားရမည်ဟု နေပြည်တော်အာဏာပိုင်များက သတ်မှတ်ပေးခဲ့သည်ဟု ၎င်းရွာသားက ဆက်ပြောသည်။
မြေကွက်တချို့ကို ပြန်ပြီးပိုင်ခွင့်ရရှိသည့် အဆိုပါ ရွာသားက “မျှော်လင့်ချက် မရှိတော့တဲ့အ ဆုံးမှာ အခုလို ပြန်ရတဲ့အတွက် ဝမ်းသာတာပေါ့ဗျာ။ ဒါပေမယ့်လို့ ဒီမြေတွေဟာ ကျနော်တို့ ဘိုးဘွား ပိုင်ဆိုင်မြေဖြစ်တဲ့အတွက် အကုန်လုံးတော့ ပြန်ရချင်တယ်။ ရွာသူကြီးက ဒီလောက် လေး ပြန်ရတာ ကျေနပ်ကြပြောလို့ ကျနော်တို့လည်း ကျေနပ်လိုက်ရတယ်ပေါ့”ဟု ပြောသည်။
ရွာသားများ ပြန်လည်ရရှိသည့် အဆိုပါ မြေဧက ၂၃၇နှင့် စီးပွားရေးလုပ်ငန်းရှင်များနှင့် ကုမ္မဏီ တို့ပိုင်ဆိုင်သည့် နယ်မြေအကြားတွင် နောက်နောင် မြေသိမ်းဆည်းရောင်းချမှုများ မဖြစ်စေရန် ကျွန်းပင်များ စိုက်ပျိုးထားရသည်ဟု သိရသည်။
ဖားအံမြို့နယ်ရှိ ခလောက်ထောင်၊ ထောင်ခလောက်၊ ပေါက်စိန်၊ နောင်ပလိန်၊ နောက့်ဖာ့လဲ၊ နောင်းထိုးဒီး၊ နောင်မဘုံစသည့်ကျေးရွာများတွင်လည်း နတ်ထိပ်ရွာနည်းတူ မြေသိမ်းဆည်း ရောင်းချခံရမှုများရှိသော်လည်း ရွာသူရွာသားများ၏ တိုင်တန်းမှု တစုံတရာလုပ်ဆောင်ခြင်းမရှိ သေးကြောင်း သိရှိရသည်။