ဩဂုတ်လ ၁၅ရက်။ စောခါးစူး(ကေအိုင်စီ)
မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနသင်္ာရီတိုင်းဒေသ များရှိ မွန်နှင့် ကရင်ပြည်သူများ၏ ရာဘာခြံ၊ အိမ်ယာမြေနှင့် မြေလွတ်မြေရိုင်း ဧကတစ်သောင်းခန့်ကို မြန်မာအစိုးရနှင့် ကုမ္ပဏီတချို့က အဓမ္မ သိမ်းယူနေသည်ဟု မွန်ပြည်လူ့အခွင့်အရေး ဖောင်ဒေးရှင်း-HURFOM အဖွဲ့ကပြောသည်။
“မြေယာတွေဟာ သိမ်းယူထားပြီးသားနဲ့ သိမ်းဖို့တိုင်းတာပြီးသားမြေရှိတယ်။ တိုင်းတာထားတယ်ဆိုကတည်းက သိမ်းတာပဲ။ ဒီနှစ်ခုပေါင်းလိုက်ရင် ဧကတစ်သောင်းလောက် ဖြစ်သွားတယ်”ဟု HURFOM ၏ မှတ်တမ်းတင်တာဝန်ခံ နိုင်အွန်းမွန်က ပြောဆိုသည်။
၂၀၁ဝနှင့် ၂၀၁၁ခုနှစ်အတွင်း မွန်နှင့် ကရင်ဒေသအတွင်း အသိမ်းခံရသည့် မြေယာများမှာမွန်ပြည်နယ် ကျိုက်မရော၊ ရေးနှင့် သံဖြူဇရပ်မြို့နယ်တွင် ဧကငါးထောင်ခန့်၊ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်တွင် ဧကတစ်ထောင်ကျော်နှင့် တနသင်္ာရီတိုင်းရေဖြူမြို့နယ်တွင် ဧကလေးထောင်ကျော်ရှိသည်ဟု ၎င်းက ကေအိုင်စီကိုပြောသည်။
ထိုသို့ မြေယာသိမ်းမှုများအနက် တနသင်္ာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကျွဲသုံးညီမကျွန်းပေါ်ရှိ ဒေသခံ မွန်ပြည်သူများ၏ ရာဘာခြံ ဧကတစ်ထောင်ကျော် သိမ်းခံရမှုသည် အဆိုးဆုံးဖြစ်ကြောင်းကို HURFOM အဖွဲ့ကယနေ့ ထုတ်ပြန်သည့် အစီရင်ခံစာထဲတွင် ဖေါ်ပြထားသည်။
၂၀၁ဝခုနှစ် ဒီဇင်ဘာလမှ လက်ရှိကာလ အတောအတွင်း အဆိုပါ ဒေသခံ လူထု၏ ပင်မစီးပွားရေး လုပ်ငန်းဖြစ်သည့် ရာဘာခြံ ဧကတစ်ထောင်ကျော်ကို အစိုးရက သိမ်းခဲ့ပြီးနောက် ဒေသခံများအဖို့ သက်မွေးဝမ်းကျောင်း အခက်အခဲများနှင့် ကြုံတွေ့နေရသည်ဟုလည်း အစီရင်ခံစာတွင် ထောက်ပြထားသည်။
အထက်ပါ ဧကထောင်ကျော် သိမ်းဆည်းရသည့်အကြောင်းမှာ ရေတပ်တပ်ရင်းအတွက် စစ်လေ့ကျင့်ရေးကွင်း၊ စစ်သင်တန်းကျောင်းနှင့် စစ်တန်းလျားများ တည်ဆောက်ရန်အတွက် သိမ်းရခြင်းဖြစ်သည်ဟု သိရသည်။ သိမ်းယူသည့် အဖွဲ့အစည်းမှာ ရေဖြူမြို့နယ် အခြေစိုက် ရေတပ် တပ်ရင်း အမှတ် (၄၃) မှ သိမ်းဆည်းခြင်း ဖြစ်၍ ခြံမြေအသိမ်းခံရသည့် အိမ်ထောင်စုပေါင်း (၂၄၀) ရှိသည်ဟု အစီရင်ခံစာအရ သိရသည်။
အချို့သော မြေယာ သိမ်းဆည်းမှုများမှာ အစိုးရ စီမံကိန်းများ၊ အသစ်ဆောက်လုပ်မည့် စစ်တပ်များအတွက် ဖြစ်၍ အထက်ပါ ဘိလပ်မြေ စက်ရုံတည်ဆောက်ရေး စီမံကိန်းမှာမူ အစိုးရနှင့် နီးစပ်သည့် ကုမ္ပဏီများအတွက် သိမ်းဆည်းခဲ့ခြင်း ဖြစ်သည် ဟု HURFOM အဖွဲ့ကဆိုသည်။
၂၀၁ဝ ခုနှစ် နိုဝင်ဘာလ၌လည်း မွန်ပြည်နယ် ကျိုက်မရောမြို့နယ်၊ နိတုံကျေးရွာတွင် ဘိလပ်မြေစက်ရုံတည်ဆောက်ရေးစီမံကိန်းအတွက် ဒေါက်တာခင်ရွှေပိုင် ဇေကမ္ဘာကုမ္ပဏီမှ ဒေသခံလူထု၏ လယ်မြေဧက (၈၀၀)ကျော်ကို သိမ်းယူကာ ကာလတန်းဖိုးအောက် နည်းသည့် လျော်ကြေးငွေ ပေးခဲ့သည်ဟုလည်း နိုင်အွန်းမွန်ကပြောသည်။
ကရင်ပြည်နယ်အတွင်း သိမ်းယူရန် အတိုင်းခံရပြီးဖြစ်သည့် မြေများမှာကော့ကရိတ်မြို့နယ် ဘုရားသုံးဆူမြို့အထွက်ရှိ မြေများဖြစ်ပြီး၂၀၁၁ခုနှစ် ဇူလိုင်လက တိုင်းတာခဲ့ခြင်းဖြစ်သည်ဟု က ၎င်းက ဖြည့်စွက်ပြောသည်။
HURFOM အဖွဲ့ကို ၁၉၉၅ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီးမွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနသင်္ာရီတိုင်းအတွင်းရှိ လူ့အခွင့်အရေးချိုးဖောက်မှု လေ့လာစောင့်ကြည့်ခြင်း၊ အချက်အလက်စုဆောင်းခြင်း၊ အစီရင်ခံစာထုတ်ပြန်ခြင်းနှင့် ပညာပေးလုပ်ငန်းများကို လုပ်ဆောင်လျှက်ရှိသည်။
၂၀၀ဝ ပြည့်နှစ်မှ ၂၀၁၁ခုနှစ် လက်ရှိအချိန်အထိမွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနသင်္ာရီတိုင်းအတွင်းတွင် အသိမ်းခံရသည့် မြေယာဧကမှာ ၂သောင်းကျော်ရှိသည်ဟု HURFOM အဖွဲ့ကပြောသည်။