အောက်တိုဘာလ ၄ရက်။ စောဖိုးမူး (ကေအိုင်စီ)
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၌ ယခုတလော ငှက်ဖျားရောဂါပိုး ကူးစက်မှု များပြားလျှက်ရှိသည်ဟု နယ်မြေခံ ကျန်းမာ ရေးဝန်ထမ်းများ၏ ပြောပြချက်အရ သိရသည်။
ကော့ကရိတ်မြို့နယ်ရှိ ကျုံဒိုးနှင့် နယ်စပ်ဒေသမှ ကျေးရွာများတွင် ပြီးခဲ့သည့် ဧပြီလကုန်ပိုင်းတွင် ငှက်ဖျားရောဂါ စမ်းသပ်မှု များ စတင် ပြုလုပ်ခဲ့ရာမှ ရောဂါဖြစ်ပွားသူများကို တွေ့ရှိခဲ့ရသော်လည်း ယခုအချိန်တွင် ငှက်ဖျားရောဂါပိုးရှိသူ ဦးရေမှာ ယခင် ကထက် ပိုမို များပြားလာကြောင်း ကေအဲန်ယူ ဒူးပလာယာခရိုင်၏ ကျန်းမာရေးမှူးက စောနီသဘလေးက ပြောသည်။
“အရင် စမ်းသပ်မှုတွေ လုပ်တာ ရောဂါပိုးရှိသူ တယောက်နှစ်ယောက်လောက်ပဲ တွေ့ရတယ်။ မိုးများတဲ့လဖြစ်တဲ့ ဩဂုတ်လ ကနေ အခုအချိန်ထိဆိုရင် လူ ၁ဝဦးကို သွေးစစ်ကြည့်ရာမှာ အနည်းဆုံး ၄ဦးလောက် ငှက်ဖျားပိုးတွေ့ရှိရတယ်။ ဒါဟာ ငှက် ဖျားပိုး ကူးစက်မှုနှုန်း များတယ်လို့ ပြောလို့ရတယ်။”ဟု ကေအိုင်စီကို ပြောသည်။
ယခုတွေ့ရှိသည့် ငှက်ဖျားပိုးအမျိုးအစားသည် အသက် ၇နှစ်မှ ၈နှစ်ကြားရှိ ကလေးငယ်များနှင့် လူကြီးပိုင်းအထိ ဖြစ်ပွားလျှက် ရှိပြီး ကိုယ်ပူ၊ အရေပြားယားယံခြင်း၊ အရေပြားနီရဲခြင်း စသည့် ရောဂါလက္ခဏာများ တွေ့ရှိရသည်ဟု အဆိုပါဆေးမှူးက ပြော သည်။
၎င်းငှက်ဖျားရောဂါ ဖြစ်ပွားသည့်နေရာများတွင် ကျန်းမာရေးလုပ်သားများ ကိုယ်တိုင် သွားရောက်၍ ငှက်ဖျားဆေး တိုက်ကျွေး မှု များရှိသော်လည်း ၎င်းတို့ လက်လှမ်းမမီသည့် ဒေသများရှိ ဒေသခံရွာသားများသည် သစ်မျှစ်၊ ဝါးမျှစ်များဖြင့် ဖော်စပ်ထား သည့် ဆေးမြီးတိုများကိုသာ သောက်သုံးကာ ကုသနေကြသည်ဟု ဆေးမှူး စောနီသဘလေးက ပြောသည်။
ထိုဒေသတွင် ငှက်ဖျားရောဂါ ထိန်းချုပ်နိုင်ရန်အတွက် နယ်လှည့်ကျောပိုးအိတ် ကျန်းမာရေးလုပ်သားများအဖွဲ့(BPHWT)မှ ပညာပေးမှုများ လုပ်ဆောင်ပေးလျှက်ရှိသလို အိမ်ထောင်စုတစုလျှင် ခြင်ထောင်တစ်လုံးစီ ဝေငှပေးလျှက်ရှိသည်။
ယခု ကူးစက်ဖြစ်ပွားနေသည့် ငှက်ဖျားရောဂါကြောင့် ဝေဒနာသည်များမှာ အသက်အန္တရာယ် ဆုံးရှုံးသည်အထိ မရှိသော်လည်း လွန်ခဲ့သည့် ၂၀၀၅ခုနှစ်က ကျန်းမာရေးလုပ်သားများ လက်လှမ်းမမီသည့်ဒေသတချို့တွင် အသက်ဆုံးရှုံးမှုများ ရှိခဲ့သည်ဟု နယ်မြေခံ ကျန်းမာရေးလုပ်သားများက ပြောသည်။