အောက်တိုဘာလ ၂၄ရက်။ စောခါးစူးညား (ကေအိုင်စီ)
ထိုင်းနိုင်ငံအတွင်း ရေကြီးမှု ဆက်လက် ဖြစ်ပွားနေခြင်းကြောင့် ဘန်ကောက်မြို့ ရေလွှမ်းမိုးရာနယ်များမှ မြန်မာပြည်သို့ ပြန်ကြ သည့် မြန်မာအလုပ်သမားများ ထောင်နှင့်ချီ၍ ထိုင်းလူဝင်မှုကြီးကြပ်ရေးအဖွဲ့(လဝက)၏ ဖမ်းဆီးခြင်းကို ခံခဲ့ကြရသည်။
လက်ရှိ မဲဆောက်မြို့တွင် အဖမ်းခံနေရသည့် ဘန်ကောက်မှ မြန်မာအလုပ်သမားဖြစ်သူ စောဖိုးချောက “အခု တောမောရုံး (ထိုင်းလဝကရုံး)မှာ အဖမ်းခံရတဲ့သူ တစ်ထောင်ကျော်ရှိမယ်။ အားလုံးဟာ နိုင်ငံကူးလက်မှတ် (Passport)မရှိသူချည်းပဲ။”ဟု ကေအိုင်စီသို့ ပြောသည်။
၎င်းအနေဖြင့် အဖမ်းခံရသူများ စာရင်းတွင် နံပါတ် ၇၀၀ကျော်ဖြစ်ပြီး နောက်ပိုင်း နံပါတ်စဉ်များစွာ ကျန်နေသေးကြောင်းနှင့် ထို အထဲတွင် ကိုယ်ဝန်ဆောင် အမျိုးသမီးအချို့လည်း ပါဝင်သည်ဟု သူက ပြောပြသည်။
ယခု ထိုင်းလူဝင်မှုကြီးကြပ်ရေး တာဝန်ရှိသူများ၏ ဖမ်းဆီးခြင်းကိုခံရသူ မြန်မာများမှာ ထိုင်းနိုင်ငံတွင်း အလုပ်လုပ်ကိုင်ခွင့် လက်မှတ်(ဘတ်)များ ရှိသော်လည်း နိုင်ငံကူးလက်မှတ် မရှိသူများဖြစ်သည်ဟု သိရသည်။
အဖမ်းခံရသူများကို ထိုင်းလဝက တာဝန်ခံများက ထိုင်း-မြန်မာနယ်စပ် မဲဆောက်-မြဝတီ ချစ်ကြည်ရေးတံတားထိပ် မြန်မာ ပြည်ဘက်ခြမ်းရှိ နယ်ခြားစောင့်တပ်-BGF ဂိတ်သို့ ပို့ဆောင်သည်။ ထိုဂိတ်သို့ ပို့ဆောင်ခံရသူများကို BGF က တစ်ဦးလျှင် ထိုင်းဘတ်ငွေ ၂,၀၀ဝမှ ၂,၅၀ဝအထိ ဒဏ်ငွေသဘောမျိုး ကောက်ခံလျှက်ရှိကြောင်းလည်း BGF ဂိတ်သို့ ပြန်လည် ရောက်ရှိ သွားသည့် မြန်မာအလုပ်သမား အမျိုးသမီးတစ်ဦးက ပြောသည်။
သူမက “ဘန်ကောက်ကနေ မဲဆောက်ကို လိုင်းကားနဲ့ဆို ဘတ်ငါးရာကျော်ပဲ ကုန်တယ်။ တောမောက ဖမ်းတော့ ဒုက္ခရောက် ကြတော့တာပဲ။ လမ်းစရိတ် မလောက်တဲ့သူအတွက်တော့ အဆိုးဆုံးပဲ။ နောက် ကျမတို့ကို ပြန်လာသွန်တော့လည်း တော မောကို တစ်ယောက် ဘတ် ၈ဝ ပေးခဲ့ရသေးတယ်။”ဟု ပြောသည်။
ငွေကြေးတတ်နိုင်သည့် အချို့မြန်မာအလုပ်သမားများသည် ကယ်ရီမှတဆင့် လူတစ်ဦးလျှင် ဘတ် ၄,၅၀ဝမှ ၅,၀၀ဝအထိ ပေး စေပြီး ကရင်ပြည်နယ် ဖားအံနှင့် မွန်ပြည်နယ် သထုံ၊ ဘီးလင်းမြို့များသို့ အရောက်ပို့ဆောင်ပေးသည်ဟု ၎င်းက ဆက်ပြော သည်။
ဘန်ကောက်မြို့ ရေကြီးမှုကြောင့် မြန်မာနိုင်ငံတွင်းရှိ ဒေသအသီးသီးမှ မိဘဆွေမျိုးများက စိုးရိမ်ပူပန်နေကြပြီး မိမိတို့၏ သား သမီး၊ မိသားစုဝင်များကို နေရပ်ပြန်လာကြရန် ဆက်သွယ်ခေါ်ယူလျှက်ရှိသည်။
မဲဆောက်မြို့အဝင်၌ ထိုင်းလဝကအဖွဲ့က ယခုရက်ပိုင်းအတွင်း ဘန်ကောက်မှ နေရပ်ပြန်မည့် မြန်မာအလုပ်သမားများကို ဖမ်း ဆီးလျှက်ရှိရာ ယနေ့မှာ လူဦးရေ အများဆုံး ဖြစ်သည်။
ထိုင်းနိုင်ငံရှိ ခရိုင် ၇၇ခုအနက် ၆၁ခုမှာ ရေကြီးမှုဒဏ်ခံနေရပြီး လူဦးရေ ၈၂သိန်းကျော် ရေဘေးဒုက္ခနှင့် ရင်ဆိုင်နေရကာ သေဆုံးသူမှာ ၃၅ဝဦးကျော်ရှိပြီဟု သတင်းဌာနများက ထုတ်လွှင့်ဖော်ပြနေကြသည်။