(တူမောင်ညို)
(၂၀၁၁ အောက်တိုဘာ ၂၄ ရက်)
လစ်ဗျားအာဏာရှင် ဗိုလ်မှူးကြီး ကဒါဖီတော့ မရှုမလှ ဇာတ်သိမ်းသွားပြီ။
ရုပ်သံသတင်းများတွင် မြင်လိုက်ရသည့် သူ့ဇာတ်သိမ်းပိုင်းသည် တကယ့်ကို မရှုမလှ။ ဝိုင်းဝန်းရိုက်နှိက်မှုတွေကြားမှာ သွေးသံရဲရဲ။ နောက် ဆုံး ပစ်သတ်လိုက်သည်ဟု သတင်းက ဆိုသည်။
၄၂နှစ်ကြာ မိုးကောင်းခဲ့သော၊ တန်ခိုးထွားခဲ့သော အာဏာရှင်တစ်ယောက် ယခုကဲ့သို့ မရှုမလှ ဇာတ်သိမ်းသွားခဲ့သည်မှာ ယုံတမ်းစကားမ ဟုတ် လက်တွေ့တကယ့်ဖြစ်ရပ်။ အာဏာရှင်ကို ဇာတ်သိမ်းပစ်လိုက်နိုင်သည်ကတော့ ကြီးမားသော အဆင့်တစ်ခု၊ အောင်ပွဲတစ်ခုပင် ဖြစ် သည်။
သို့သော် ထိုအာဏာရှင် စီရင်ဖန်တီးခဲ့သော အာဏာရှင်စနစ်ကို ထိုအာဏာရှင်ကဲ့သို့ ဇီဝိန်ချုပ်သွားအောင် ဇာတ်သိမ်းပစ်နိုင်ပါမည်လော။
ဤသည် ယနေ့လစ်ဗျားပြည်သူအတွက် အဓိကကျသော မေးခွန်းနှင့် လုပ်ငန်းစဉ်ဖြစ်ဖွယ် ရှိပါသည်။ အီရတ်တွင် အာဏာရှင် ဆဒန်ဟူစိန်ကို ဖြုတ်ချသုတ်သင်နိုင်ခဲ့ပြီ။ အီရတ်ပြည်သူတွေ ဒီမိုကရေစီအရသာကို ငြိမ်းချမ်းစွာ ခံစားနိုင်ပြီလား။
ပြည်သူများသည် အာဏာရှင်ကို ဖြတ်ချ သုတ်သင်နိုင်စွမ်းရှိရမှာဖြစ်သလို ထိုထိုဤဤ အာဏာရှင်များ ဖန်တီး စီရင်ထားရှိခဲ့ကြသည့် အာဏာရှင်စနစ် ယန္တယားကိုပါ တစ်စမကျန် ချေမှုန်းသုတ်သင်ပစ်နိုင်မှသာလျှင် အာဏာရှင်စနစ်အောက်မှ တကယ်တမ်း လွတ်မြောက်မှု ကို ရနိုင်ပါလိမ့်မည်။
ယင်းသို့မဟုတ်လျှင် အာဏာရှင်ဟောင်းနေရာတွင် အာဏာရှင်သစ်တစ်ယောက် ထပ်မံ ပေါ်ပေါက်လာပြီး ပုံစံသစ်ဖြင့် စိုးမိုးချယ်လှယ်နေ လိမ့်ဦးမည်သာဖြစ်သည်။ သို့အတွက် ပြည်သူများသည် ပြည်သူတို့ပါဝင်ဆင်နွှဲသော ပြည်သူ့အုံကြွတော်လှန်မှုများသည် အာဏာရှင် (လူ ပုဂ္ဂိုလ်)နှင့် အာဏာရှင်စနစ် (ယန္တယား)ကို တစ်စမကျန် ချေမှုန်းသုတ်သင်ပစ်ရလိမ့်မည်။
ကျနော်တို့ မြန်မာပြည်တွင် ဖြစ်ပွားခဲ့သော ၈၈ ဒီမိုကရေစီအရေးတော်ပုံကြီးကိုပဲ ပမာပြုပြောရလျှင် (မဆလ) တစ်ပါတီ အာဏာရှင်စနစ်ကို ပြည်သူများက ဆန့်ကျင်တွန်းလှန် ဖြိုချနိုင်ခဲ့သည်။
အာဏာရှင်ကြီး(ဗိုလ်) ဦးနေဝင်း အပါအဝင် လက်ထောက်အာဏာရှင်များဖြစ်သော ဦးစိန်လွင်၊ ဦးမောင်မောင်တို့ကို အာဏာပလ္လင်ပေါ်က နေ ဆွဲချနိုင်ခဲ့သည်။ (မဆလ)တစ်ပါတီကြီး ပျက်သုဉ်းသွားခဲ့သည်။ (မဆလ)တစ်ပါတီအာဏာရှင်စနစ်ကို အသက်သွင်း ပုံဖော်ပေးခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၁၉၇၄)ကို စက္ကူစုတ်ဖြစ်အောင် ချေမှုန်းပစ်နိုင်ခဲ့သည်။ ယင်းသို့သော အောင်မြင်မှုများဘက်ကပြောလျှင် ၈၈ ဒီမိုက ရေစီ အရေးတော်ပုံကြီးသည် ကြီးစွာသော အောင်ပွဲရလဒ်များကို ရယူပေးနိုင်ခဲ့ပါသည်။
“သို့သော်”
ယင်းသို့သော်ကား အရေးကြီးသော “သို့သော်” ဖြစ်ပါသည်။
သို့သော် ၈၈ ဒီမိုကရေစီ အရေးတော်ပုံကြီးသည် ပြည်သူအများ လိုလားသည့် စစ်မှန်သော ပါတီစုံဒီမိုကရေစီစနစ် တည်ဆောက်ရေးဟူ သော အခြေခံအောင်ပွဲစခန်းဆီသို့ တစ်ချိုးတည်း ချီတက်နိုင်ခဲ့ခြင်း မရှိခဲ့ပါ။ ယင်းသို့ အခြေခံ အောင်ပွဲစခန်းဆီသို့အရောက် မချီတက်နိုင်ခဲ့ သဖြင့်လည်း ယနေ့ ဆက်လက်ပြီး စစ်မှန်သော ပါတီစုံဒီမိုကရေစီစနစ် တည်ဆောက်ရေးတိုက်ပွဲကို ဆက်လက် ဆင်နွှဲနေကြရသည် မဟုတ် ပါလော။
၈၈ ဒီမိုကရေစီအရေးတော်ပုံကြီးကို အကြမ်းဖက် ချေမှုန်းပြီး (နဝတ) စစ်အုပ်စုက အာဏာသိမ်းခဲ့သည်။
(မဆလ) တစ်ပါတီအာဏာရှင်စနစ်နေရာတွင် (နဝတ) စစ်အာဏာရှင်စနစ် အစားထိုးဝင်ရောက်လာသည်။ (နဝတ) စစ်အုပ်စုက ၁၉၉ဝ ရွေးကောက်ပွဲကို ပြုလုပ်ပေးသည့်မှန်သော်လည်း ၁၉၉ဝပြည့် ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သော ပါတီ (NLD)ကို အာဏာ လွှဲပြောင်းမပေးခဲ့ ချေ။ မပေးသည့်အပြင် အနိုင်ရပါတီနှင့် ထိုပါတီ၏ အဓိကခေါင်းဆောင်များကို ပုံစံမျိုးစုံဖြင့် ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ တက်ကြွလှုပ်ရှားသူ လူငယ်မှန်သမျှကို နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခဲ့သည်။ ယနေ့အထိ ထိုကျောင်းသားလူငယ်ခေါင်းဆောင်များ အကျဉ်းထောင်များထဲတွင် ရှိနေဆဲ ဖြစ်သည်။
(နဝတ) စစ်အုပ်စုကနေ (နအဖ) စစ်အုပ်စုအဖြစ် အမည်ပြောင်းခဲ့သည်။ စစ်အာဏာရှင်စနစ်သည် စစ်အာဏာရှင်စနစ်အဖြစ်သာ တည်ရှိခဲ့ သည်။ ဘာမျှ မပြောင်းလဲခဲ့။
နောက်ဆုံး (နအဖ) စစ်အုပ်စုသည် စိတ်ကြိုက်ညီလာခံတစ်ခုကိုဖန်တီးခဲ့ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)ကို စိတ်ကြိုက် ရေးဆွဲအတည်ပြု ပြဋ္ဌာန်းခဲ့သည်။
ထိုဥပဒေဖြင့် ၂၀၁ဝ ရွေးကောက်ပွဲကို ဖန်တီးခဲ့ပြီး ယခုအခါ ထိုရွေးကောက်ပွဲကနေ “လွှတ်တော်” ဆိုသည်များလည်း ဖန်တီးစီရင်ထားခဲ့ပြီ။ ကြံ့ဖွံအစိုးရ သို့မဟုတ် စစ်တပိုင်းအစိုးရကို စိတ်ကြိုက် ဖွဲ့စည်းထားနိုင်ခဲ့ပြီ ဖြစ်သည်။
စစ်အာဏာရှင်စနစ်သည် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ဖြင့်အသက်ဝင်တည်ရှိနေဆဲဖြစ်သည်။ ထိုဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)ထဲတွင် စစ်အာဏာရှင်စနစ်ကို အကာအကွယ်ပြုထားသည့် ပုဒ်မများ၊ ပြဋ္ဌာန်းချက်များ အပြည့်အဝ ပါရှိနေဆဲဖြစ်သည်။ အခြားတစ်ဖက်တွင် ဟန်ပြ လှည့်စားနိုင်ရန်အတွက် “အခွင့်အရေးအချို့”ကို သဏ္ဍာန်အရ ဖော်ပြထားသည်။ သို့သော်လည်း အနှစ်သာရမှာ စစ်အာဏာရှင်စနစ်သာ ဖြစ် မြဲဖြစ်သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ဘောင်ထဲတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) က ခွင့်ပြုထားသည့် “အခွင့်အရေး” ဆိုသည်များကိုသာ ရမည်။ လက်တွေ့တွင်လည်း မည်မျှရခဲ့ကြသည်ကို ၂၀၁ဝ ရွေးကောက်ပွဲနှင့် လက်ရှိဖြတ်သန်းမှုများက သက်သေခံနေသည်။ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး စသည့် မဏ္ဍိုင် ၃ရပ်စလုံး၏ သော့ချက်နေရာများကို ယခင် (နအဖ) စစ်အုပ်စုဝင် ထိပ်သီးဟောင်းများကသာ ဆက်လက် ချုပ်ကိုင်ရယူထားဆဲ ဖြစ်သည်။
အုပ်ချုပ်ရေးဘက်တွင် ပြည်ထောင်စုအစိုးရ၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရ အဖွဲ့အဆင့်ဆင့်တွင်လည်း ယခင် (နအဖ) စစ် အုပ်စုထိပ်သီး ဟောင်းများသာ လွှမ်းမိုးချုပ်ကိုင်ထားဆဲဖြစ်သည်။
ဥပဒေပြုရေးဖြစ်သည့် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်များတွင်လည်း ကြံ့ဖွံ့ပါတီဝင်များကသာ အများစု လွှမ်းမိုး ချယ်လှယ်ထား ခြင်းဖြစ်သည်။ အတိုက်အခံ ပါတီငယ်လေးများမှာ “စည်းကမ်းပြည့်ဝသောဒီမိုကရေစီ”၏ အဖြည့်ခံသက်သက်၊ ပြယုဂ်သက်သက်သာ ဖြစ်နေ သည်။
အတိုက်အခံပါတီငယ်လေးများသည် သူတို့လိုလားသောအဆိုကို တင်ပြနိုင်ခွင့်ရှိသည်မှန်သော်လည်း ထိုအဆိုအတည်ဖြစ် လာစေရန် မစွမ်း ဆောင်နိုင်ဘဲ ရှိသည်။ အခြားတစ်ဖက်ကလည်း ၎င်းတို့ မလိုလားသော ကြံ့ဖွံ့အမတ်များ တင်ပြလာသည့် အဆိုများကို ပယ်ချနိုင်သည့် အင်အားမရှိချေ။ သို့အတွက် ၎င်းတို့ဘဝသည် လွှတ်တော်ထဲတွင် “အများစုကို အနည်းစုက နာခံဟူသည့်” ဒီမိုကရေစီကျင့်စဉ်ကို အရောင် တင် အလှခြယ်ပေးနေရသည့် ဘဝမျိုးသာဖြစ်နေသည်။
ဗိုလ်သန်းရွှေတို့ ကန့်လန့်ကာနောက်ကွယ်သို့ ဝင်သွားသော်လည်း ဗိုလ်သန်းရွှေတို့ (နအဖ) စစ်အုပ်စု ဖန်တီးစီရင်ထားခဲ့သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈) သည် ယခုအခါ လှုပ်ရှားအသက်ဝင်လျက်ရှိနေသည်။
သို့ဖြင့် (နဝတ-နအဖ) စစ်အာဏာရှင်စနစ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)ဖြင့် ဖုံးကွယ်ထားနိုင်ခဲ့သည်။
ယခုလည်း ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ဘောင်ထဲ ဝင်လာမည်ဆိုလျှင် မည်သူ့ကိုမဆို သူတို့ (စစ်တပိုင်းအစိုးရ သို့မဟုတ် ဦးသိန်းစိန် အစိုးရ) က လှိုက်လှိုက်လှဲလှဲ ကြိုဆိုမည်သာ ဖြစ်သည်။
သို့အတွက် ကျနော်တို့ပြည်သူများသည် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ကို တိုက်ဖျက်ကြမည်။
ထိုအခြေခံဥပဒေကို (နဝတ-နအဖ) စစ်အုပ်စုက စိတ်ကြိုက်ရေးဆွဲ အတည်ပြု ပြဋ္ဌာန်းထားခြင်းဖြစ်သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ရှိရုံမျှဖြင့် ဒီမိုကရေစီရှိပြီဟု မပြောနိုင်ပါ။
ဘယ်လိုအခြေခံဥပဒေ အမျိုးအစားလဲ။ မည်သူ့အကျိုးစီးပွားကို အစဉ်ထိန်းသိမ်း၊ ကာကွယ်၊ တိုးများစေရေးအတွက် ရည်ရွယ် ရေးဆွဲထားသ လဲ ဆိုသည့်အချက်များကို ရှာဖွေကြည့်ကြရပါမည်။
အာဏာရှင်ကို ဖြုတ်ချနိုင်လိုက်ရုံမျှဖြင့် ပြည်သူများအတွက် ဒီမိုကရေစီ ပြည့်ပြည့်ဝဝ ရနိုင်လိမ့်ဦးမည် မဟုတ်ပါ။ အာဏာရှင်စနစ်ကို လှုပ် ရှားအသက်ဝင်စေနိုင်သည့် အာဏာရှင်ယန္တယားကို တစ်စမကျန် ဖျက်သိမ်းပစ်ဖို့လိုသည်။
လူထုအုံကြွတော်လှန်မှုဖြင့် အာဏာရှင်နဲ့ အာဏာရှင်စနစ် ယန္တယားကိုပါ တစ်စမကျန် ဖျက်သိမ်းပစ်ဖို့လိုသည်။
အနီးအဝေးသမိုင်းတွင် အာဏာရှင်များ မရှုမလှ ဇာတ်သိမ်းသွားခဲ့သည်မှာ ယုံတမ်းစကားမဟုတ် လက်တွေ့တကယ့်ဖြစ်ရပ်။
ပြည်သူများက၊ ပြည်သူ့စွမ်းအားဖြင့်သာ အာဏာရှင်နှင့် အာဏာရှင်စနစ်ယန္တယားကို အကုန်အစင် ဖျက်သိမ်းနိုင်ပါလိမ့်မည်။