Home သတင်း KNU ငြိမ်းချမ်း‌ရေး‌ကော်မတီဝင်များ အစိုးရအဖွဲ့နှင့် ‌တွေ့ဆုံခဲ့

KNU ငြိမ်းချမ်း‌ရေး‌ကော်မတီဝင်များ အစိုးရအဖွဲ့နှင့် ‌တွေ့ဆုံခဲ့

1823
နိုဝင်ဘာလ ၂၁ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ)နှင့်မြန်မာအစိုးရ ကိုယ်စားလှယ်အဖွဲ့တို့သည် ယခုလ နိုဝင်ဘာလ ၁၉ရက်မှ ၂ဝ ရက်‌နေ့အထိ ထိုင်း-မြန်မာနယ်စပ် ချင်းရိုင်းခရိုင်၊ မယ်ဆိုင်မြို့တွင် ငြိမ်းချမ်း‌ရေး ‌ဖော်‌ဆောင်‌ရေးနှင့် ပတ်သက်ပြီး ‌တွေ့ဆုံ ‌ဆွေး‌နွေးခဲ့သည်။

‌ဆွေး‌နွေးပွဲတွင် ပါဝင်ခဲ့သူ ‌ကေအဲန်ယူ ဗဟိုသစ်‌တောဌာနမှူး ပဒို‌စောအားတိုးက “အခုသွားတာ သ‌ဘောတူညီချက် လက်မှတ် သွားထိုးဖို့ သွားတာမဟုတ်ဘူး‌နော်။ Informal အ‌နေနဲ့သွားတာပဲ‌နော်။ ဒါ‌ကြောင့် ဒီ‌တွေ့ဆုံမှုမှာ သ‌ဘောတူချက် လက်မှတ် ထိုးတာတို့ လုံးဝ မပါဘူး။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်း‌တွေ့ဆုံမှုတွင် (၁)အပစ်အခတ်ရပ်စဲ‌ရေး (၂)ဆက်ဆံ‌ရေးရုံးများ အပြန်အလှန်ထားရှိ‌ရေး (၃)လက်နက်မပါဘဲ နယ်‌မြေ ‌ကျော်ဖြတ်ခွင့်ပြု‌ရေး (၄)တိုင်းရင်းသားအားလုံးနှင့် အဖွဲ့‌ပေါင်းစုံပါဝင်သည့် ဗဟိုအဆင့် ‌ဆွေး‌နွေးပွဲအတွက် ‌နေရာ၊ သတ်မှတ် ‌ရေး စသည့် အချက်‌လေးချက်ကို ပဏာမအဆင့် သ‌ဘောတူညီခဲ့ကြသည်ဟု ‌ကေအဲန်ယူဘက်က ‌ပြောဆိုသည်။

နှစ်ဘက် အပစ်အခတ်ရပ်စဲ‌ရေးကိစ္စတွင် ကရင်‌ဒေသအ‌ခြေအ‌နေနှင့် တခြားတိုင်းရင်းသား ‌ဒေသအ‌ခြေအ‌နေနှင့် မတူညီ‌သော ‌ကြောင့် အ‌ချေအတင် ‌ဆွေး‌နွေးသွားရမည့်သ‌ဘောရှိသလို အပစ်အခတ်ရပ်စဲ‌ရေး သ‌ဘောတူညီမှုရရှိမှာသာလျှင် ကျန်သည့် လုပ်ငန်းစဉ်များကို ဆက်လက် လုပ်‌ဆောင်သွားမည်ဖြစ်‌ကြောင်း ပဒို‌စောအားတိုးက ‌ပြောသည်။

ယခုတကြိမ် ‌တွေ့ဆုံမှုတွင် အစိုးရဘက်မှ သမ္မတဦးသိန်းစိန် တိုက်ရိုက် ခန့်အပ်‌စေလွှတ်သည့် ပြည်‌ထောင်စုဝန်ကြီး ဦး‌အောင် မင်းတစ်ဦးသာ ဦး‌ဆောင်‌ဆွေး‌နွေးခဲ့ပြီး ‌ကေအဲန်ယူဘက်မှ ငြိမ်းချမ်း‌ရေး ‌ဖော်‌ဆောင်‌ရေး‌ကော်မတီမှ ပဒို‌စော‌ဒေးဗစ်‌ထော၊ စစ် ဦးစီးချုပ် ဗိုလ်ချုပ်ကြီးမူတူး‌စေးဖိုးနှင့် ပဒို‌စောအားတိုးတို့ ပါဝင်သည်။
‌ကေအဲန်ယူ ငြိမ်းချမ်း‌ရေး ကိုယ်စားလှယ်အဖွဲ့နှင့် မြန်မာအစိုးရ ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်‌ရေးအဖွဲ့တို့သည် ‌နောက်ပိုင်းတွင် ထပ်မံ ‌တွေ့ဆုံ‌ဆွေး‌နွေးရန်ရှိ‌သော်လည်း ရက်အတိအကျ မသတ်မှတ်ရ‌သေး‌ကြောင်း ပဒို‌စောအားတိုးက ယခုလို ‌ပြောသည်။

“ကျ‌နော်တို့ ‌ကေအဲန်ယူက သက်ဆိုင်ရာ ‌ကော်မတီ‌တွေ အားလုံးပြန်ပြီး‌တော့ ညှိနှိုင်းတိုင်ပင်ရအုံးမယ်။ ‌ဆွေး‌နွေးရအုံးမယ်။ အဲဒီကိစ္စမှာ ကျ‌နော်တို့ သတ်မှတ်ရက်အ‌ပေါ်မှာ ဦး‌အောင်မင်းကိုယ်တိုင် လက်ခံပြီး‌တော့ လာပြီးကြိုဆိုမယ်လို့ ‌ပြောထားတာ ရှိတယ်”ဟု ၎င်းက ‌ပြောသည်။

ယခု‌တွေ့ဆုံမှုမှာ ညီညွှတ်‌သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်‌ကောင်စီ (UNFC)၏ မူအရ ‌တွေ့ဆုံ‌ဆွေး‌နွေးခြင်း မဟုတ် ဘဲ ‌ကေအဲန်ယူ ကိုယ်စားလှယ်အရ ‌တွေ့ဆုံခြင်းဖြစ်သည်ဟု သိရသည်။

အလားတူ နိုဝင်ဘာလ ၁၉ရက်‌နေ့တွင် ရထားပို့‌ဆောင်‌ရေး ဝန်ကြီး ဦး‌အောင်မင်း ဦး‌ဆောင်သည့် အစိုးရ ကိုယ်စားလှယ်အဖွဲ့ သည် လက်နက်ကိုင် တိုင်းရင်းသားတပ်ဖွဲ့များဖြစ်သည့် သျှမ်း၊ ချင်း၊ ကချင်၊ ကရင်နီ ကိုယ်စားလှယ်အဖွဲ့များနှင့်လည်း ‌တွေ့ ဆုံခဲ့သည်ဟု သိရသည်။

‌ကေအဲန်ယူသည် ၁၉၄၉ခုနှစ်မှ ယ‌နေ့အချိန်ထိ မြန်မာအစိုးရအဆက်ဆက်နှင့် ငြိမ်းချမ်း‌ရေးကိစ္စ ‌တွေ့ဆုံ‌ဆွေး‌နွေးခဲ့‌သော် လည်း ‌အောင်မြင်မှု မရရှိခဲ့‌ပေ။ သမ္မတဦးသိန်းစိန် တက်လာပြီး‌နောက် ‌ကေအဲန်ယူနှင့် တရားဝင် ‌တွေ့ဆုံမှုသည် ယခုအကြိမ် နှင့်ဆိုလျှင် (၂)ကြိမ်‌မြောက်ဖြစ်သည်ဟု ‌ကေအဲန်ယူဘက်က အတည်ပြု ‌ပြောကြားခဲ့သည်။