Print This Post Print This Post
Home » သတင်း

တပ်မဟာ(၅)တွင် ထိုးစစ် စတင်နေပြီ

Submitted by Karen Information Center on Thursday, 24 September 2009No Comment
တပ်မဟာ(၅)တွင် ထိုးစစ် စတင်နေပြီ
စက်တင်ဘာလ (၂၄)ရက်။ နန်းထူးစံ (ကေအိုင်စီ)

ကရင်အမျိုးသား အစည်းအရုံး (ကေအဲန်ယူ) တပ်မဟာ(၅) နယ်မြေတွင် နအဖ နှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (ဒီကေဘီအေ) တပ်ဖွဲ့များက ယခုလ အစောပိုင်းမှစ၍ စစ်ရေး ပိုမိုလှုပ်ရှားလာခြင်းသည် တပ်မဟာ(၅) နယ်မြေ ထိုးစစ်ကို စတင်နေခြင်းဖြစ်ကြောင်း တပ်မဟာ(၅) တပ်ရေးဗိုလ်က ကေအိုင်စီကို ပြောသည်။

အဆိုပါတပ်ရေးဗိုလ် ဗိုလ်မှူးစောကလယ်ဒို့က “ကျနော်တို့ တပ်မဟာမှာ အခု နအဖ တပ်မ(၁၁) လက်အောက်ခံ ခမရ(၂၁၆)နဲ့ ဒီကေဘီအေ တပ်(၆၆၆)၊ (၃၃၃)၊ (၇၇၇) တပ်ဖွဲ့တွေရဲ့ တပ်ဖွဲ့အချို့။ ပူးပေါင်းတပ်ဖွဲ့ပေါ့နော်။ ဘူးသို မြို့နယ်မှာ လှုပ်ရှားမှု ပိုများလာတယ်။ အဲဒီတော့ ကျနော်တို့ အဖွဲ့နဲ့ တိုက်ပွဲသေးသေးလေးတွေ ဖြစ်ပွားတာရှိပါ တယ်။ ကြီးကြီးတော့ မဟုတ်ဘူး။ သူတို့ ပူးပေါင်းတပ်ဖွဲ့တွေ အခုလို စစ်ရေးလှုပ်ရှားတာကို ကြည့်ခြင်းအားဖြင့် ကျနော်တို့နယ်မြေမှာ ထိုးစစ်ကို စတင် အကောင်အထည်ဖော်တာ ဖြစ်နိုင်တယ်”ဟု ပြောသည်။

နအဖနှင့် ဒီကေဘီအေပူးပေါင်းတပ်ဖွဲ့များက ၎င်းတို့ ထိုးစစ်လှုပ်ရှားသည့်ဒေသများတွင် ကျေးရွာများသို့ ၀င်ရောက်ကာ စစ်သားများကောက်ခံ ခြင်း၊ ရွာသူရွာသားများကို ရိုက်နှက်ခြင်း၊ ဒေသခံများ သွားလာနေသည့် လမ်းများနှင့် ခြံများတွင် မိုင်းထောင်ထားခြင်းများအပြင် စက်တင်ဘာလ (၁၈)ရက်နေ့က ဘူးသိုမြို့နယ်ရှိ မယ်ကူးထာ့ကျေးရွာသား အသက်(၁၇)အရွယ်ရှိ ကရင်လူငယ်တဦးကို အကြောင်းမဲ့ ပစ်သတ်ခဲ့သည်ဟု နယ်ခံ တဦးက ယခုလို ပြောသည်။

“သူတို့ရဲ့ လှုပ်ရှားမှုမှာ နယ်ခံလူထုတွေတော့ တော်တော်ခံရတယ်။ ဒီလ (၁၈)ရက်နေ့က မယ်ကူးထာ့ ကျေးရွာသား ကျော်ဖားတိုကို ပစ်သတ်ခဲ့ တယ်။ အဲဒီလူငယ်က စကားမပြောတတ်၊ နားမကြားတဲ့သူဆိုတော့ သူတို့ခေါ်တာ မကြားလို့ဆိုပြီး ပစ်သတ်လိုက်တာ။ အခု သူတို့(နအဖ၊ ဒီကေ ဘီအေ) လှုပ်ရှားမှုက ရွာတွေရဲ့ ပတ်ဝန်းကျင်၊ ခြံထဲ၊ လူတွေသွားလာနေတဲ့လမ်းနဲ့ ချောင်းကမ်းပါးတွေမှာ မိုင်းတွေ ထောင်ထားကြတယ်။ ရွာသား တွေကို မထိပေမယ့် ရွာသားတွေရဲ့ ကျွဲတွေ၊ ဝက်တွေ ထိတာများတယ်”ဟု သူက ဆိုသည်။

ထို့အပြင် စက်တင်ဘာ (၁၂)ရက်နေ့ကလည်း ဖါးနားဒိ ဦးစီးသည့် ဒီကေဘီအေတပ်က ထိုဒေသရှိ ထီးဒို့ထာ့ ကျေးရွာထဲသို့ ၀င်ရောက်ပြီး ရွာသား စောထို့ကိ ၃၅နှစ်ကို ရွာအပြင်ဘက်ရှိ ကွမ်းသီးခြံထဲတွင် ပစ်သတ်ခဲ့ကြောင်း ကေအဲန်ယူ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဘူးသိုမြို့နယ်ရှိ နအဖ နယ်စပ်တပ်စခန်းတခု

ဘူးသိုမြို့နယ်ရှိ နအဖ နယ်စပ်တပ်စခန်းတခု

ယင်းသို့ နအဖနှင့် ဒီကေဘီအေတပ်များ ပိုမိုလှုပ်ရှားလာခြင်းကြောင့် တပ်မဟာ(၅)နယ်မြေအတွင်း ကေအဲန်အယ်လ်အေ တပ်ရင်း(၁၀၂) တပ်ဖွဲ့ နှင့် မကြာခဏ ပြောက်ကျားတိုက်ပွဲများ ဖြစ်ပွားလျက်ရှိရာ ထိုဒေသအတွင်းရှိ ၎င်းတို့ပူးပေါင်းတပ်ဖွဲ့များ သွားလာလှုပ်ရှားရန် အသုံးပြုသည့် တံတားများကို ကေအဲန်အယ်လ်အေက လိုက်လံဖျက်ဆီးထားသည်ဟုလည်း သိရသည်။

နအဖ နှင့် ဒီကေဘီအေတပ်များသည် ၂၀၁၀ ရွေးကောက်ပွဲမတိုင်မီ နယ်စပ်တလျှောက်ရှိ ကေအဲန်ယူနယ်မြေများ ကို စိုးမိုးနိုင်ရန်အတွက် လွန်ခဲ့ သည့် ဇွန်လမှစ၍ ကေအဲန်ယူ တပ်မဟာ(၇)နယ်မြေကို တိုက်ခိုက်သိမ်းဆည်းခဲ့ပြီး တပ်မဟာ(၆)နှင့် တပ်မဟာ(၅) ထိန်းချုပ်သည့် နယ်မြေများ ကိုလည်း ယခုလအတွင်း ထိုးစစ်ဆင်နေသဖြင့် ဒေသတွင်းရှိ ကေအဲန်အယ်လ်အေတပ်ဖွဲ့နှင့် မကြာခဏ တိုက်ပွဲများ ဖြစ်ပွားလျက်ရှိကြောင်း သိရ သည်။


Related articles:

Comments are closed.