Home သတင်း BGF လက်နက်ကို DKBA သိမ်းဆည်း

BGF လက်နက်ကို DKBA သိမ်းဆည်း

2117
ဇန်နဝါရီလ ၁၉ရက်၊ ၂၀၁၂။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် မဲ့သ‌ဝေါ‌ကျေးရွာ အ‌ခြေစိုက် နယ်ခြား‌စောင့်တပ် BGF တပ်ရင်း(၁၀၁၁) တပ်ဖွဲ့ဝင်များ၏ လက်နက်များကို ဗိုလ်မှူး‌စောဘိ ဦး‌ဆောင်သည့် DKBA တပ်ဖွဲ့မှ ယမန်‌နေ့က သိမ်းဆည်းခဲ့သည်ဟု သိရသည်။

မဲ့သ‌ဝေါ‌ကျေးရွာရှိ BGF တပ်ရင်း(၁၀၁၁)မှ တပ်ခွဲ(၃)မှူး ဗိုလ်ကြီးမြတ်‌သောင်း ဦးစီးသည့် တပ်ဖွဲ့ဝင်အင်အား ၁ဝဦးခန့်သည် ဆရာ‌တော်ဦးသုဇနအား မြိုင်ကြီးငူသို့ ကားဖြင့် ပြန်ပို့စဉ် ကားလမ်းခုလတ်တွင် DKBA တပ်ဖွဲ့မှ လက်နက်သိမ်းဆည်းလိုက် ခြင်းဖြစ်သည်ဟု BGF နှင့် နီးစပ်သူတစ်ဦးက ‌ပြောသည်။

၎င်းက “မ‌နေ့က မနက် ၆နာရီမှာ ဆရာ‌တော် မဲ့သ‌ဝေါကို ‌ရောက်လာတယ်။ အဲဒီမှာ မြိုင်ကြီးငူကို ပြန်ကြွဖို့ လုံခြုံ‌ရေးအတွက် ဆိုပြီး တပ်ခွဲမှူး မြတ်‌သောင်းနဲ့ သူ့လူတချို့ကို ‌ခေါ်သွားတယ်။ ၉၆၂ ပွိုင့်ကုန်းအလွန်မှာ ဗိုလ်ဘိတို့ DKBA က လက်နက်သိမ်း ပစ်လိုက်တယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထိုသို့ လက်နက်သိမ်းဆည်းခံရပြီး‌နောက် မဲ့သ‌ဝေါ‌ကျေးရွာရှိ BGF တပ်ရင်း(၁၀၁၁) တပ်ခွဲ(၃) ဒုတပ်ခွဲမှူးနှင့်အဖွဲ့သည် ယ‌နေ့ မနက်တွင် မြိုင်ကြီးငူဘက်သို့ ကားဖြင့် ထွက်ခွာသွားသည်ဟု အဆိုပါနီးစပ်သူက ‌ပြောသည်။

မဲ့သ‌ဝေါ‌ကျေးရွာရှိ အမည်မ‌ဖော်လိုသူ DKBA တပ်မှူးတစ်ဦးက “လက်နက်က ၁ဝလက် ‌ကျော်ရတာ‌ပေါ့။ ဆရာ‌တော် သိမ်းခိုင်း လို့ သိမ်းလိုက်တာပါ။ မဲ့သ‌ဝေါမှာ အဖွဲ့‌ပေါင်းစုံ ရှိအခါကျ‌တော့ ပြည်သူ‌တွေလည်း ဘယ်ခံနိုင်မလဲ။ ဒါကို ‌မောင်းထုတ်လိုက်တဲ့ သ‌ဘောပါ။ အခု မဲ့သ‌ဝေါမှာရှိတဲ့ BGF ‌တွေ ပြန်ကုန်ပြီ။”ဟု ‌ပြောဆိုသည်။

ထို့အပြင် ယခုလ ၁၆ရက်‌နေ့က အဆိုပါကားလမ်း၌ပင် BGF (၁၀၁၂)တပ်ရင်းမှ တပ်ကြပ်ကြီး ‌ခေဆန်မင်း၏ ကား‌ရေပုံးကို DKBA တပ်ဖွဲ့မှ ‌သေနတ်ဖြင့် အနီးကပ် ပစ်ခတ်ဖျက်ဆီးခဲ့‌သေး‌ကြောင်း နယ်ခြား‌စောင့်တပ်နှင့် နီးစပ်သူများက ‌ပြောသည်။

ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော်(KNLA)တပ်ရင်း(၂၂) ဒုရင်းမှူး ဗိုလ်မှူးဒီးကွယ်က “လက်နက်သိမ်းတယ်ဆိုတာ ရန်သူအဖြစ် သတ်မှတ်လို့ သိမ်းတဲ့သ‌ဘော သက်‌ရောက်တယ်။ ခု အ‌ခြေအ‌နေရဆိုရင် DKBA နဲ့ BGF နှစ်ဖွဲ့ကြားမှာ သ‌ဘော ထားတင်းမာ‌နေတဲ့ အ‌နေအထားမှာရှိတယ်။”ဟု သုံးသပ်‌ပြောဆိုသည်။

တပ်အင်အား (၁၀၀)ဝန်းကျင်ရှိ ဗိုလ်ဘိဦး‌ဆောင်သည့် DKBA အဖွဲ့သည် ပြီးခဲ့သည့် ၂၀၁ဝခုနှစ် ဩဂုတ်လတွင် စစ်အစိုးရ၏ နယ်ခြား‌စောင့်တပ် အသွင်ကူး‌ပြောင်း‌ရေးကို လက်ခံခဲ့ပြီး ၈လအကြာတွင် DKBA အဖြစ်သို့ ပြန်လည်ရပ်တည်လာခဲ့ပြီး လက်ရှိ အချိန်တွင် လှိုင်းဘွဲမြို့နယ် နယ်စပ်‌နေရာတွင် အ‌ခြေချ လှုပ်ရှားလျှက်ရှိသည်။

၎င်းဗိုလ်ဘိအဖွဲ့သည် KNU အ‌နေဖြင့်သာ ပြန်လည်ရပ်တည်မည်ဟု သက်ဆိုင်ရာ KNU စစ်ဘက်ဆိုင်ရာ၊ အရပ်ဘက်ဆိုင်ရာ ‌ခေါင်း‌ဆောင်တချို့နှင့် ‌ဆွေး‌နွေး‌ပြောဆိုခဲ့‌သော်လည်း အမှန်တကယ်တွင် ဗိုလ်ချုပ်‌စောလားပွယ် ဦး‌ဆောင်သည့် DKBA ကလို့ ထူး‌ဘောအဖွဲ့နည်းတူ ဆရာ‌တော်ဦးသုဇန၏ ညွှန်ကြားမှု‌အောက်တွင်သာ လှုပ်ရှား‌နေ‌ကြောင်း သိရသည်။

သို့‌သော် ဗိုလ်မှူးချုပ်‌စောလားပွယ် ဦး‌ဆောင်သည့် DKBA ကလို့ထူး‌ဘောဗျူဟာအဖွဲ့မှာ ယခင်လ ဒီဇင်ဘာလ ၁၁ရက်‌နေ့က ကရင်ပြည်နယ်၊ ဘားအံမြို့တွင် မြန်မာအစိုးရနှင့် အပစ်အခတ်ရပ်စဲ‌ရေး သဘာတူစာချုပ် ချုပ်ဆိုခဲ့သည်။